အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လုပ်ငန်းလျှော့ချရေးအမိန့်သစ်ကြောင့် VOA နှင့် RFA သတင်းဌာနများကို တိုက်ရိုက်သက်ရောက်စေပြီး RFA သတင်းဌာနကမူ လုပ်ငန်းရပ်တန့်သွားနိုင်ကြောင်း ဆိုသည်။
VOA နှင့် RFA သတင်းဌာနများကို ငွေကြေးထောက်ပံ့နေသည့် အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) အပါအဝင် အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဌာန၊ အိုးအိမ်မဲ့များအတွက်ဌာန၊ လူနည်းစုပိုင် စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးရေးဌာန၊ ပြတိုက်နှင့် စာကြည့်တိုက်ဌာန၊ ပညာရှင်နှင့် သုတေသနဌာနများအား လုပ်ငန်းကို အဆုံးစွန်အထိ လျှော့ချရန် အမိန့်ထုတ်ခြင်းဖြစ်သည်။
USAGM သည် ကမ္ဘာတစ်ဝန်းတွင် ဘာသာစကားပေါင်း ၆၀ ကျော်ဖြင့် ရုပ်သံထုတ်လွှင့်နေသည့် သတင်းလုပ်ငန်း ခြောက်ခုကို ကြီးကြပ်ရသည့် အေဂျင်စီဖြစ်သည်။
လွတ်လပ်တဲ့အာရှအသံ (RFA) က လက်ခံရရှိသည့် အကြောင်းကြားစာတွင် အမေရိကန်အစိုးရက RFA နှင့် မိတ်ဖက် သတင်းဌာနများအတွက်နှစ်စဉ်ပေးအပ်နေသည့် ထောက်ပံ့ငွေများကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ရပ်ဆိုင်း လိုက်ပြီဖြစ်ပြီး လက်ကျန်ငွေများကိုလည်း အချိန်မဆိုင်းဘဲ ပြန်လည်ပေးအပ်ရမည်ဟု ဖော်ပြကြောင်း RFA သတင်းတစ်ရပ်တွင် ဖော်ပြသည်။
RFA ၏ သတင်းလုပ်ငန်းများ မည်သည့်အချိန်တွင် မည်သို့ ရပ်ဆိုင်းရမည်ကို လတ်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း RFA သတင်းတွင် ဖော်ပြသည်။
ယခုအမိန့်စာနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းရန် စီစဉ်နေကြောင်း RFA ဥက္ကဋ္ဌ Bay Fang က ပြောသည်။
RFA ဟာ သတင်းလွတ်လပ်ခွင့် မရှိသလောက်နည်းပါးသည့် နိုင်ငံများကို ရေဒီယို၊ ရုပ်မြင်သံကြား၊ လူမှုကွန်ရက်နှင့် အင်တာနက်စာမျက်နှာများမှတစ်ဆင့် သတင်းထုတ်လွှင်ပေးနေကြောင်း ဖော်ပြသည်။
VOA မြန်မာပိုင်းသတင်းဌာနကလည်း Live ထုတ်လွှင့်မှု အစီအစဉ်များကို ခေတ္တရပ်နားထားပြီး မကြာမီကာလတွင် ပြန်လည်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ယနေ့ မတ်လ ၁၆ ရက် နံနက်တွင် အသိပေးထုတ်ပြန်ထားသည်။
VOA မြန်မာပိုင်းတွင် အချိန်ပြည့် အစိုးရဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသူများထံ အလုပ်က ချက်ခြင်း ခွင့်ပေးပြီး ရုံးကို လာရောက်ရန် မလိုတော့သည့် ညွှန်ကြားချက် အီးမေးလ်များ ရရှိလာကြောင်း ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယင်းအပြင် ရုံးထဲတွင် ရှိနှင့်နေသူများလည်း ညွှန်ကြားချက် အီးမေးလ်ဝင်လာလျှင် ရုံးမှ ထွက်ခွာပေးရကြောင်း ဖော်ပြသည်။