BREAKING
March 16, 2025

မြန်မာကျောင်းသားသေဆုံးမှုအပေါ် ထိုင်းတက္ကသိုလ်ဘက်ကတုံ့ပြန်မှု မိသားစုဝင်များ ကျေနပ်မှုမရ

March 16, 2025

ပုံစာ - ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၂၂ ရက်က ကိုမင်းဘုန်းစစ်၏ နာရေးအခမ်းအနားအားတွေ့ရစဉ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တက္ကသိုလ်ဝင်းထဲ သေဆုံးခဲ့သော မြန်မာကျောင်းသားအမှုနှင့်ပက်သက်၍ ဝမ်းနည်းကြောင်း Assumption University ဘက်က ယနေ့တွင် ထုတ်ပြန်သည်။

သေဆုံးသူ အသက် ၂၃ နှစ်အရွယ် မြန်မာကျောင်းသား ကိုမင်းဘုန်းစစ်၏ ညီဖြစ်သူကို စာသင်နှစ် ပထမနှစ်ဝက်အတွက် ကျောင်းလခ ကင်းလွတ်ခွင့်ပေးကြောင်းလည်း ဖော်ပြသည်။

သေဆုံးသူ၏ ညီဖြစ်သူကမူ ကိုမင်းဘုန်းစစ် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး တက္ကသိုလ်ဘက် တိကျသော ကူညီလုပ်ဆောင်ပေးမှု မရှိသေးသဖြင့် ကျေနပ်မှုမရှိကြောင်း Facebook လူမှုကွန်ရက်တွင် ပြန်လည်တုံ့ပြန် ရေးသားထားသည်။

“အခုချိန်ထိတော့ ကျွန်တော် ကျေနပ်အောင်ထိ action လုပ်ပေးနိုင်တာမျိုးမရှိသေးဘဲ စုံစမ်းစစ်ဆေးမယ် ပြောနေတုန်းပဲ ရှိပါသေးတယ်။ Scholarship ပေးမယ်ဆိုတာကလည်း ကျွန်တော် အဲဒီကျောင်းမှာ ဆက်တက် မတက် မသေချာတာမလို့ ဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ လားလားမှ မအပ်စပ်ဘဲ မရောင်ရာဆီလူးနေတယ်ပဲမြင်မိတယ်” ဟု ညီဖြစ်သူက ရေးသားထားသည်။

သေဆုံးသူ၏ ညီဖြစ်သူနှင့် တက္ကသိုလ်ဘက်က တာဝန်ရှိသူများက မတ်လ ၁၃ ရက်တွင် ဆွေးနွေးခဲ့ပြီးနောက် Assumption University ဘက်က မတ်လ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

သို့သော် ဆွေးနွေးခဲ့သည့်အတိုင်း ထုတ်ပြန်ချက်ထဲတွင် ပါမလာသေးသဖြင့် အမှန်လိုအပ်နေသော အကူအညီများကို တက္ကသိုလ်ဘက်က ကူညီဖြေရှင်းပေးစေလိုကြောင်း ညီဖြစ်သူက ရေးသားထားသည်။

မတ်လ ၁၃ရက်က ဆွေးနွေးခဲ့သော အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကိုမင်းဘုန်းစစ်၏ ညီဖြစ်သူကို ဆက်သွယ်မေးမြန်နိုင်ရန် Dawei Watch က ကြိုးစားနေဆဲဖြစ်သည်။

တက္ကသိုလ်၏ ထုတ်ပြန်ချက်ထဲတွင် ကိုမင်းဘုန်းစစ် သေဆုံးခဲ့မှုအတွက် မိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြောင်း ဖော်ပြထားသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အရေးပေါ်ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် တက္ကသိုလ် ဒုတိယဥက္ကဋ္ဌနှစ်ဦးနှင့် စီမံရေးရာ တာဝန်ရှိသူများပါသော အဖွဲ့တစ်ခု ဖွဲ့စည်းထားပြီး တာဝန်ပေးထားကြောင်း ဖော်ပြသည်။

ကိုမင်းဘုန်းစစ်သည် ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၁၈ ရက်က Assumption University တက္ကသိုလ်ဝင်းထဲတွင် ဆိုင်ကယ်ဖြင့် ကျောင်းတက်လာချိန် မျဉ်းသေဖြတ်မောင်းလာသော ကားတစ်စီးဖြင့် ဝင်တိုက်ပြီးနောက် နှစ်ရက်အကြာ ဆေးရုံ၌ သေဆုံးခဲ့သည်။

ကားတိုက်မှုဖြစ်သောအချိန်တွင် ကျောင်းဝင်းထဲက အရေးပေါ်ကူညီရေးကားသည် ဘီးပေါက်နေသကဲ့သို့ CCTV ကင်မရာ များကလည်း အလုပ်မလုပ်ခဲ့ကြောင်း ညီဖြစ်သူက မတ်လ ၁၂ ရက်တွင် Dawei Watch သို့ ဖြေကြားထားသည်။

တက္ကသိုလ်ဘက်က ဒဏ်ရာရနေသော မြန်မာကျောင်းသားအတွက် အရေးပေါ်ကူညီဆောင်ရွက်ပေးခြင်းမရှိသလို ကားသမားက ပေးသော နာရေးစရိတ် ဘတ် ၂၀,၀၀၀ ကိုလည်း တက္ကသိုလ်တာဝန်ရှိသူများက ကိုမင်းဘုန်းစစ် မိသားစုဝင်များထံ အတင်းပေးခဲ့ကြောင်း ညီဖြစ်သူက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Assumption University ကို Dawei Watch က Email ကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ တက္ကသိုလ်ဝင်းထဲရှိ အရေးပေါ်ကားသည် ဘီးပေါက်နေသဖြင့် တက္ကသိုလ်နှင့် ချိတ်ဆက်ထားသော ဆေးရုံက အရေးပေါ်ကားကို အကူအညီလှမ်းတောင်းရာ အရေးပေါ်ကားများ မအားမလပ်ဖြစ်ခဲ့ကြောင်း မတ်လ ၁၄ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။

1669 အရေးပေါ်ဌာနက ပို့ပေးလိုက်သော ကားမှာလည်း အသက်ကယ်ပစ္စည်းများနှင့် အခြားဆေးပစ္စည်းများမပါသော ကားဖြစ်နေခဲ့ကြောင်း ဖြေကြားသည်။

ထို့ကြောင့် ကိုမင်းဘုန်းစစ်၏ ဒဏ်ရာများကို အချိန်မီကုသပေးရန် အကန့်အသတ်ရှိနေခဲ့ကြောင်း Assumption University ဘက်က ဖြေကြားခဲ့သည်။

ကားသမားက မိသားစုဝင်များကို နာရေးစရိတ် ထောက်ပံ့လိုသဖြင့် တက္ကသိုလ်ဘက်က ကြားခံပေးဆောင်ခြင်းသာဖြစ်ပြီး ဥပဒေအရ ‌ကျောင်းသားသေဆုံးမှုအတွက် လျော်ကြေးလက်ခံပေးရန် မိသားစုဝင်များကို ပေးဆောင်ခြင်းမရှိကြောင်း ဖြေကြားထားသည်။

ယခုဖြစ်စဉ်ကြောင့် တက္ကသိုလ်ဝင်းထဲရှိ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းသားများ၏ လုံခြုံရေးပိုင်းကိုလည်း ပိုမိုဂရုစိုက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

လက်ရှိတွင် ကိုမင်းဘုန်းစစ် သေဆုံးချိန် သုံးလကျော်လာသော်လည်း ကားသမားက အရေးယူခံရခြင်း မရှိသေးသဖြင့် အမှုမှန် ရရှိရေး ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ညီဖြစ်သူက မတ်လ ၁၂ရက်တွင် ပြောဆိုထားသည်။