ထားဝယ်က နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ ပုဂ္ဂလိကဖျော်ဖြေမဏ္ဍပ်တွေ မပါရှိဘဲ စစ်ကောင်စီ မဏ္ဍပ်တွေပဲ ရှိခဲ့ပါတယ်။
သင်္ကြန်အကြိုနေ့ကစ၍ သင်္ကြန်အတက်နေ့အထိ စစ်ကောင်စီက စီစဥ်ထားတဲ့ ဖျော်ဖြေရေးမဏ္ဍပ် သုံးခုနဲ့ ကျင်းပခဲ့တာပါ။ အဲဒီထဲက ဗဟိုမဏ္ဍပ်မှာပဲ လာရောက်ရေကစားသူတွေ များခဲ့ပါတယ်။
အခုနှစ်သင်္ကြန်မှာ စစ်ကောင်စီက မြို့နယ်အဆင့်ဖျော်ဖြေရေးမဏ္ဍပ်တွေကို တည်ဆောက်ခြင်း မပြုတော့ဘဲ ထားဝယ်မြို့ပေါ် ရှိတဲ့ တိုင်းရဲတပ်ဖွဲ့ရုံးအနီးမှာပဲ မဏ္ဍပ်တွေ ဆောက်လုပ်ခဲ့တာပါ။





စစ်ကောင်စီက သင်္ကြန်မတိုင်မီကတည်းက သင်္ကြန်စည်ကားစေဖို့အတွက် သင်္ကြန်လည်မယ့်သူတွေကို ငွေပေးငှားရမ်းတာတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ထားဝယ်မြို့တွင်းမှာ ကလေးသင်္ကြန်ရက် ဧပြီ ၁၁ ရက်ကတည်းစ၍ ရေကစားသူတွေရှိခဲ့ပေမယ့် ကိုဗစ်မတိုင်မီ ကာလကဲ့သို့ စတုဒီသာမဏ္ဍပ်၊ ပုဂ္ဂလိကမဏ္ဍပ်နှင့် အုန်းလက်ရေကစားမဏ္ဍပ်တွေနဲ့ စည်စည်ကားကား ကျင်းပကြတာကိုတော့ မတွေ့ရတော့ ပါဘူး။
သင်္ကြန်ရက်တွေအတွင်းမှာဆိုရင် ထားဝယ်မြို့အဝင်ဂိတ်တွေအနီးမှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ကင်းပုန်တွေ ညအိပ်စောင့်နေကြတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အလားတူ တနင်္သာရီတိုင်းအတွင်းက မြိတ်မြို့၊ ကော့သောင်းမြို့နဲ့ ဘုတ်ပြင်းမြို့တွေမှာလည်း စစ်ကောင်စီ စီစဥ်တဲ့ မဏ္ဍပ်တွေက လွဲလို့ တခြားမဏ္ဍပ်တွေ မရှိခဲ့ဘူးလို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ထားဝယ်မြို့က နှစ်သစ်အတာသင်္ကြန်ပွဲတော်ဟာ ယနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့မှာ စစ်ကောင်စီ တိုင်းအစိုးရ၏ မဏ္ဍပ်ပိတ်ပွဲ ကျင်းပခဲ့ပါတယ်။ မဏ္ဍပ်ပိတ်ပွဲ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။