အမေရိကန်ပြည်ထောင်စုက ယီမင်နိုင်ငံအခြေစိုက် ဆာနာမြို့နှင့် အခြားမြို့များက ဟူသီသူပုန်များကို မတ်လ ၁၅ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဟူသီလက်နက်ကိုင်များက ပင်လယ်နီတစ်ကြော ကူးလာသော ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုများကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာက ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနေခဲ့သဖြင့် အမေရိကန်ဘက် တိုက်လေယာဉ်များအပါအဝင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။
ယခုတိုက်ခိုက်မှုသည် ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း အကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ဟူသီသူပုန်များအားလုံး သေမင်းထံ ပို့ဆောင်သွားမည်ဟုလည်း ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။
နောက်ထပ် ဟူသီသူပုန်များကို ကျောထောက်နောက်ခံပေးနေသော အီရန်ကိုလည်း ချက်ချင်းရပ်တန့်ရန် သတိပေးထားသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ယီမင်နိုင်ငံတွင် လူ ၃၁ ဦး သေဆုံးပြီး ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီအဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။
ယခုအမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဟူသီအဖွဲ့က ပြောကြားထားသည်။
ဟူသီသူပုန်အဖွဲ့က အစ္စရေး-ဟားမတ်စ်စစ်ပွဲတွင် ဟားမတ်စ်အဖွဲ့များကို ထောက်ခံကြောင်း ပြသလိုသည့်အနေဖြင့် ပင်လယ်နီထဲ ဖြတ်သွားသော သင်္ဘောများကို ဆက်တိုက် တိုက်ခိုက်နေခြင်းဖြစ်သည်။
ဥရောပနိုင်ငံအများစုက အိန္ဒိယသမုဒ္ဒရာဘက်သို့ ကုန်စည်ပို့ဆောင်ရန်အတွက် ပင်လယ်ရေကြောင်းကုန်သွယ်ရေးတွင် စူးအက်တူးမြောင်းမှတစ်ဆင့် ပင်လယ်နီဒေသကို ဖြတ်ကျော်နေရခြင်းဖြစ်သည်။
ပင်လယ်နီထဲ တိုက်ခိုက်မှုများကြောင့် ဥရောပနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေး ၁၅ ရာခိုင်နှုန်းအထိ ထိခိုက်လာခဲ့ပြီး ကုန်တင်သင်္ဘောများကလည်း ပင်လယ်နီကို ရှောင်ရှား၍ ခရီးပိုရှည်သော အာဖရိကပတ်လမ်းကို အသုံးပြုနေရခြင်းဖြစ်သည်။
Ref: Aljazeera, REUTERS, BBC