BREAKING
March 16, 2025

စစ်ကောင်စီတပ်ပစ်ခတ်၍ ဒဏ်ရာရသွားသည့် မြိတ်ဒေသခံတစ်ဦး သေဆုံး

March 16, 2025

တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာတွင် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသည့် အသက် ၄၄ နှစ်အရွယ် မြိတ်ဒေသခံအမျိုးသားတစ်ဦး ၄ ရက်အကြာတွင် သေဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

ဆိတ်အရောင်းအဝယ်လုပ်ကိုင်သည့် အဆိုပါအမျိုးသားနှင့် သားဖြစ်သူတို့မှာ မတ်လ ၁၁ ရက်နေ့ နံနက်က ဆိတ်များသွားယူရန် တနင်္သာရီဘက်သို့ ဆိုင်ကယ်ဖြင့်အသွားတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့က ဆိုသည်။

စစ်ကောင်စီတပ်များ ဂိတ်ချစစ်ဆေးတတ်သည့် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာရှိ ဗျုဟာကုန်းအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံများကပြောသည်။

“ဝယ်ထားတဲ့ဆိတ်ယူဖို့သွားတာ။ ရေဖြူလမ်းဆုံမှာ အပစ်ခံလိုက်ရတာ။ သေနတ်ပစ်တာကတော့ အချက်ရေတော်တော်များတယ်။ သားဖြစ်သူက အရှေ့ကဆိုတော့ ဘာမှမဖြစ်ဘူး။ ဖခင်ဖြစ်သူက နှစ်ချက်ထိသွားတယ်” ဟု ဗျူဟာကုန်း အနီးအနားနေ ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သားများ ပစ်ခတ်မှုကြောင့် မြိတ်မြို့၊ ခရူတောရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၄ နှစ်အရွယ် ဦးရမဇာန်ခန်း၏လက်ပြင်နှင့် ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာရသွားသဖြင့် အနီးရှိ ကျေးရွာဒေသခံများက ဆေးကုသပေးခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းနောက် မတ်လ ၁၂ ရက်နေ့တွင် တနင်္သာရီမြို့ရှိ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ယင်းနေ့ ညတွင်ပင် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ မတ်လ ၁၄ ရက် ည ၈နာရီဝန်းကျင်၌ သေဆုံးသွားကြောင်း နီးစပ်သူအချို့ထံမှသိရသည်။

အလောင်းကို မတ်လ ၁၅ရက်နေ့တွင် အစ္စလာမ်ဓလေ့ထုံးတမ်းအတိုင်း သင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ရေဖြူရွာသည် တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ အမှတ်-၃ စစ်ဗျူဟာ အခြေချထားသည်။