BREAKING
March 16, 2025

လူထုအကျပ်အတည်းကြား တော်လှန်ဘဏ္ဍာတည်ဆောက်ရေး

March 16, 2025

ပြည်သူ့ အကျပ်အတည်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၁ စစ်အာဏာသိမ်းမှုသည် မြန်မာ့စီးပွားရေးကို ဒူးဆစ်မှရိုက်ချိုးလိုက်လေသည်။ စစ်အာဏာမသိမ်းမီ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၂၀၀၅ ခုနှစ်တွင် ထက်ဝက်ခန့် ရှိရာမှ ၂၀၁၇ ခုနှစ်တွင် လေးပုံတစ်ပုံသို့ ကျဆင်းခဲ့သည်။

အရပ်သားအစိုးရလက်ထက်တွင် ထိုကဲ့သို့ဆင်းရဲမွဲတေမှု နည်းပါးလာသော်လည်း ၂၀၂၁ စစ်အာဏာသိမ်းအပြီးတွင် ၅၅ သန်းသော ပြည်သူလူထု၏ ထက်ဝက်ကျော်သည် ဆင်းရဲတွင်းနွံထဲသို့ ပြန်ဆင်းသွားသည်။ ကျန်ရှိသော ၄၀ ရာခိုင်နှုန်းကျော်မှာလည်းပြေလည်ချောမွေ့နေသည်မဟုတ်ပါ။ လူမှုစီးပွားပျက်ကပ်ကို နည်းလမ်းမျိုးစုံနှင့် ခုခံရင်ဆိုင်နေရသည်။

စစ်အာဏာမသိမ်းမီက တရိပ်ရိပ်တက်နေသော မြန်မာ့စီးပွားရေးသည် ငါးနှစ်ကြာသောအခါ ၂၀၂၅ ခုနှစ်တွင် အနှုတ်ဘက်သို့ပင် ပြန်ရောက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

မြန်မာ့စီးပွားရေး ဦးမော့လာသည်ဟု စစ်ခေါင်းဆောင်က မည်သို့ဆိုဆို ထိုအချက်လက်များက စကားပြောနေသည်။ ပြည်တွင်းနေ မြန်မာပြည်သူလူထုတို့၏ဘဝသည် တရစ်ချင်း ပိုမိုကျပ်တည်းလာသည်။

စစ်ခေါင်းဆောင်သည် ပြည်ပရောက် အလုပ်သမားများထံမှလည်း ရသမျှနည်းလမ်းမျိုးစုံနှင့်အကျပ်ကိုင်၍ ဝင်ငွေများကိုခေါင်းပုံဖြတ်ခြင်းနှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ပြန်လာကာ စစ်မှုထမ်းရေး အတင်းအကျပ်ပြန်လည်ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အိမ်နီးချင်းနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာများမှာလည်း အဖမ်းအဆီးများအကြား ကျီးလန့်စာစား လုပ်ကိုင်နေကြရသည်။ အထောက်အထားမရှိလျင် အဖမ်းခံရနိုင်သည်။ ရှိလျှင်သော်တောင်မှ အကြောင်းအမျိုးမျိုးပြ အရစ်ခံရ၊ ငွေညှစ်ခံရနိုင်သည်။ တော်လှန်ရေး ရန်ပုံငွေပွဲများ ပိတ်ပင်ခံလာရသည်။ တိုးတိုးတိတ်တိတ်အလှူခံမှုများပင် သတိထားနေရသည်။

အဆိုပါအချက်အလက်များကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းပြည်ပမှပြည်သူများ၏ လူမှုစီးပွား အခက်အခဲများမှာလည်း တစ်နေ့တခြားပိုမိုခက်ခဲ ကျပ်တည်းလာသည်။ ထိုကြောင့် ရှေရှည်တွင် တော်လှန်ရေး၏ ဘဏ္ဍာငွေစီးဆင်းမှုလမ်းကြောင်းသည် ပြည်သူလူထု၏ပံ့ပိုးကူညီမှု (Public Donation) တစ်ခုတည်းကိုသာ အားကိုးနေ၍မရတော့ဟု အချက်ပေးခေါင်းလောင်းထိုးနေသည်။

ဖက်ဆစ်ဝင်ငွေဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာတည်ဆောက်

၎င်းတို့ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများ၊ ဆက်စပ်သော ထုန်ကုန်များ၊ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲမှု မပြုခြင်း၊ အားမပေးခြင်းများဖြင့် စစ်ကောင်စီ၏ ဘဏ္ဍာငွေစီးဝင်နေသော လမ်းကြောင်းများကို သပိတ်မှောက် ပိတ်ဆို့ခဲ့သည်။ အာဏာရှင်စနစ်နှင့် ဖက်ဆစ်စစ်တပ် အမြစ်မပြတ်သေးသရွေ့ ၎င်းတို့ကို ဆက်ပိတ်ထားရန် လိုသည်။

တဆက်တည်းတွင် တော်လှန်ရေးအင်အားစုများက တော်လှန်ရေး ဘဏ္ဍာငွေရရှိနိုင်မည့် အင်စတီကျူးရှင်းများကို တည်ထောင်လာကြသည်။ တော်လှန်ရေးအစပိုင်းကာလများတွင် Click To Donate, Click For Tanintharyi, Tha Din, The PDF Game, VPN, Youtube Videos များ စသည်တို့ကဲ့သို့သော ဝက်ဘ်ဆိုဒ်များ၊ အက်ပ်များ၊ ဗွီဒီယိုများကို ကြည့်ရှုအသုံးပြုခြင်းများမှတဆင့် ဝင်ငွေရရှိလာအောင် နည်းပညာအခြေပြုကာ ဘဏ္ဍာငွေရှာဖွေမှုများကို တီထွင်အသုံးပြုခဲ့ကြပြီး ယနေ့တိုင်လည်း အသုံးပြုနေကြဆဲဖြစ်သည်။

နောက်ပိုင်းတွင် သူပုန်လက္ဖက်ခြောက်၊ ချပ်ဝတ်နီ၊ ကြုံး စသည့်အသုံးအဆောင်ပစ္စည်းများကိုလည်းထုတ်လုပ်၍ ပြည်တွင်းပြည်ပ နိုင်ငံများအထိပါ ဖြန့်ကျက်ရောင်းချကြသည်။

တဖြည်းဖြည်းနှင့် နယ်မြေထိန်းချုပ်မှုများ ပိုမိုကျယ်ပြန့်လာသည့်အခါတွင်လည်း ထောက်ပို့ထီ၊ နွေဦးထီ စသည့် ထီဖြန့်ဖြူးရောင်းချခြင်းများကို ကျေးလက်ဒေသများအဆင့်အထိ လုပ်ကိုင်ကာ ဘဏ္ဍာငွေရှာဖွေလာနိုင်ခဲ့သည်။ ထိန်းချုပ်နယ်မြေများအတွင်း ရေသန့်စက်ရုံလုပ်ငန်းနှင့် ဖယောင်းတိုင် ထုတ်လုပ်ခြင်း၊ ယက္ကန်း၊ အလှပြင်လုပ်ငန်းများနှင့် ကားဆိုင်ကယ် ဝပ်ရှော့များကဲ့သို့သော လုပ်ငန်းများကိုထူထောင်၍ တော်လှန်ရေးအတွက်ရန်ပုံငွေသာမက ဒေသခံပြည်သူလူထုများကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်အထိ တိုးတက်လာသည်ကို လည်းတွေ့ရှိရသည်။

ပြည်သူလူထုထဲတွင်လည်း စက်မှုလက်မှုကဲ့သို့သော အတတ်ပညာကျွမ်းကျင်သူများစွာရှိပါသည်။ ဆန်းသစ်တီထွင်သော အတွေးအမြင်များနှင့် လုပ်နိုင်စွမ်းမှာလည်းအမြောက်အများရှိသည်ဖြစ်ရာ တော်လှန်ရေးအင်အားစုများအနေဖြင့် ထိုလူစွမ်းအားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲ၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးတည်ဆောက်ပေးနိုင်ရန် ကြိုးစားသင့်သည်။

ဖက်ဆစ်ဝင်ငွေကိုဖြတ်တောက်ရင်း တစ်ဆက်တည်းတွင် ဆန်းသစ်တီထွင်မှုများ၊ နည်းပညာအခြေပြုမှုများနှင့် ဒေသခံပြည်သူလူထုကိုထိခိုက်မှုမရှိစေဘဲ ဒေသတွင်းအရင်းအမြစ်များကိုထုတ်ယူသုံးစွဲကာ ဒေသခံပြည်သူတို့၏ကြပ်တည်းလာသော လူမှုစီးပွားရေး အကြပ်အတည်းများကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းအားဖြင့် ပြည်သူ့ဘဏ္ဍာ တည်ဆောက်နေခြင်းပင်ဖြစ်ပါသည်။ ထိုမှရရှိလာသော ဝင်ငွေများဖြင့် ပြည်သူလူထုများကို လုပ်ခလစာများပေးနိုင်ခြင်းအပြင် တော်လှန်ရေးအတွက် ဘဏ္ဍာရေးအရင်းအမြစ်ကိုလည်း တည်ဆောက်နိုင်မည် ဖြစ်သည်။

ကျပ်ငွေကို အခြေမခံသော ဘဏ္ဍာရေး

ထိုကဲ့သို့ပြည်သူ့ဘဏ္ဍာကိုတည်ဆောက်ရာတွင် ကျပ်ငွေကိုအခြေခံသောဘဏ္ဍာရေးစနစ်မျိုးကို မတည်ဆောက်သင့်သည်ကိုတော့ သတိပြုရလိမ့်မည်။ ကျပ်ငွေကိုအခြေခံကာလည်ပတ်နေသမျှကာလပတ်လုံးသည် ဖက်ဆစ်စစ်တပ်၏ ဘဏ္ဍာရေးအရ လွှမ်းမိုးချုပ်ကိုင်မှုကိုခံနေရမည်ဖြစ်သည်။ မတည်ငြိမ်သောစီးပွားရေးအခြေအနေများနှင့် ငွေကြေးဖောင်းပွမှုများအကြားတွင် ကျပ်ငွေကိုအခြေခံတည်ဆောက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးနစ်နာမှုများ ပိုမိုကြီးမားနိုင်သည်ကို သတိပြုသင့်သည်။

ကျပ်ငွေတစ်ခုတည်းဖြင့် တည်ဆောက်ထားသောဘဏ္ဍာရေးထက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာတွင် အသုံးပြုနေသော မတူညီသည့် တစ်ခုမကသော ငွေကြေးစနစ်(Currency)များကိုအခြေခံခြင်းသည် အနာဂတ်ကာလတွင် ဘဏ္ဍာရေးအရ အမှီအခိုကင်းမည်ဖြစ်သည်။ စစ်ကောင်စီက ထိန်းချုပ်နိုင်ရန်ခက်ခဲပြီး ခိုင်မာသော ဘဏ္ဍာရေးစနစ်ကို ရရှိလာနိုင်သည်။

ရေတိုရေရှည် ကြံ့ကြံ့ခံနိုင်ရေးစဥ်းစားချက်

ပြည်သူလုထု၏ ကြံ့ကြံ့ခံနိုင်စွမ်း (Resilience)သည် လူမှုစီးပွားဖူလုံမှုနှင့် တိုက်ရိုက်အချိုးကျလျက်ရှိပါသည်။ ထို့ကြောင့် ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာ့အရေးတွင် ပြည်သူလူထု၏ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းအတွက် ကူညီထောက်ပံ့ပေးမည်ဟုဆိုရာတွင် ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် အမိုးအကာထောက်ပံ့ကူညီမှုများအပြင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာပြီး ပြည်သူလူထုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် အလေးအနက်ထားစဉ်းစားရန် လိုပေလိမ့်မည်။ ပညာရေးအနေဖြင့်လည်း အသက်မွေးဝမ်းကျောင်းပညာရပ်များအတွက် ကူညီထောက်ပံ့မှုများ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ထိုကဲ့သို့စဥ်းစားချက်များ အကောင်အထည်ဖော်နိုင်ရန်အတွက်လည်း ငွေကြေးအရသော်လည်းကောင်း၊ နည်းပညာအရသော်လည်းကောင်း ကူညီထောက်ပံ့မှုများ ပြုလုပ်သင့်သည်။

စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကူအညီထောက်ပံ့မှုများသည် လိုအပ်သည်မှာ မှန်သော်ငြား အဆိုပါကူညီထောက်ပံ့မှုများသည် ရေတိုဖြေရှင်းချက်သာဖြစ်ပါသည်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်းတွင် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)၏ ကူညီထောက်ပံ့နေမှုများရပ်ဆိုင်းလိုက်ခြင်းကြောင့် နယ်စပ်ဒေသတစ်ကြောရှိ စစ်ဘေးရှောင်စခန်းအများအပြားနှင့် စားနပ်ရိက္ခာကူညီထောက်ပံ့မှုများ၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများအပါအဝင် ကဏ္ဍအားလုံး ကမောက်ကမဖြစ်ကုန်သည်။

ထိုကဲ့သို့ ပြည်ပနိုင်ငံများ၊ အလှူရှင်များ၏ ရေတိုအတွက် အကူညီအထောက်အပံ့များကိုသာ အားကိုးနေရသည်မှာခိုင်မာမှုမရှိ၊ အာမခံချက်မရှိဆိုသည်မှာ အမေရိကန်အစိုးရ၏ USAID ၏ အကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းက သက်သေထူလျက်ရှိသည်။

ရေရှည်တွင် အမှီအခိုကင်းစွာ ကိုယ့်အားကိုယ်ကိုးရုန်းကန်ခြင်းဖြင့် ကြံ့ကြံ့ခံရပ်တည်နိုင်ရန်မှာ လူမှူစီးပွားဘဝများကို ဖူလုံမှုရှိအောင် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များ၊ အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်းကသာ အကောင်းဆုံးသောအဖြေဖြစ်သည်။

သတိထားရမည့် ငွေကြေး၏ကျေးကျွန်

တနင်္သာရီဒေသတွင်လည်း ထိုကဲ့သို့သောဘဏ္ဍာငွေရှာဖွေရေးနည်းလမ်းများကို ဆန်းသစ်တီထွင်သော နည်းလမ်းများ၊ ဒေသနှင့်ကိုက်ညီသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကိုထူထောင်၍ တော်လှန်ရေးအတွက်ဘဏ္ဍာငွေရှာဖွေခြင်းနှင့် ဒေသခံပြည်သူလူထုကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ပါသည်။

သစ်ထုတ်လုပ်ခြင်းနှင့် တွင်းထွက်သတ္တုထုတ်ယူသုံးစွဲခြင်းကဲ့သို့သော သဘာဝသယံဇာတထုတ်ယူသုံးစွဲခြင်းများ၊ မူးယစ်ဆေးဝါးနှင့် အခွန်ဆက်ကြေးတို့ကောက်ခံခြင်းများ၊ လောင်းကစားမှုများခွင့်ပြု၍ အခွန်ကောက်ခံခြင်းများ စသည်ကဲ့သို့သော အစဉ်အလာအလွယ်လမ်းလိုက်ကာ ဘဏ္ဍာငွေရှာဖွေမှုနည်းလမ်းများကို အခြေခံ၍ မတည်ဆောက်သင့်ပေ။ ဤအခြင်းအရာများမှာ နှောင်းခေတ်အတွေးအခေါ်များဖြစ်သွားခဲ့ပါပြီ။

အကယ်၍ အခွန်စည်းကြပ်မှုများပြုလုပ်မည်ဆိုပါကလည်း စနစ်တကျပြုလုပ်သင့်သည်။ သေချာသည်ကတော့ အခွန်စည်းကြပ်မှုသည် အခြေခံလူတန်းစားများအပေါ်တွင် အနိုင်ကျင့်ဗိုလ်ကျသကဲ့သို့ ဖြစ်၍မရ။ ၎င်းအပြင် အခွန်စည်းကြပ်မှုများပြုလုပ်မည်ဆိုပါကလည်း တစ်ဆက်တည်းတွင် ကျန်းမာရေး၊ ပညာရေးကဲ့သို့သော အခြေခံအကျဆုံးပြည်သူ့ဝန်ဆောင်မှုများဖြင့် ပြည်သူလူထုကိုပြန်လည် အလုပ်အကျွေးပြုပေးရန် လိုအပ်ပါသည်။

ယခုအခါတွင် ထိုကဲ့သို့ အခွန်စည်းကြပ်သည့်သဘောမျိုးမဟုတ်ဘဲ ဆက်ကြေးကောက်ခံသကဲ့သို့ ပြည်သူလူထုထံတွင် ငွေညှစ်နေသကဲ့သို့သော ဖြစ်စဉ် အများအပြားမြင်တွေ့နေရဆဲဖြစ်သည်။

ထိုကဲ့သို့သောနည်းလမ်းများဖြင့် ဘဏ္ဍာငွေရှာဖွေမှုများသည် သန့်ရှင်းမှုမရှိသကဲ့သို့ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူလူထုများအတွက်လည်း အကျိုးဖြစ်ထွန်းမှုမရှိဘဲ ပြည်သူလူထု၏ဘဝများမှာ ပိုမို ပင်ပန်းဆင်းရဲလာမည်ဖြစ်သည်။

တနင်္သာရီဒေသသည် ပင်လယ်ထွက်ကုန်များ၊ ရေချိုအရင်းအမြစ်ရရှိနိုင်မှုများ၊ ဥယျာဥ်ခြံထွက်သီးနှံများကဲ့သို့သော သဘာဝအရင်းအမြစ်များပေါကြွယ်ဝသော ဒေသဖြစ်ရာ ထိုအရင်းအမြစ်များနှင့် ဒေသခံပြည်သူများ၏ စက်မှုလက်မှုအတတ်ပညာများကိုအခြေခံကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းများကို တည်ဆောက်သင့်သည်။ တနင်္သာရီသည် ထိုကဲ့သို့တည်ဆောက်နိုင်ရန် ရေခံမြေခံကောင်းများစွာရှိသော ဒေသတစ်ခုလည်းဖြစ်သည်။

ယနေ့ခေတ်သည် နည်းပညာများစွာတိုးတက်လာနေပြီး နယ်မြေထိန်းချုပ်နိုင်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်ဖြစ်ရာ ထိုကဲ့သို့သောအခြေအနေများသည် ကိုယ်ပိုင်ဘဏ္ဍာတည်ဆောက်ရေးအတွက် များစွာအကျိုးပြုလျက်ရှိသည်။

တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ ပြည်သူလူထုတို့၏ဘဝမှာ တရစ်ချင်းဆင်းရဲမှုနွံအတွင်းသို့ သက်ဆင်းနေသည်။ ထိုအချိန်တွင် တော်လှန်ရေးအင်အားစုများသည် ပြည်သူလူထုထံမှရရှိလာမည့် အလှူငွေများကိုသက်သက်ကိုသာ အားကိုးနေခြင်းက အဖြေမဟုတ်တော့ပေ။

အမှီအခိုကင်းပြီးတော်လှန်ရေးအတွက် ကျောထောက် နောက်ခံဖြစ်စေမည့်၊ ဘဏ္ဍာရေးအရင်းအမြစ်များ တည်ဆောက်နိုင်ရန် စဥ်းစားကြဖို့ လိုအပ်လာပါသည်။

အကောင်အထည်ဖော်နိုင်ရန်လည်း ကြိုးစားရမည်။ ထိုကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများကို တည်ဆောက်ဖန်တီးနိုင်ခြင်း အားဖြင့် ပြည်တွင်းရှိ လူစွမ်းအားအရင်းအမြစ်များကို ထိန်းသိမ်းထားသကဲ့သို့ဖြစ်ကာ တော်လှန်ရေးအတွက်လည်း ပိုမိုအားကောင်းလာစေမည် ဖြစ်ပေသည်။

သို့သော် ထိုကဲ့သို့ဘဏ္ဍာငွေအရင်းအမြစ်များတည်ဆောက်ရာတွင် ရိုးသားသန့်ရှင်းရန်လိုအပ်မည်မှာတော့ မလွဲဧကန်ဖြစ်သည်။ သက်ရှိထင်ရှားရှိနေဆဲဖြစ်သော ကွန်မြူနစ်အဖိုးအိုတစ်ယောက်က “ငါတို့ပါတီမှာ လုံးဝခွင့်မလွှတ်တဲ့ အချက်သုံးချက်ရှိတယ်ကွ။ ဘာတွေလဲဆိုတော့ ငွေရေးကြေးရေးအရှုပ်အရှင်းနဲ့ အလွဲသုံးစားလုပ်တဲ့ကိစ္စ၊ လူမှုရေး မိန်းမအရှုပ်အရှင်းကိစ္စ၊ သူလျှိုဒလန်ကိစ္စတွေပဲ”ဟု ဆုံးမခဲ့ဖူးသည်ကို အမှတ်ရမိပါသည်။

ဖက်ဆစ်စစ်တပ် ယခုကဲ့သို့ပျက်စီးပြီး ပြည်သူလူထုကိုရန်သူသဖွယ် သတ်မှတ်ဆက်ဆံနေသည့် အချက်များစွာထဲမှ စီးပွားရေးလုပ်ငန်းအများအပြားနှင့် ငွေကြေး၏ကျေးကျွန်ဖြစ်သွားသောကြောင့် ဆိုသည်မှာ အဓိကအချက်တစ်ခုဖြစ်သည်။ ဤသည်ကို သမိုင်းသင်ခန်းစာယူကာ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုအတွက် ဘဏ္ဍာငွေတည်ဆောက်ရာတွင်လည်း ငွေကြေးစီမံခန့်ခွဲမှုကို အလေးအနက်ထားရပါမည်။

အကျင့်ပျက်ခြစားမှုများ၊ တစ်ဦးကောင်း တစ်ဖွဲ့ကောင်းကဲ့သို့သော ကိုယ်ကျိုးစီးပွားရှာဖွေမှုများ မဖြစ်ပေါ်စေရန်လည်း မူဝါဒလမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် အထူးကြပ်မတ် ထိန်းကွပ်လုပ်ဆောင်နိုင်ရန် လိုအပ်မည် ဖြစ်သည်။

ယောနသံ

ကိုးကား – The World Bank, ဖက်ဒရယ် FM, The Irrawaddy