BREAKING
March 16, 2025

ရွှေ့ပြောင်းလုပ်သား မရှိတော့တဲ့တစ်နေ့ ထိုင်းစီးပွားရေး

March 16, 2025

ထိုင်းနိုင်ငံတွင် နိုင်ငံသားများ မလုပ်လိုသော အလုပ်အမျိုးအစား သုံးမျိုးရှိသည်။ 3Ds ဟုခေါ်သော Dirty (ညစ်ပတ်သော) ၊ Dangerous (အန္တရာယ်ရှိသော) ၊ Difficult (ခက်ခဲသော) အလုပ်များပင်။

ယင်းအလုပ်များကို ထိုင်းနိုင်ငံသား အနည်းစုသာ လုပ်ကိုင်နေကြပြီး အများဆုံးဝင်ရောက်လုပ်ကိုင်နေသူများက မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။

ထိုင်းလုပ်ငန်းရှင်အများစုက ထိုင်းအလုပ်သမားကို ရှာမတွေ့သလို ကုန်ကျစရိတ်လည်း သက်သာစေရန် ရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ခန့်ထားကြပြီး ၎င်းတို့၏ အားကို မှီခိုလျက် လုပ်ငန်းလည်ပတ်နေကြသည်။

ထိုင်းနိုင်ငံသားအများစုကလည်း 3Ds အလုပ်များသည် ၎င်းတို့နှင့် မကိုက်ညီသည့်အပြင် အန္တရာယ်များပြီး ညစ်ပတ်အနံ့ပြင်းသဖြင့် လုပ်ကိုင်ရန် ဆန္ဒမရှိပေ။

“တကယ်လို့ ထိုင်းစီးပွားရေးစနစ်လို ရွှေ့ပြောင်းအလုပ်သမားတွေကိုသာ မှီခိုနေရတဲ့ စီးပွားရေးစနစ်တစ်ခုကို သေချာ စီမံနိုင်မှု မရှိဘူးဆိုပါစို့။ ထိုင်းနိုင်ငံကလည်း ဈေးသက်သာတဲ့ အလုပ်သမားတွေကို မှီခိုပြီး ဆက်သွားနေမယ်ဆိုရင် စီးပွားရေးစနစ်အဆင့် ၂ (Economy 2.0) နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်တယ်။ ခေတ်မီနည်းပညာတွေကို သုံးဖို့ မစဉ်းစား ကြသေးဘူးဆိုရင်တော့ တိုးတက်လာဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေဦးမှာပဲ” ဟု ဒေါက်တာ ကီရီယ ကယ်ကွန်ကာ (Dr. Giriya Kulkolkar) က ဆိုသည်။

ဒေါက်တာ Giriya Kulkolkar သည် ထာ့မစက်တက္ကသိုလ်၏ စီးပွားရေးပညာဌာနက ပါမောက္ခတစ်ဦးဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ နှစ် ၂၀ ကြာ သုတေသနလုပ်နေသူတစ်ဦးလည်း ဖြစ်သည်။

ပုံစာ – ကီရီယ ကယ်ကွန်ကာ (Dr. Giriya Kulkolkar)

ရွှေ့ပြောင်းအလုပ်သမားများသည် ဆောက်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း များတွင် အတိတ်နှင့် ပစ္စုပ္ပန်နှစ်ကာလစလုံး အရေးကြီးခဲ့သည်၊ အရေးကြီးနေဆဲဟု ယုံကြည်သူတစ်ဦးလည်း ဖြစ်သည်။

စီးပွားရေးစနစ်အဆင့် ၂ (Economy 2.0) သည် ၁၉ ရာစုနှင့် ၂၀ ရာစုတွင် အသုံးပြုမှုများပြီး လုပ်သားအင်အားကို အသုံးပြု၍ အရေအတွက်များများ ထုတ်လုတ်ဖြန့်ချိသော စီးပွားရေးစနစ်တစ်ခုဖြစ်သည်။

၂၀၀၅ ခုနှစ် ပြင်သစ် ဘောဂဗေဒပညာရှင် Fhilip Martin သုတေသနပြုချက်အရ ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံ လုပ်သားအင်အား၏ ၅ ရာခိုင်နှုန်းရှိပြီး နိုင်ငံကုန်ထုတ်လုပ်ရေးအပေါ် ၃ ဒသမ ၁ မှ ၆ ဒသမ ၂ ရာခိုင်နှုန်းအထိ သက်ရောက်မှု ရှိကြောင်း ဖော်ပြသည်။

၂၀၂၃တွင် ရွှေ့ပြောင်းအလုပ်သမား အချိုးအစားသည် စုစုပေါင်း အလုပ်သမားအင်အား၏ ၆ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း ဖော်ပြသည်။ ရွှေ့ပြောင်းအလုပ်သမားများသည် စီးပွားရေးကဏ္ဍတိုင်းလိုလိုတွင် အရေးပါသူများ ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများ ရှိနေသဖြင့် ထိုင်းနိုင်ငံက ဘယ်လိုအကျိုးတွေ ရရှိနေသနည်း။ ထိုင်းစီးပွားရေးစနစ်က အခြေခံ လုပ်သားကို အားကိုးနေရသော နေ့များတွင် ဘယ်လိုအခွင့်အရေးများ ဆုံးရှုံးနေသနည်း။ ယင်းကိုလည်း ဆက်ကြည့်ရန်လိုသည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးပါမှု

“ရွှေ့ပြောင်းအလုပ်သမားတွေ မရှိတော့တဲ့တစ်နေ့ကျရင် ထိုင်းစီးပွားရေးကတော့ အချိန်ခဏလောက် ရပ်တန့်သွားမှာပဲ။ စီးပွားရေးလုပ်ငန်းအများစုကတော့ ထိုင်းအလုပ်သမားတွေကို ရှာမတွေ့လို့ ဆက်လည်ပတ်နိုင်တော့မှာ မဟုတ်ဘူး” ဟု ဒေါက်တာ ကီရီယက ဆိုသည်။

ထိုင်းနိုင်ငံတွင် သက်ကြီးဦးရေများ ပိုများလာနေပြီး လာမည့်နှစ်များအတွင်း အသက် ၆၀ နှစ်အထက်ဦးရေသည် ပိုများလာတော့မည်ဖြစ်ကြောင်း ဒေါက်တာ ကီရီယက ဆိုသည်။

လာမည့် ၂၀၃၃ ခုနှစ်တွင် အသက် ၆၀ နှစ်အထက်ဦးရေသည် နိုင်ငံ့လူဦးရေ၏ ၂၈ ရာခိုင်နှုန်းအထိ ရှိလာတော့မည်ဟု ဆိုသည်။ ထိုင်းစီးပွားရေးစနစ်ကို ပြန်ကြည့်လျှင် အလုပ်သမားလိုအပ်ချက်က ပိုများနေဆဲပင်။

အထူးသဖြင့် ကလေးမွေးဖွားနှုန်းကျဆင်းနေသော ထိုင်းနိုင်ငံအတွက် ပြည်ပအလုပ်သမား ခေါ်ယူခန့်အပ်ခြင်းက လိုအပ်နေဆဲဖြစ်ကြောင်း ဒေါက်တာ ကီရီယက ထောက်ပြသည်။

“အခုချိန် ထိုင်းနိုင်ငံမှာ ပြည်တွင်းအလုပ်သမားတွေ မလုံလောက်သေးဘူးဆိုတာ ကျွန်တော်တို့ ဝန်ခံရမယ်။ နိုင်ငံထဲမှာ ထိပ်တန်းကျွမ်းကျင်လုပ်သားတွေလည်း မရှိသေးဘူး။ ဘယ်သူကမှ အခြေခံအလုပ်တွေကိုလည်း သွားမလုပ်ချင်ကြဘူး။ အများစုက အလယ်အလတ် အလုပ်သမားတွေပဲ ဖြစ်နေကြတယ်” ဟု ဒေါက်တာ ကီရီယက ဆိုသည်။

နယ်စပ်နိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံက အခြေခံအလုပ်သမားများသည် နေရပ်နိုင်ငံတွင် အလုပ်ရှာ၍ မရသည့်အချိန် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ရွေးချယ်လာနေကြသည်။

နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ပထဝီအနေအထားအရ လုံးဝကွဲပြားသွားခြင်းမရှိသည့်အချက်နှင့်အတူ အခြားအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လုပ်အားခပိုမိုရရှိနေခြင်းကြောင့် ဖြစ်သည်။

“ထိုင်းနိုင်ငံက လုပ်ငန်းအများစုက အခြေခံအလုပ်သမားတွေကို လိုအပ်နေဆဲပဲ။ စက်ရုံတွေဖြစ်ဖြစ် အလုပ်ရုံတွေ ဖြစ်ဖြစ်ပေါ့။ အိမ်အလုပ်တွေဖြစ်တဲ့ ကလေးထိန်းဖို့၊ လူကြီးပြုစုဖို့ဆိုလည်း ထိုင်းလူငယ်တွေအများစုက မလုပ်ကြဘူး” ဟု ဒေါက်တာ ကီရီယက ဆိုသည်။

အခြေခံအလုပ်သမား လိုအပ်ချက်ရှိနေသည့်အချိန် အခြားတဖက်တွင် ထိုင်းလူမှုပတ်ဝန်းကျင်က များပြားလာသော မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအား အမုန်းတရားလှုံ့ဆော်နေမှုများလည်း ရှိနေပြန်သည်။

ရွှေ့ပြောင်းအလုပ်သမားများ ပိုများလာနေခြင်းသည် ထိုင်းလူမှုပတ်ဝန်းကျင်အတွက် ဝန်ထုပ်ဝန်ပိုး ပိုများစေသဖြင့် ဝေဖန်မှုများ ဆက်တိုက်မြင့်တက်လာနေခြင်းဖြစ်သည်။

ယင်းပြဿနာကြောင့် ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်သော ထိုင်းဘဏ္ဍာရေး အကျပ်အတည်း အကြောင်းကို ၂၀၁၉ ခုနှစ်က ဒေါက်တာ ကီရီယက လေ့လာခဲ့ပြီးဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် Work Permit ကဲ့သို့ အလုပ်လုပ်ခွင့်လက်မှတ်၊ ကျန်းမာရေးအာမခံ၊ ကျန်းမာရေးစစ်ဆေးမှု၊ လူမှုဖူလုံရေးကတ်များနှင့် အခွန်များအတွက် ကုန်ကျစရိတ်များ ပေးချေပြီး နေထိုင်ကြသည်။

ထိုင်းအစိုးရဘက်က ရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေး၊ ကလေးပညာရေးနှင့် လူမှုဖူလုံရေးများအတွက် ပြန်လည်ကျခံပေးရသည်ဆိုသော်လည်း အမှန်တကယ် ကုန်ကျစရိတ်က ပိုနည်းကြောင်း ဒေါက်တာ ကီရီယက ပြောသည်။

“လေ့လာမှုရလဒ်ကတော့ ထိုင်းအစိုးရဘက်က စိုက်ထုတ်ပေးရတဲ့ ကုန်ကျစရိတ်ထက် အကျိုးအမြတ်က ပိုများနေတယ်။ ဒါကြောင့် ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေထံကနေ ပိုမိုကောက်ခံထားတယ်ဆိုတဲ့သဘော သက်ရောက်တယ်” ဟု ဒေါက်တာ ကီရီယက ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားအရေအတွက် ပိုများလာမှုကြောင့် ပြည်သူ့ကျန်းမာရေးဌာနက ဘဏ္ဍာရေးအခြေအနေ သက်ရောက်မှု အများဆုံးဖြစ်နိုင်သည်။

သို့သော်လည်း ရွှေ့ပြောင်းအလုပ်သမားအများစုက ကျန်းမာရေးကောင်းမွန်ပြီး အလုပ်လုပ်ကိုင်နိုင်သော လူငယ်လူရွယ်များ ဖြစ်သည့်အချက်ကို မေ့ထား၍ မရကြောင်း ဒေါက်တာ ကီရီယက ပြောသည်။

ဆေးရုံများတွင် ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ပိုများလာပါက ဝန်ထုပ်ဝန်ပိုးပြဿနာ ကြုံတွေ့လာနိုင်သကဲ့သို့ ဆေးရုံလာပြသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်မည်ဖြစ်သည်။

သို့သော်လည်း နိုင်ငံခြားသား အများဆုံး ပြသနေသော ဆေးရုံများက နယ်စပ်ဆေးရုံများတွင်ဖြစ်ပြီး အများစုက ရွှေ့ပြောင်း အလုပ်သမားများထက် နယ်စပ်ဖြတ်ကျော်၍ ဆေးကုသလာကြသူများဖြစ်ကြောင်း ဒေါက်တာ ကီရီယက ပြောသည်။

ပြဿနာများကို ပြေလည်စေရန် ရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းပြည်သူများကြား မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဒေါက်တာ ကီရီယက ပြောသည်။

“ပြဿနာကို ဖြေရှင်းဖို့ဆိုပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို (ဆေးရုံက) ပြန်လွှတ်ဖို့ မဟုတ်ဘူး။ ရွှေ့ပြောင်း အလုပ်သမား တွေအတွက် အစိုးရဘက်က သေသေချာချာ ကိုင်တွယ်ပြီး‌ ဖြေရှင်းပေးရမှာ ဖြစ်တယ်။ ထိုင်းတွေ အတွက်လည်း ပဋိပက္ခတွေ ပြဿနာတွေ မဖြစ်စေဖို့ စီမံပေးရမယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်လည်း မျှမျှတတ ဆောင်ရွက်ပေးရမယ်” ဟု ဒေါက်တာ ကီရီယက ဆိုသည်။

ဥပမာအားဖြင့် မြန်မာအလုပ်သမားအများစုရှိသော စမွတ်စခွန်ဆေးရုံကြီးတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် သီးခြားဆေးခန်းများ ထားရှိပေးထားသည်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် သီးခြားစီစဉ်ပေးထားခြင်းသည် ဆေးရုံလာပြသော ထိုင်းလူမျိုးအများစုအတွက် မကျေမနပ်မှုများကို သက်သာစေကြောင်း ဒေါက်တာ ကီရီယက ထောက်ပြသည်။

အချုပ်ဆိုရသော် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံ၏ အလုပ်သမားလိုအပ်ချက်ကို အများဆုံး ကူညီဖြည့်ဆည်းပေးသူများဖြစ်သည်။

နောက်ထပ် ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း လျော့နည်းစေပြီး အလုပ်သမားအင်အားဖြင့် လည်ပတ်နေသော လုပ်ငန်းများအတွက် ယှဉ်ပြိုင်မှုများ ရှိလာသဖြင့် အခြေခံလုပ်အားခ ပိုမို မြင့်တက်လာနေသည်ကို တွေ့ရှိလာရသည်။

အထူးသဖြင့် အသက်ကြီးပိုင်း လူဦးရေများနေသော ထိုင်းနိုင်ငံအတွက် လုပ်သားလိုအပ်ချက် ပြဿနာနှင့် စီးပွားရေး အကျိုးအမြတ် ပြဿနာများကို သက်သာအောင် ကူညီပေးသူများ ဖြစ်သည်။

သို့သော်လည်း အခြေခံအလုပ်သမားများကိုသာ မှီခိုနေရသော ထိုင်းစီးပွားရေးစနစ်က နည်းပညာများကိုအသုံးပြုမှု နည်းပါး နေသေးသဖြင့် ရေရှည်တွင် တိုင်းပြည်စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေမည်ဖြစ်ကြောင်း ဒေါက်တာ ကီရီယက ပြောသည်။

ရွှေ့ပြောင်းလုပ်သားများကိုသာ မှီခိုနေရသော ထိုင်းနိုင်ငံက ဘာတွေ ဆုံးရှုံးမလဲ

“အခုချိန်မှာ ထိုင်းနိုင်ငံရဲ့ လုပ်ငန်းတွေက စီးပွားရေး အဆင့် ၂ (Economy 2.0) မှာပဲ ရှိနေသေးတယ်။ ဘာလို့လဲဆို ဈေးသက်သာတဲ့ အခြေခံအလုပ်သမားတွေကို အလွယ်တကူ သုံးလို့ရနေတုန်းဖြစ်လို့။ အလုပ်ရှင်တွေက ခေတ်မှီတဲ့ နည်းပညာတွေ အသုံးမပြုသေးဘူးလေ” ဟု ဒေါက်တာကီရီယက ဆိုသည်။

စီးပွားရေးအဆင့် ၂ စက်မှုလုပ်ငန်းများဆိုသည်မှာ ချည်ထည်စက်ရုံနှင့် ငါးသေတ္တာစက်ရုံကဲ့သို့ စားသောက်ကုန် ထုတ်စက်ရုံအများစုက ကျွမ်းကျင်လုပ်သားနှင့် ခေတ်မီနည်းပညာများကို အသုံးပြုစရာမလိုသော လုပ်ငန်းများကို ဆိုလိုသည်။

စားသောက်ကုန်ထုတ်လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သမားများ လိုအပ်နေဆဲဖြစ်သည်ကို ဝန်ခံကြောင်း ဒေါက်တာ ကီရီယက ပြောသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသည် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများစာရင်းတွင် လှောင်ပိတ်မိနေစေသည်။
စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးပြီးနိုင်ငံသို့ တိုးတက်လိုပါက စာချုပ်အလုပ်သမားများထက် ကိုယ်ပိုင်အဆင့်မြင့်နည်းပညာများ၊ စက်ပစ္စည်းများကို ပိုမိုအသုံးပြုရမည်ဖြစ်သည်။

နည်းပညာမြင့်သော ခေတ်မီစက်ကိရိယာများကို လုပ်ငန်းများတွင် အစားထိုးအသုံးပြုရမည်ဖြစ်သည်။

သို့သော်လည်း စီးပွားရေးအဆင့် ၄ (Economy 4.0) သို့ တိုးတက်လိုပါက ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်ခန့်မှု ရပ်တန့်လိုက်ရန်ဆိုလိုခြင်းမဟုတ်ဘဲ ၎င်းတို့ကိုအသုံးပြု၍ ကျွမ်းကျင်အလုပ်သမားဖြစ်စေရန် လေ့ကျင့်ပေးရမည် ဖြစ်သည်။

စင်ကာပူနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲမှုအရ စီးပွားရေးလိုအပ်ချက်အပေါ်မူတည်ပြီး လုပ်ငန်းတစ်ခုချင်းစီတွင် ရွှေ့ပြောင်းအလုပ်သမားများကို အရေအတွက်လိုက် ခန့်ထားကြောင်း ဒေါက်တာ ကီရီယက ပြောသည်။

“တကယ်လို့ စက်မှုလုပ်ငန်းတွေမှာ ခေတ်မီစက်ပစ္စည်းတွေကို သုံးထားတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း အလုပ်ခန့်ထားရန် ကုန်ကျစရိတ်တွေ ပိုများလာမှာပဲ” ဟု ဒေါက်တာ ကီရီယက ဆိုသည်။

စီးပွားရေး တိုးတက်ကောင်းမွန်နေသော စင်ကာပူနိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမားပေါ်လစီသည် ထိုင်းနိုင်ငံ၏ ပေါ်လစီများနှင့် မတူညီကြောင်း ဒေါက်တာ ကီရီယက ဥပမာပေးသည်။

စင်ကာပူနိုင်ငံသည် အခြေခံအလုပ်သမားများထက် ကျွမ်းကျင်အလုပ်သမားများကိုသာ ပိုမိုခေါ်ယူပြီး ခန့်အပ်နေသည်။
နိုင်ငံခြားသား အလုပ်သမားများကို ခန့်အပ်ရာတွင်လည်း အလုပ်သမားအရေအတွက် ကန့်သတ်ချက်နှင့် လုပ်ငန်း အမျိုးအစားပေါ်မူတည်၍ လစာများကိုလည်း စင်ကာပူနိုင်ငံက သတ်မှတ်ထားပြီးဖြစ်သည်။

ဥပမာအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံခြားသားအရေအတွက် ခန့်အပ်မှု ပိုများပြီး ဝန်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံခြားသားအရေအတွက် အသုံးပြုမှု နည်းပါးသည်ကို တွေ့နေရသည်။

ထို့အပြင် လုပ်ခလစာများလည်း လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူတည်၍ ကွာခြားကြပြီး ကျွမ်းကျင်အလုပ်သမားများကို အလုပ်ရှင်က လုပ်အားခများ ပိုပေးရမည်ဖြစ်သည်။

ထိုင်းနိုင်ငံကလည်း ရွှေ့ပြောင်းအလုပ်သမားများကို လုပ်ငန်းစွမ်းဆောင်ရည် မြင့်တက်လာစေရန် ဆောင်ရွက်ပေးသင့်ကြောင်း ဒေါက်တာ ကီရီယက ပြောသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေကိုက အလုပ်ခန့်ဖို့ လိုအပ်နေတုန်းပဲ။ ဒါပေမဲ့ သူတို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးဖို့လိုသလို သူတို့တိုးတက်သွားအောင် အခွင့်အရေးပေးဖို့လည်း လိုနေတယ်။ ဒီလိုမျိုး အခြေခံအလုပ်တွေမှာပဲ ကျွမ်းကျင်မှုမရှိဘဲ ဆက်မလုပ်ခိုင်းသင့်တော့ဘူး” ဟု ဒေါက်တာ ကီရီယက ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားများကို မုန်းတီးရေးလှုံ့ဆော်နေသော ထိုင်းလူမှုပတ်ဝန်းကျင်ကြောင့်လည်း ရွှေ့ပြောင်း အလုပ်သမားများက အရည်အချင်း တိုးတက်လာမှုမရှိတော့သဖြင့် အခြေခံအလုပ်သမားများသာ ဆက်ဖြစ်စေနေကြောင်း ၎င်းက ထောက်ပြသည်။

အိမ်နီးချင်းနိုင်ငံများက ထွက်ပြေးလာသော ကျွမ်းကျင်အလုပ်သမားများစွာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်ကို ထိုင်းလူမှုပတ်ဝန်းကျင်နှင့် အစိုးရဘက်က မေ့ပျောက်ထားကြောင်း ဒေါက်တာ ကီရီယက ပြောသည်။

“နိုင်ငံတော်တော်များများက စီးပွားရေးအဆင့် ၄ (Economy 4.0) ကို တိုးတက်လာဖို့ ကြိုးစားနေကြတယ်။ ပြည်ပနိုင်ငံ တွေကနေ ကျွမ်းကျင်လုပ်သားတွေကို ခေါ်ယူခန့်အပ်နေတယ်။ ထိုင်းနိုင်ငံမှာကျတော့ အခြေခံ အလုပ်သမားတွေကိုသာ လက်ခံနေသေးတယ်။ ကျွမ်းကျင်လုပ်သားတွေ ခေါ်ယူဖို့ အခုထိ ပေါ်လစီတွေ စည်းမျဉ်းတွေ မရှိနေသေးဘူး” ဟု ဒေါက်တာ ကီရီယက ဆိုသည်။

လက်ရှိတွင် ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်ဖြစ်စေရန် ကနဦး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဒေါက်တာ ကီရီယက အကြံပြုသည်။

အလုပ်သမားများကိုလည်း ကျွမ်းကျင်လုပ်သား၊ အခြေခံလုပ်သား စသဖြင့် ခွဲခြားစိတ်ဖြာ၍ စီမံခန့်ခွဲသင့်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် ရေရှည်စီးပွားရေးစီမံကိန်းများကို ချမှတ်ကာ လုပ်ငန်းခွင်များ ပိုမိုတိုးတက်လာစေရန်အတွက် ကျွမ်းကျင်လုပ်သားများ ခန့်အပ်နိုင်ရေး စီမံဆောင်ရွက်သင့်ပြီဖြစ်ကြောင်း ဒေါက်တာ ကီရီယက အကြံပြုသည်။

“လက်ရှိ အိမ်နီးချင်းနိုင်ငံတွေက ပညာတတ်လူငယ်တွေရဲ့ အခွင့်အရေးတွေကိုလည်း မြင်တွေ့နေရတာပဲ။ သူတို့က ထိုင်းကို လာပြီး အလုပ်လုပ်ကိုင်နေကြတယ်။ ဒါကြောင့် ထိုင်းပတ်ဝန်းကျင်တွေဘက်ကလည်း မျက်စိပွင့် နားဖွင့်ထားသင့်ပြီ။ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်စေမယ့် ပတ်ဝန်ကျင်မျိုး လုပ်ငန်းခွင်တွေမျိုး မျှမျှတတ ဖန်တီးပေးသင့်နေပြီ” ဟု ဒေါက်တာ ကီရီယက ဆိုသည်။

နှစ်ဦးနှစ်ဖက် အကျိုးရှိ

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားအများစုက လူငယ်များဖြစ်ပြီး နိုင်ငံတော်အား အခွန်ဆောင်သူများ ဖြစ်သည်။
၎င်းတို့၏ သားသမီးအများစုကလည်း ထိုင်းပညာရေးစနစ်အောင်တွင် ပညာသင်ကြားနေကြသည်။

တစ်နေ့တွင် ကလေးငယ်များက ထိုင်းနိုင်ငံထဲ အလုပ်ပြန်လုပ်မည့်သူများဖြစ်သကဲ့သို့ အချို့ကလည်း ထိုင်းနိုင်ငံသားများပင် ဖြစ်လာကြမည်ဖြစ်သည်။

အနာဂတ်တွင် ထိုင်းနိုင်ငံ ဖွံဖြိုးတိုးတက်လာစေရန် ဝင်ရောက်ကူညီမည့်သူများဖြစ်ပြီး ထိုင်းနိုင်ငံအတွက် အနာဂတ် လူသားအရင်းအမြစ်များ ဖြစ်ကြောင်း ဆိုနိုင်ပေသည်။

သို့သော်လည်း ရွှေ့ပြောင်းအလုပ်သမားများ မုန်းတီးရေးလှုံ့ဆော်သူများက ယင်းအခွင့်အရေးများကို ပိတ်ပင်တားဆီး နေသည်ကိုလည်း တွေ့ရသည်။

အကယ်၍ ထိုင်းအစိုးရအဖွဲ့က အလုပ်သမားစည်းမျဉ်းများ ချမှတ်ပြီး ပွင့်ပွင့်လင်းလင်း ဆောင်ရွက်မည်ဆိုပါက မုန်းတီးရေး လှုံ့ဆော်မှုများ လျော့နည်းလာမည်ဖြစ်ကြောင်း ဒေါက်တာ ကီရီယက အကြံပြုသည်။

သို့သော်လည်း လက်ရှိတွင် ရွှေ့ပြောင်းအလုပ်သမား စည်းမျဉ်းများက ရှုပ်ထွေးနေပြီး နေရာတိုင်းတွင် လာဘ်စားမှုနှင့် ငွေညှစ်မှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရကြောင်း ပြောသည်။

“တကယ်လို့သာ အလုပ်သမားအားလုံးကို တရားဝင် စနစ်အောက်သွင်းမယ်ဆိုရင်ပေါ့။ ဒါဆိုရင် အလုပ်သမားတွေလည်း လုံလုံခြုံခြုံ အလုပ်လုပ်နိုင်သလို အလုပ်အတည်တကျလည်း ရသွားမယ်။ တဖက်မှာ ထိုင်းနိုင်ငံသားတွေလည်း လုံခြုံလာပြီး နိုင်ငံတော်က အခွန်တွေ ကောက်လို့ရမယ်” ဟု ဒေါက်တာ ကီရီယက ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားများကို စီမံဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကလည်း ထိုင်းဌာနဆိုင်ရာပေါင်းစုံ အတူတူပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ဒေါက်တာ ကီရီယက ထောက်ပြသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လဝကဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ အားနည်းချက်မှာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ထောက်ပြသည်။

အကျိုးဆက်အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ရေတိုလုပ်ငန်းစဉ်များသာ ချမှတ်နေကြသည်ကို တွေ့မြင်နေရသည်။

အထူးသဖြင့် ရေတို အလုပ်သမားမှတ်ပုံတင်ရေး စည်းမျဉ်းများသာ ချမှတ်နေပြီး ရေရှည်လုပ်ငန်းစဉ်များဖြစ်သော အလုပ်သမား စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် စီမံဆောင်ရွက်ရေးအတွက် ချမှတ်ထားခြင်းမရှိနေပေ။

ယခုကာလတွင် ထိုင်းစီးပွားရေးစနစ်သည် နောက်ထပ်ရွေးချယ်ခွင့်မရှိဘဲ အခြေခံအလုပ်သမားများဖြစ်သော ရွှေ့ပြောင်းအလုပ်သမားများကိုသာ မှီခိုနေရဦးမည်ဖြစ်သည်။

ထို့ကြောင့် ရေရှည်လုပ်ငန်းစဉ်များတွင် လုပ်ငန်းရှင်များအနေဖြင့် ခေတ်မီနည်းပညာနှင့် စက်ပစ္စည်းများကို အသုံးပြုနိုင်ရန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါက်တာ ကီရီယက အကြံပြုသည်။

“တကယ်လို့ ထိုင်းနိုင်ငံက စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နေတဲ့ စီးပွားရေးအဆင့် ၄ (Economy 4.0) ကို သွားချင်ရင် ရွှေ့ပြောင်းအလုပ်သမားတွေကို မှီခိုနေတာကို လျှော့ချဖို့က အရေးကြီးတဲ့အချက်ပဲ။ အလုပ်သမားစွမ်းဆောင်ရည်တွေ မြှင့်တင်ပေးဖို့လည်း လိုတာပေါ့” ဟု ဒေါက်တာ ကီရီယက ဆိုသည်။

ဆောင်းပါးကို UNDP Media Fellowship on Sustainable Development အစီအစဉ်အောက်က ထုတ်ထားပြီး ထိုင်းဘာသာဖြင့် TODAY သတင်းဌာနတွင် ပထမအကြိမ်ဖော်ပြပြီးဖြစ်သည်။

မူရင်းဆောင်းပါးလင့်(ခ်) –https://workpointtoday.com/the-need-to-employ-migrant-workers-in-thailand-755306/