ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာအနီး ပင်လယ်ပြင်တွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံအချို့ထံမှ သိရသည်။
မတ်လ ၁၃ ရက် ည ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများပါဝင်သည့် အင်အား ၆၀ ခန့်နှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။
ရေတပ်စစ်သင်္ဘော နှစ်စင်း၊ စက်လှေ (ဒေသအခေါ် သားပေါက်) နှစ်စီးနှင့် မိုင်းတွေးကျေးရွာမှ ပျူစောထီးများ စီးနင်းလိုက်ပါလာသည့် ဖိုင်ဘာလှေငယ် သုံးစီးတို့နှင့်အတူ ချီတက်လာသည့် စစ်ကောင်စီတပ်နှင့် ၁၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုဖြစ်ကြောင်း ဖော်ပြသည်။
“သူတို့က (ကျွန်းစု ပကဖ တဖွဲ့ဝင်တွေလာမှာကို) ကြိုလာစောင့်နေတော့ ချရတာပေါ့” ဟု ကျွန်းစုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။
တော်လှန်ရေးတပ်ဘက်ကမူ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
ကျွန်းစုမြို့နယ် ပကဖ တပ်ဖွဲ့ဝင်များ လာရောက်မည်ကို စစ်ကောင်စီက ကြိုတင်သတင်းရသည့်အတွက် အလစ်အငိုက် တိုက်ခိုက်ရန် လာရောက်စောင့်ဆိုင်းနေချိန် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“သတင်းရလို့ ကြိုလာစောင့်နေတဲ့ပုံစံမျိုးပဲဗျ။ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေလည်း ပစ်နေကြတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဝန်တောင်ရွာအနီး၌ စစ်သင်္ဘောတစ်စင်းသာချန်နေခဲ့ပြီး ကျန်သည့် စစ်သင်္ဘောနဲ့ လှေငယ်များ ပြန်ဆုတ်သွားပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ကျွန်းစုမြို့နယ်၏ နယ်မြေအများစုမှာ ပင်လယ်တွင်းရှိ ကျွန်းများဖြစ်ကြပြီး လက်ရှိတိုက်ပွဲဖြစ်ပွားသည့်ဒေသမှာ တနင်္သာရီမြို့၏ အနောက်ဘက်တည့်တည့်တွင် တည်ရှိသည်။