ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီစံပြကျေးရွာနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) နေ့လယ်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံအရပ်သား ခြောက်ဦး သေဆုံးပြီး ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။
ကမ်းနီးကျေးရွာထဲနှင့် ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးကြဲချခဲ့သည့်အပြင် သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ရွာထဲရှိ ကမ်းနီးကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံဘေးတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကားတစ်စီးထိမှန်သွားသည့်အပြင် ဓမ္မာရုံလည်း ထိမှန်သွားကြောင်း ဒေသခံများက ပြောဆိုသည်။
ဗုံးစထိမှန်ကာ ကလေးအပါအဝင် အမျိုးသမီး၊ အမျိုးသား ခြောက်ဦးသေဆုံးပြီး၊ ရဟန်း၊ ကိုရင်များ အပါအဝင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ၎င်းတို့က ဆိုသည်။
“လေယာဉ်ဗုံးကြဲခံရမှုမှာ သေဆုံးသွားတာက ခြောက်ဦး၊ ၂ နှစ် ၃ နှစ် ကလေးလည်းပါတယ်။ အမျိုးသမီးလည်း ပါတယ်။ ဒဏ်ရာရသူတွေထဲမှာတော့ သံဃာတော်တွေ ကိုရင်တွေလည်း ပါတယ်။ ဒဏ်ရာရသူတွေ အကုန်လုံးကို ဆေးရုံပို့ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကမ်းနီးကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံထိခိုက်ပျက်စီးသွားသည့်အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။






ကော့ကရိတ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့သည် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများထဲကို လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် လေယာဉ်ဖြင့်လည်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။
ဧပြီလ ၁၀ ရက်က ကော့ကရိတ်တောင်ပိုင်း မောင်းမရွာသစ်ရွာထဲကို စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၅၅နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ- ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။
ယင်းအပြင် ဧပြီလ ၈ ရက်ကလည်း ကော့ကရိတ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကော့ကရိတ်တောင်ပိုင်းရှိ အံကောင်၊ ကျိုက်သလိုက်၊ ဒေါက်ပလန်ကျေးရွာများထဲကို ၁၂၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါပစ်ခတ်မှုတွင် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၉ နှစ်နှင့် ၆နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ဒဏ်ရာရသည့်အပြင် နေအိမ် နှစ်လုံးထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။