ယနေ့ ဘန်ကောက်မြို့ရှိ စန်ဖန်းထဝန်းနေရာသို့ သွားကြည့်လိုက်သည်။ BTS မိုးပျံရထားစီးပြီး Saphan Taksin မှတ်တိုင်တွင် ဆင်းပြီး ဘန်ရတ်နယ်မြေရှိ Charoen Krung လမ်းအတိုင်း လမ်းလျှောက်လာပါက ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကို တွေ့မြင်ရသည်။
အနီးအနားက အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ပြုကျောင်းအသီးသီးလည်း ရှိလျက်ပင်။
အရှေ့ကို အနည်းငယ် ဆက်သွားလိုက်လျှင် တရုတ်လူမျိုးအများစု နေထိုင်နေသော တလတ်နွိုင်ကို တွေ့မြင်ရသည်။ တဖက်တွင် ဖာဟူရတ်ဟုခေါ်သည့် အိန္ဒိယလူမျိုးများ၏ နေရာကိုလည်း တွေ့မြင်နိုင်သည်။
စွန်ဝတ်လမ်းအနီးတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ရာ အသိုင်းအဝန်းကိုလည်း တွေ့မြင်ရသည်။ ယင်းနေရာတွင်ပင် မြန်မာအလုပ်သမားများစွာ နေထိုင်လုပ်ကိုင်နေကြသည်။
မြန်မာအလုပ်သမားများက အခန်းငှားနေထိုင်ကြပြီး အနီးအနားတွင် မိမိတတ်ကျွမ်းသည့် ဝန်ဆောင်မှုလုပ်ငန်း၊ ဈေးဆိုင်လုပ်ငန်းနှင့် အခြားလုပ်ငန်းများစွာ ကိုယ်စီ လုပ်ကိုင်နေကြသည်ကို တွေ့မြင်ရသည်။
အခြားပြည်သူများကဲ့သို့ပင် မြန်မာအလုပ်သမားများက အခြေခံအလုပ်သမားများအဖြစ် အချိန်ကြာကြာ မရပ်တည်လိုကြပေ။
ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ရှာဖွေနေကြဆဲဖြစ်သလို မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံထဲတွင် ဘဝတိုးတက်ရေးအတွက် နည်းလမ်းရှာ ကြိုးစားနေကြသူများ ဖြစ်ကြကြောင်း မကေက ပြောသည်။
“အွန်လိုင်းပေါ်မှာတော့ လူတိုင်းက ပြောချင်တာ ပြောကြမှာပဲ။ လက်တွေ့မှာတော့ အချို့ထိုင်းတွေက ကျွန်မတို့ကို အဲလောက်လည်း မမုန်းကြပါဘူး။ ကျွန်မတို့ များများ ရှိနေတာကို လက်မခံကြတာပဲ ရှိတာပါ” ဟု မကေကပြောသည်။
မကေသည် မွန်-မြန်မာလူမျိုးဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်တည်းက ထိုင်းသို့ လာရောက်လုပ်ကိုင်သူဖြစ်သည်။
သူမက ထိုင်းဘာသာ ကျွမ်းကျင်သူဖြစ်ပြီး STAY IN SAMPENG YAOWARAT အုပ်စုထဲတွင် မြန်မာအလုပ်သမားများကို ထိုင်းဘာသာသင်ကြားနေသလို ဘာသာပြန်အဖြစ်လည်း ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။
Friendly Market x bangkok design week 2025 တွင် ပါဝင်လာသော မန္တလေး မီးဖို စားသောက်ပွဲတစ်ခုတွင် မကေနှင့် စကားပြောခွင့် ရခဲ့သည်။
ယင်းပွဲတော်တွင် မြန်မာအလုပ်သမားများက ရိုးရာဝတ်စုံများ ဝတ်ဆင်ပြီး ကြိုးကြိုးစားစား လုပ်ကိုင်နေကြသည်ကို မြင်တွေ့ရခဲ့သည်။
မန္တလေးမီးဖို စားသောက်ဝိုင်းထဲက ‘စိတ်စေရာ’ သီချင်းစာသားများ။
“ကျွန်မတို့ရဲ့ ဒီလိုရိုးရာမုန့်တွေကို ကျွေးရတာရော ကောင်းတယ်လို့ ပြန်ပြောသံတွေကြားရလို့ ကျေနပ်တယ်ပေါ့နော်။ လာတဲ့သူအကုန်လုံးကလည်း ပျော်ရွှင်ကြတယ်။ အစားအသောက်တွေဆိုတာမျိုးက ထိုင်း၊ မြန်မာဆိုပြီး လူမျိုး မခွဲခြားကြဘူး” ဟု မကေက ဆိုသည်။
မကေသည် အသက် ၁၅ နှစ်ခန့်က နခွန်စဝမ်ရှိ အဝတ်အထည်စတိုးဆိုင်တွင် လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။
စတိုးဆိုင်တွင် စတင်လုပ်ကိုင်သောအချိန် ထိုင်းဘာသာစကားကို သင်ကြားခွင့်ရရှိခဲ့သဖြင့် စကားအပြောအဆိုအတွက် အနည်းငယ် အဆင်ပြေခဲ့သည်။
နောက်ပိုင်းတွင် မကေသည် အိမ်အကူနှင့် ကလေးထိန်းအဖြစ် ၆ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး ထိုင်းဘာသာကို သင်ကြားခွင့် ရခဲ့ကြောင်း ပြောသည်။
“ထိုင်းစာကို ဖတ်တတ်ချင်လို့ကို ကျွန်မက ထိုင်းစကားကို သင်ချင်တာ။ ဝတ္ထုတွေဖတ်ရတာ ကြိုက်သလို ထိုင်းဇာတ်ကြောင်းတွေလည်း သိချင်မိလိုပါ” ဟု မကေက ပြောသည်။
ထိုင်းရောက်လာသော မြန်မာအလုပ်သမားအများစုကလည်း ယနေ့ပွဲတွင် တွေ့ရသကဲ့သို့ ထိုင်းယဉ်ကျေးမှုများကြား ရင်းနှီးကျွမ်းဝင်လိုကြကြောင်း ၎င်းက ဆိုသည်။
ယနေ့ပွဲတော်တွင် STAY IN SAMPENG YAOWARAT အုပ်စု၏ ကျောင်းသားလေးများက Loso ၏ ကျိုင်းစန်မား (စိတ်စေရာ) သီချင်းကို ရွေးချယ်ဖျော်ဖြေခဲ့ကြသည်ကို တွေ့ရသည်။
မကေသည် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖွင့်လှစ်ခဲ့သော DEAR Burma Academy ကျောင်းတွင် တက်ရောက်ခဲ့ကြောင်း ဆိုသည်။
သင်တန်းပြီးမြောက်သောအခါ ထိုင်းနှင့် မြန်မာစကားကို ပြောဆိုနိုင်သော သူမအား ကျောင်းတွင် စာပြန်သင်ပေးရန် ကျောင်းအုပ်က ဖိတ်ခေါ်ခဲ့သည်။
ကျောင်းတွင် ၂ နှစ်ကြာ သင်ကြားပေးပြီးနောက် မကေက ပြင်ပကျောင်းများတွင် ကျောင်းတက်ပညာသင်ယူခဲ့ပြီး ၁၂ တန်းပညာရေးကို အောင်မြင်သွားခဲ့ကြောင်း ဆိုသည်။
“ကျွန်မ ဘာသာပြန်တစ်ယောက် ဖြစ်ချင်တာ” ဟု မကေက သူမ၏ အိပ်မက်ကို ပြောပြသည်။
“ကျွန်မကိုယ်တိုင် ထိုင်းလိုရော မြန်မာလိုရော ပြောတတ်ချင်ပြီးတော့ ပိုပိုနားလည်ချင်တယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံသားတွေကို သူတို့မှာ ဘာအခွင့်အရေးတွေ ရှိလဲဆိုတာမျိုးလည်း သိစေချင် ပြောပြချင်တယ်” ဟု မကေက ဆိုသည်။
ယင်းရည်ရွယ်ချက်သည် Miss Fa ဦးဆောင်ထားသော STAY IN SAMPENG YAOWARAT အုပ်စုလှုပ်ရှားမှု၏ မှတ်တိုင်တစ်ခုဖြစ်သည်။
STAY IN SAMPENG YAOWARAT လှုပ်ရှားမှုကို မြို့ပြလူမှုပတ်ဝန်းကျင်များ၏ သုတေသနလုပ်ငန်းများနှင့် ဗိသုကာဒီဇိုင်များကို ထောက်ပံ့ပေးနေသော ပန်းမောင်ကုမ္ပဏီက ဦးစီးဆောင်ရွကပေးခြင်းဖြစ်သည်။
ကြားရက် အလုပ်သမား၊ ပိတ်ရက် ကျောင်းသား STAY IN SAMPENG YAOWARAT လှုပ်ရှားမှုသည် ကိုဗစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း မယ်ဖ က ပြောသည်။
စန်ဖန်းထဝန်းနေရာထဲက အခန်းများထဲ ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အချိန်တည်းက စတင်ခဲ့သည့် လှုပ်ရှားမှုဖြစ်သည်။
မယ်ဖ သည် အလုပ်သမားစဖြစ်ဖြစ်ချင်းတွင် ရည်မှန်းချက် တိတိကျကျမရှိခဲ့ပေ။
“ကျွန်မတို့လို အခန်းငှားထားတဲ့ လူတွေက အလုပ်ပဲ လုပ်ချင်ကြတယ်လေ။ ဒီကနေ နောက်ဆုံးတော့ ရွှေ့ပြောင်းအလုပ်သမားတွေ အင်တိုက် အားတိုက် ဖြစ်လာကြတာပဲ” ဟု မယ်ဖ ကဆိုသည်။
မယ်ဖ နှင့်အတူ အဖွဲ့သားများက အနီးဒေသဝန်းကျင်များကို ကွင်းဆင်းစစ်ဆေးခဲ့သောအခါ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်ခွင့် မရရှိသည်မှာ ဗဟုသုတ မရှိခြင်းမျှ သက်သက်ကြောင့် မဟုတ်ပေ။ အလုပ်သမားများ၏ ကြောက်ရွံ့မှု၊ ကန့်သတ်ချက်များနှင့် ဘာသာစကာအခက်အခဲများကြောင့်လည်း ပါသည်။
ယင်းအချက်ကြောင့် STAY IN SAMPENG YAOWARAT လှုပ်ရှားမှု အုပ်စုက ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းဘာသာစကားသင်ကြားပေးနေခြင်းဖြစ်ကြောင်း ဆိုသည်။
“အလုပ်သမားတွေက ဖျားနာလာရင်တောင် ဆရာဝန်ဆီ မသွားရဲကြဘူး။ ဒါပေမဲ့ သူတို့ ထိုင်းဘာသာစကား အခြေခံလောက် ပြောတတ် နားလည်လာတဲ့အချိန်မှာတော့ ဆရာတွေဆီ သွားပြ ရဲလာကြပါပြီ” ဟု မယ် က ဆိုသည်။
ဘာသာစကားသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခြားလူမှုပတ်ဝန်းကျင်နှင့်အတူ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အရေးကြီးသော အခြေခံအချက်တစ်ခုဖြစ်သည်။
STAY IN SAMPENG YAOWARAT အုပ်စုလှုပ်ရှားမှုက အလုပ်သမားနှင့် ပတ်ဝန်ကျင်ကြား ကြားခံအဆက်အသွယ်တစ်ခုဖြစ်ခဲ့ကြောင်း ပြောသည်။
မြန်မာအလုပ်သမားများအတွက် ဓါတ်ပုံပြပွဲ၊ ကလေးများနေ့၊ အစားအသောက်ပွဲတော်များကဲ့သို့ လှုပ်ရှားမှုများကို ဆောင်ရွက်ပေးနေသည်။
သို့သော်လည်း မြန်မာအလုပ်သမားများအပေါ်ထားသော ထိုင်းလူမှုပတ်ဝန်းကျင်၏ သဘောထားသည် အခြေအနေများပေါ်မူတည်၍ ပြောင်းလဲနေကြောင်း မယ်ဖက ပြောသည်။
“မနှစ်က မီးလောင်တဲ့အချိန် အသိသာဆုံးပဲ။ တော်တော်ပြောင်းလဲသွားတာ” ဟု မယ်ဖက ဆိုသည်။
“ဒီနေရာမှာ မြန်မာအလုပ်သမားတွေ အများဆုံး နေထိုင်နေကြတာလေ။ လူတွေကတော့ ထင်တာပေါ့။ မီးစလောင်လာတာ မြန်မာတွေကြောင့်လို့” ဟု မယ်ဖကဆိုသည်။
သို့သော်လည်း ပတ်ဝန်းကျင်၏ စိတ်ထင်ကြေးများက ကြာရှည်မဟုတ်ခဲ့ပေ။
ထိုင်းလူမှုပတ်ဝန်းကျင်က မြန်မာအလုပ်သမားများနှင့် STAY IN SAMPENG YAOWARAT မှ တစ်ဆင့် မကြာခဏ အပြန်အလှန်ထိတွေ့ဆက်ဆံမှု များလာသောအခါ ရွှေ့ပြောင်းအလုပ်သမားများကို ပြန်လက်ခံလာကြကြောင်း ဆိုသည်။
“အခုတော့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ချီးကျူးတာ အသိအမှတ်ပြုတာတွေ များလာနေပြီ။ ဒေသခံတွေက မြန်မာအလုပ်သမားတွေကို အလုပ်လုပ်ဖို့ ကမ်းလှမ်းတာမျိုး သူတို့နဲ့ တွဲလုပ်ဖို့ ဖိတ်ခေါ်တာမျိုးတွေ ပြန်စလာတယ်ပေါ့နော်” ဟု မယ်ဖက ဆိုသည်။
STAY IN SAMPENG YAOWARAT အုပ်စုတွင် ထိုင်းစာသင်ယူနေသူအများစုမှာ ဆယ်ကျော်သက်များမှ အသက် ၃၀ အရွယ်များအထိ ရှိကြသည်။
သင်တန်းလာတက်သော အလုပ်သမားများကလည်း စိတ်ဆန္ဒရှိသူများဖြစ်ပြီး သူတို့ကိုယ်တိုင် တိုးတက်လိုသူများဖြစ်ကြောင်း ဆိုသည်။
SAMPENG YAOWARAT ဒေသတွင် မြန်မာအလုပ်သမားအများစုက ညဘက် စားသောက်ဆိုင် အလုပ်သမားများဖြစ်သည်နှင့်အညီ အလုပ်ပြီးသောအချိန် မနက် ၈ နာရီ နောက်ပိုင်း သင်တန်းသို့ လာပြီး ထိုင်းစာနှင့်အတူ အခြားလှုပ်ရှားမှုများကို ဆောင်ရွက်လေ့ရှိကြောင်း မယ်ဖက ပြောသည်။
“သူတို့ နေထိုင်နေရင်းနဲ့ ပိုပြီး သတ္တိရှိလာတယ်။ ရဲရဲတင်းတင်း ပြောဆိုတတ်လာတယ်။ သူတို့ဘဝတွေ ပိုတိုးတက်လာတာပေါ့” ဟု မြန်မာအလုပ်သမားများ၏ ထိုင်းစကား တိုးတက်ပြောင်းလဲလာမှုအကြောင်းကို မယ်ဖ က ဆိုသည်။
“အရင်က သူတို့က အခန်းထဲမှာ ပြောဆိုလုပ်ကိုင်နေရင်းကနေ တစ်ဆင့်တက်ပြီး လုပ်ငန်းခွင်ထဲ ဈေးထဲအထိ တိုးတက်လာမယ်။ နောက်ထပ် ရာဝလတ်ထဲက ဈေးဝယ်စင်တာများထဲ ပြောတတ်တဲ့အထိ တိုးတက်လာကြတယ်” ဟု မယ်ဖ ကဆိုသည်။
လက်ရှိတွင် ထိုင်းစကားသင်ကြားနေသော မြန်မာအလုပ်သမားအများစုက ၎င်းတို့၏ အခွင့်အရေးများကို သိရှိနေပြီဖြစ်ကြောင်း ဆိုသည်။
အထူးသဖြင့် နာမကျန်းဖြစ်ပါက ဆေးကုသခွင့်နှင့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအနေဖြင့် ရပိုင်ခွင့်များကို သိရှိနေပြီဖြစ်ကြောင်း ဆိုသည်။
မန္တလေးမီးဖို စားသောက်ဝိုင်းကျင်းပပြီးသောအခါ STAY IN SAMPENG YAOWARAT လှုပ်ရှားမှုအုပ်စုက ၎င်းတို့၏ သင်တန်းသားများကို ထိုင်းအုပ်စုများနှင့်အတူ မီးဘေးအန္တရာယ်ပညာပေးသင်ခန်းစာများကို သင်ကြားပေးခဲ့ပြီး မကေက ထိုင်း-မြန်မာ ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။
“လက်ရှိ အချို့တွေရဲ့ အမုန်းတရားလှုံ့ဆော်မှုတွေက ကျွန်မတို့က ထိုင်းမှာ နေရထိုင်ရ ခက်စေတယ်ပေါ့နော်။ ကျွန်မတို့က ကျွန်မတို့ကို လက်ခံတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်ထဲမှာ နေနေကြတာ။ အွန်လိုင်းပေါ်က ဝေဖန်တာ အမုန်းတရား လှုံ့ဆော်တာတွေကို ဖတ်မိရင်တော့ နည်းနည်း စိတ်မကောင်းဖြစ်မိတယ်။ ငါ့တို့ကို ဘာလို့ လက်မခံနိုင်ရတာလဲပေါ့” ဟု မယ်ဖ က ဆိုသည်။
စီးပွားရေးလုပ်ငန်းများ၏ အမြင်
“ယခုအချိန်မှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းစီးပွားရေးကဏ္ဍတွေမှာ အရေးကြီးနေတုန်းပဲ။ အထူးသဖြင့် လုပ်အားတွေ သုံးရတဲ့ စက်မှုလုပ်ငန်းတွေမှာပေါ့။ စီးပွားရေးလုပ်ငန်းတွေကို မေးရမယ့် မေးခွန်းတစ်ခုရှိတယ်။ ဘာလဲဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ အခွင့်အရေးတွေ ရရှိအောင် လေးလေးစားစားနဲ့ သေသေချာချာ ဆောင်ရွက်ပေးနေရဲ့လားဆိုတာပဲ” ဟု ဒေါက်တာ Netithorn Praditsan က ဆိုသည်။
ဒေါက်တာ Netithorn Praditsan သည် United Nations Global Compact (UNGC) ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ် ဒါရိုက်တာချုပ်တစ်ဦးလည်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင် ၁၂၅ ဦးနှင့်အတူ အလုပ်သမားပေါင်း ၁ ဒသမ ၅ သန်းကျော်ဖြင့် ဖွဲ့စည်းထားသေား စီးပွားရေးအဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။
ထိုင်းနိုင်ငံသည် လက်ရှိအချိန်အထိ စီးပွားရေးလုပ်ငန်းများအတွက် အခြေခံအလုပ်သမားအပြင် ကျွမ်းကျင်လုပ်သားများလည်း လိုအပ်နေသေးကြောင်း သူက ဆိုသည်။
နိုင်ငံခြားသားအလုပ်သမားများက ထိုင်းပြည်သူများ၏ အလုပ်ကို ခိုးယူနေသည်ဟု အများစု ယူဆနေသည့်အပေါ် ဒေါက်တာ Netithorn Praditsan က မေးခွန်းထုတ်သည်။
“ထိုင်းနိုင်ငံတော်လိုအပ်ချက်နဲ့ အလုပ်သမားစွမ်းရည်တွေကြား ကွာဟမှုတွေ နိုင်ငံလူဦးရေနည်းပါးမှု စိန်ခေါ်ချက်တွေကိုရော ကျွန်တော်တို့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလားပေါ့။ ဒါတွေကို ဖြည့်ဆည်းဖို့ဆို ထိုင်းအလုပ်သမားတွေကိုယ်တိုင် စွမ်းရည်တွေ မြှင့်တင်ပြီး အဆင်သင့်ဖြစ်နေရမယ်လေ” ဟု ဒေါက်တာ Netithorn Praditsan ကဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသည် အခြေခံမှ ကျွမ်းကျင်လုပ်သားအဆင့်အထိ အလုပ်သမားလိုအပ်မှု ပြဿနာရှိနေဆဲဖြစ်သဖြင့် ယင်းအချက်ကို စီးပွားရေးလုပ်ငန်းများက စိုးရိမ်နေဆဲဖြစ်ကြောင်း သူက ထောက်ပြသည်။

အကယ်၍ ရွှေ့ပြောင်းအလုပ်သမားများက နေရပ်ပြန်သွားသည်ဖြစ်စေ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်သည်ဖြစ်စေ ရွေးချယ်မှုများ ရှိလာနိုင်သဖြင့် ထိုင်းနိုင်ငံအနေဖြင့် မည်သို့ ရှေ့ဆက် မည်နည်းဟု ဒေါက်တာ Netithorn Praditsan က မေးခွန်းထုတ်သည်။
“ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအရ စိန်ခေါ်မှုတွေ ရှိနေဆဲဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ ပြည်သူတွေက အသက်ကြီးလာတဲ့အချိန်ဖြစ်စေ ကလေးမွေးဖွားနှုန်း လျော့လာတဲ့အချိန်ဖြစ်စေ အလုပ်သမားတွေကို ဘယ်နေရာ သွားရှာရမလဲပေါ့” ဟု ဒေါက်တာ Netithorn Praditsan က ဆိုသည်။
ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများတွင် အလုပ်သမားအခွင့်အရေးများကို ပိုမိုထည့်သွင်း စဉ်းစားလာကြကြောင်း ၎င်းက ပြောသည်။
United Nations Global Compact အရ နိုင်ငံတကာစည်းမျဉ်း ၁၀ ချက်အထိ ရှိသည်။ ယင်းဆယ်ချက်သည် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု၊ အလုပ်သမားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် လာဘ်စားမှုပပျောက်ရေး စသော အခန်းကဏ္ဍ လေးချက်ပေါ်တွင် မူတည်နေကြောင်း ဆိုသည်။
“နိုင်ငံတကာစည်းမျဉ်းအရတော့ လုပ်ငန်းခွင်တိုင်းမှာ ညီမျှတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ မြန်မာဆိုရင် ၅၀ ရာခိုင်နှုန်းပဲ သင်ပေးမယ်။ ထိုင်းဆိုရင် ၁၀၀ ရာခိုင်နှုန်း သင်ပေးမယ်ဆိုတာမျိုး သွားလုပ်လို့တော့ မရဘူး။ အလုပ်သမားတွေ စွမ်းရည်မြှင့်တင်ပေးတဲ့နေရာတွေမှာ ထိုင်းနဲ့ မြန်မာတွေဆိုပြီး ခွဲခြားလို့ မရဘူး” ဟု ဒေါက်တာ Netithorn Praditsan က ဆိုသည်။
ရွှေ့ပြောင်းအလုပ်သမား ခန့်ထားရေးလုပ်ငန်းစဉ်များတွင်လည်း အလုပ်ရှင်က ကျခံပေးသော စည်းမျဉ်းများအတိုင်း ဥပဒေအရ ခန့်အပ်နိုင်ရေး အဖွဲ့အစည်းက တစ်ဆင့် တွန်းအားပေးကြောင်း ၎င်းက ဆိုသည်။
သင့်လျော်သော အလုပ်ခန့်ထားမှုဖြစ်စေရန် အလုပ်သမားတင်သွင်းသော ကုမ္ပဏီများနှင့်ပူးပေါင်း၍ အလုပ်သမားရှာဖွေခြင်းလုပ်ငန်းများအား သင်ကြားမှုများ ပြုလုပ်ခြင်း၊ တရားဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ သုံးသပ်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။
ယင်းသို့ လုပ်ဆောင်ခြင်းက တရားမဝင် အကျိုးခံစားမှုရယူခြင်းနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ မဖြစ်စေရန် ကာကွယ်နိုင်ဖြစ်ကြောင်း ဒေါက်တာ Netithorn Praditsan က ပြောသည်။
“အသေးစားလုပ်ငန်းရှင်တွေရဲ့ ဘဝကတော့ မလွယ်ကူဘူးပေါ့။ အလုပ်ရှင်ဆိုတာ အလုပ်သမားတွေကနေ အကျိုးအမြတ်ရယူလိုစိတ်မျိုး မရှိရဘူး။ ဒါပေမယ့်လည်း ဥပဒေအသစ်တွေ စည်းမျဉ်းအသစ်တွေက စီးပွားရေးလုပ်ငန်းတွေကို ခက်ခဲစေတယ်။ အထူးသဖြင့် အသေးစားလုပ်ငန်းတွေကိုပေါ့” ဟု ဒေါက်တာ Netithorn Praditsan ကဆိုသည်။
လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းသည် ဥပဒေ၏ အခြေခံအချက်ဖြစ်သော်လည်း လူ့အခွင့်အရေးစည်းမျဉ်းများအရ အလုပ်သမားများအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဆိုပါက ငွေကြေးကုန်ကျ ပိုမိုများပြားလာကြောင်း ဒေါက်တာ Netithorn Praditsan က ပြောသည်။
လူ့အခွင့်အရေးနှင့် ပက်သက်၍ အလုပ်သမားများအပေါ် ဆောင်ရွက်ပေးမည့် ကုန်ကျစရိတ်များကို စီးပွားရေးလုပ်ငန်းကြီးများက ကျခံနိုင်သော်လည်း တနိုင်တပိုင် အသေးစားလုပ်ငန်းများအတွက်မူ ရုန်းကန်ရမည်ဖြစ်ကြောင်း ပြောသည်။
ထို့ကြောင့် လုပ်ငန်းခွင်များတွင် အလုပ်ရှင်အားလုံးက အလုပ်သမားအခွင့်အရေးအတိုင်း ဦးစားပေးလုပ်ဆောင်ပေးရန် မလွယ်ကူကြောင်း ဒေါက်တာ Netithorn Praditsan က ပြောသည်။
“တကယ်လို့ ထိုင်းစီးပွားရေး တိုးတက်လိုရင် အလုပ်သမားလုံလောက်ရှိခြင်းက အဓိကအချက်ပဲ။ အရေအတွက်အရရော စွမ်းဆောင်ရည်အရရောပေါ့။ စီးပွားရေးအရ လိုအပ်သလိုပဲ လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာဖို့ လိုအပ်သေးတယ်” ဟု ဒေါက်တာ Netithorn Praditsan က ဆိုသည်။
စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေးအရ လုပ်ဆောင်နိုင်ရေး အလုပ်ခွင်တွင်းနှင့် ရာထူးအပေါ်အအောက် အဆင့်ဆင့်အထိ အင်တိုက်အားတိုက် ဦးစားပေးဆောင်ရွက်သင့်ကြောင်း ဒေါက်တာ Netithorn Praditsan က အနှစ်ချုပ်ပြောသည်။
တချိန်တည်းတွင် အစိုးရအနေဖြင့် အလုပ်သမားများအတွက် အခွင့်အရေးနှင့် ကာကွယ်မှုများ အပြည့်အဝရရှိလာရန် နည်းလမ်းအမျိုးမျိုးသုံး၍ ဆောင်ရွက်ပေးရမည့် တာဝန်ရှိနေကြောင်း ဒေါက်တာ Netithorn Praditsan က ဆိုသည်။
နိုင်ငံရေးသမားများ၏ အမြင်
“ချွန်ဘူရီမှာဆိုရင် မြန်မာအလုပ်သမားတွေအများကြီး။ သူတို့က ထိုင်းတွေကြားထဲမှာပဲ နေနေခဲ့ကြတာ တော်တော်ကြာလာနေပြီလေ” ဟု Sahasawat Khumkhong က ဆိုသည်။
Sahasawat Khumkhong သည် အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီ၏ လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ချွန်ဘူရီဒေသတွင် ရွှေ့ပြောင်းအလုပ်သမားအခြေအနေများကို လေ့လာစောင့်ကြည့်နေသူတစ်ဦးလည်းဖြစ်သည်။
ချွန်ဘူရီခရိုင်၏ လူမှုပတ်ဝန်းကျင်တွင် ရွှေ့ပြောင်းအလုပ်သမားများက အုပ်စုလိုက် အတူတကွ နေထိုင်နေကြသည်ကို တွေ့ရကြောင်း ဆိုသည်။
အလုပ်သမား ထောင်ချီ ဈေးသက်သာသော အခန်းများထဲတွင် ပြည့်နှက်စွာ နေထိုင်လာကြသဖြင့် ပတ်ဝန်းကျင်၏ တိုင်ကြားချက်များကိုလည်း စတင်လက်ခံရကြောင်း Sahasawat Khumkhong ကပြောသည်။
“အရက်သောက်တာ၊ ဆူညံကြတာ၊ ကွမ်းစားတာ၊ တံတွေးထွေးတာကအစ လာတိုင်ကြတာမျိုးရှိတယ်။ အခြားအလုပ်တွေလည်း ခိုးလုပ်နေတာမျိုးတွေလည်း ပါတယ်” ဟု Sahasawat Khumkhong က ဆိုသည်။
ထိုင်းဥပဒေအရ ပြဌာန်းထားသော တားမြစ်လုပ်ငန်းအချို့သည် လက်ရှိအချိန်တွင် ခေတ်ဟောင်းနေပြီဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းလူမျိုးများကြား ပဋိပက္ခများ လျော့နည်းလာစေရန် ပြန်လည်လေ့လာ၍ ဆွေးနွေးသင့်ပြီဖြစ်ကြောင်း သူက ပြောသည်။
“အချို့ရွှေ့ပြောင်းအလုပ်သမားတွေမှာ အသိအမှတ်ပြုပေးရမယ့်အရာတွေ ရှိနေတယ်။ သူတို့က ထိုင်းစီးပွားရေးမှာ အရေးကြီးတယ်။ ဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေကို စနစ်တကျ စီမံခန့်ခွဲပြီး မှတ်ပုံတင်ပေးရမယ်ဆိုတာကို ပြည်သူ့ပါတီအနေနဲ့ ရှင်းရှင်းလင်းလင်းပြောရဲတယ်” ဟု Sahasawat Khumkhong က ဆိုသည်။
အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ လက်ရှိ လုပ်ကိုင်နေသော အလုပ်များကို သိရှိနိုင်ရန်အတွက်ဖြစ်ကြောင်း သူက ရှင်းပြသည်။
သို့မှသာ မည်သည့်လုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်အပ်နိုင်မည်၊ ထိုင်းလူမျိုးများအတွက်လည်း မည်သည့်အလုပ်များကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ကို သိရှိနိုင်ကြောင်း သူက ပြောသည်။
“ဒါက လက်ရှိမှာ ငြင်းလို့ မရပါဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေသာ ပျောက်သွားကြည့်ပါလား။ လုပ်ငန်းအများကြီး ပျက်စီးသွားနိုင်တယ်လေ။ ငါးဖမ်းလုပ်ငန်းနဲ့ ဆောက်လုပ်ရေးကတော့ အဓိက လုပ်လို့ မရလောက်တော့ဘူး” ဟု Sahasawat Khumkhong က ဆိုသည်။
ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် စီးပွားရေးစနစ်အရ ရွှေ့ပြောင်းအလုပ်သမားများကို ဂရုစိုက်ရမည်ဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားများက ထိုင်းအလုပ်သမားများနှင့် တန်းတူအခွင့်အရေးများ ရသင့်ကြောင်း သူက ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများ အလုပ်စဝင်ကတည်းက ထည့်ထားသော လူမှုဖူလုံရေးရန်ပုံငွေသည်လည်း ထိုင်းနိုင်ငံသားများနှင့်အတူ တန်းတူ အခွင့်အရေးများ ခံစားပိုင်ခွင့်ရှိကြောင်း ပြောသည်။
ယင်းအချက်မှာ ရွှေ့ပြောင်းအလုပ်သမားများက ထိုင်းနိုင်ငံသားများနှင့် တန်းတူ အခွင့်အရေးများ ရရှိနေခြင်းမဟုတ်ဘဲ ပြည်သူများက နားလည်မှု မလွဲကြဖို့ Sahasawat Khumkhong က ထောက်ပြသည်။
“ပထမဆုံး ထိုင်းလူမျိုးတွေအတွက် အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို ခွဲကြည့်ကြရမှာ ဖြစ်တယ်” ဟု Sahasawat Khumkhong က ဆိုသည်။
မြန်မာနိုင်ငံတွင်း ပဋိ့ပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသော အလုပ်သမားများကို ထိုင်းနိုင်ငံအနေဖြင့် လက်ခံထားရသကဲ့သို့ ထိုင်းစီးပွားရေးကလည်း ရွှေ့ပြောင်းအလုပ်သမားများပေါ်တွင် မှီခိုအားထားနေရသည်ကို နိုင်ငံသားများကိုယ်တိုင် လက်ခံရမည့်အချက်ဖြစ်ကြောင်း Sahasawat Khumkhong က ထောက်ပြသည်။
မန္တလေးမီးဖို စားသောက်ပွဲတော်တွင် ပြောကြားခဲ့သော မကေအကြောင်း ပြန်ပြောရလျှင် သူမသည် ထိုင်း-မြန်မာနယ်စပ်က စန်ခရာဘူရီဒေသတွင် ငယ်ငယ်ကတည်းက နေထိုင်ခဲ့ဖူးသဖြင့် မကေ၏ ဘဝက မြန်မာတွင်နေသောအချိန်ထက် ထိုင်းတွင်နေသောအချိန်က ပိုများနေသည်။
ယခုအချိန်၌ မကေတွင် ထိုင်းတွင် နေထိုင်လုပ်ကိုင်နေရင်း ရင်သွေးတစ်ဦး ရရှိထားပြီဖြစ်သည်။
သူမကလေးသည် ထိုင်းတွင် ကြီးပြင်းရမည်ဖြစ်သော်လည်း အနာဂတ်တွင် အခွင့်အရေးရှိပါက တတိယနိုင်ငံသို့ စေလွှတ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မကေက ပြောသည်။
“ကလေးကြီးလာရင် မြန်မာနိုင်ငံမှာတော့ ထပ်မမြင်ချင်တော့ဘူး။ ထိုင်းမှာနေပြန်တော့လည်း အခွင့်အရေးတွေ မရ။ အနာဂတ်တွေ ဆုံးရှုံးရတယ်” ဟု မကေက ဆိုသည်။
အကယ်၍ ထိုင်းနိုင်ငံကသာ မြန်မာနိုင်ငံသားများအပေါ် အခွင့်အရေးပေးလာပြီး ဥပဒေများ ပြောင်းလဲလက်ခံလာပါက အခြေအနေအရ ပြောင်းလဲသွားနိုင်ကြောင်း မကေက ပြောသည်။
“ကျွန်မတို့လည်း ကလေးတွေကို ထိုင်းမှာပဲ ဆက်နေစေချင်တာပါ။ ကျွန်မတို့လည်း ထိုင်းမှာပဲ့ ကြီးလာတဲ့သူဆိုတော့လေ ဒုတိယအိမ်လိုပဲ။ ဘာသာစကားအရရော ယဉ်ကျေးမှုအရရော ထိုင်းတွေနဲ့ရော ရင်းနှီးနေပြီ။ ထိုင်းမှာနေရတာ နေသားကျနေပြီ။ မြန်မာမှာတောင် နေသားမကျဘူး” ဟု မကေက ပြောသည်။
ဆောင်းပါးကို UNDP Media Fellowship on Sustainable Development အစီအစဉ်အောက်က ထုတ်ထားပြီး ထိုင်းဘာသာဖြင့် TODAY သတင်းဌာနတွင် ပထမအကြိမ် ဖော်ပြပြီးဖြစ်သည်။