သင်္ကြန်ကာလ ဧပြီလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများနှင့် လဝကများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီလ ၁၄ ရက်က ရနောင်းခရိုင် ကပေးဒေသအတွင်းရှိ တောထဲတွင် ပုန်းနေပြီး ကားစောင့်နေသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၇ဦးတို့ကို ထိုင်းခြေမြန်တပ်ရင်း အမှတ် (၂၅) က ဖမ်းဆီးခဲ့သည်။
ဓါတ်ပုံများအရ ဖမ်းဆီးခံရသူများတွင် ကလေးငယ်များလည်း ပါဝင်နေသည်ကို တွေ့ရသည်။
ဧပြီလ ၁၁ ရက်ကလည်း ရနောင်းခရိုင် ကရဘူရီဒေသတွင် အိမ်စီးကားတစ်စီးပေါ်လိုက်ပါလာသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ခုနစ်ဦးတို့ ထိုင်းနိုင်ငံသား ကားသမားနှင့်အတူ ဖမ်းဆီး ခံရသည်။
ဖမ်းဆီးခံရသူများသည် ရန်ကုန်မှ လာရောက်သူများဖြစ်ပြီး ခရီးစဉ်အတွက် မြန်မာပွဲစားများကို တစ်ဦးလျှင် ဘတ် ၅၂၀၀၀ စီ ပေးချေထားပြီးဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။
ဧပြီလ ၁၂ ရက်နေ့ကလည်း တာခ့်ခရိုင် မယ်လမတ်ဒေသတွင် ပစ်ကပ်ကားဖြင့် လိုက်ပါလာသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့သေးသည်။
မြန်မာနိုင်ငံသားများသည် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ကားအရှေ့နှင့် နောက်တွင် အိပ်၍ လိုက်ပါလာသည်ကို တွေ့ရှိရကြောင်း ထိုင်းလဝက က ထုတ်ပြန်ထားသည်။
ယင်းအပြင် ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ တာခ့်ခရိုင်အတွင် နိုင်ငံကူးလက်မှတ်မရှိဘဲ ဝင်ရောက်နေထိုင်နေသော မြန်မာနိုင်ငံသား ခြောက်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တာခ့်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအားလုံးကို သက်ဆိုင်ရာ နယ်မြေရဲစခန်းများသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သော မတ်လက ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား ၁၁၀၀ ကျော်အထိ ဖမ်းဆီးခံခဲ့ရသည်။
Ref: Tak Immgration, ฉก.ร.25