BREAKING
January 30, 2025

ထိုင်း ခရိုင်နှစ်ခုတွင် မြန်မာလုပ်သား ၆၀ ဖမ်းဆီးခံရ

March 16, 2023

Ref: Bangkok Post, Khaosod Online, naewna

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်တို့တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသဖြင့် မြန်မာအလုပ်သမား ၆၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဘီးပေါက်သဖြင့် အမြန်လမ်းမဘေးတွင်ရပ်ထားသော ပစ်ကပ်ကားပေါ်၌ မြန်မာအလုပ်သမား ၃၃ ဦးကို ယနေ့ မတ်လ ၁၆ရက် နံနက် ၃ နာရီခွဲခန့်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ရေးသားထားသည်။

ကားဘီးပေါက်ပြီးနောက် မြန်မာအလုပ်သမားများကို စွန့်ပစ်ကာ ထိုင်းနိုင်ငံသား ကားသမား ထွက်ပြေးသွားကြောင်း ဖော်ပြသည်။

ကန်ချနဘူရီ-စိုင်ယွတ် အမြန်လမ်းတွင် ရပ်နားထားသော ယင်းကားကို ရွာလူကြီးနှစ်ဦးက တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့ကို အကြောင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကားအနောက် အလုံပိတ်ခန်းကို ရဲက ဖွင့်ပြီးစစ်ရာ မြန်မာအလုပ်သမား ၃၃ ဦးကို တွေ့ရှိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများကို မေးမြန်းရာတွင် ထိုင်းနိုင်ငံအတွင်းသို့ တောလမ်းအတိုင်း တရားမဝင် ဝင်ရောက်လာခဲ့ပြီး ထိုင်းနိုင်ငံသားတစ်ဦးက ကားဖြင့် လာခေါ်ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု ဖော်ပြသည်။

လမ်းတွင် စစ်ဆေးရေးဂိတ်ကို တွေ့ရှိသဖြင့် ကားကို ဂငယ်ကွေ့ကွေ့ကာ မောင်းနှင်လာပြီးနောက် ကားဘီးပေါက်ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုထားသည်။

မတ်လ ၁၅ ရက်တွင်လည်း ပရာကျွတ်ခီရီခန်ခရိုင်တွင် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် ထားဝယ်နှင့် မြိတ်ဒေသခံများ အပါအဝင် မြန်မာအလုပ်သမား ၂၇ ဦးကို ဖမ်းဆီးခံရကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာအလုပ်သမားများ ပုန်းခိုနေသောခြံအတွင်းသို့ ထိုင်းနိုင်ငံသားတစ်ဦး ငါးလာဖမ်းစဉ် ပွဲစားဟုထင်မှတ်ကာ သွားတွေ့ခဲ့ရာမှ ထိုင်းနိုင်ငံသားက တိုင်ကြားသဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများမှာ အသက် ၁၆ နှစ်မှ ၅၃ နှစ်အရွယ်အတွင်းရှိကြပြီး ထားဝယ်၊ မြိတ်၊ မန္တလေးနှင့် ရခိုင်တို့မှ လာရောက်ကြခြင်းဖြစ်ကြောင်း ဆိုသည်။

၎င်းတို့သည် တနင်္သာရီနယ်စပ် မောတောင်ဒေသမှတစ်ဆင့် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး မလေးရှားသို့ သွားရောက်လုပ်ကိုင်ရန်အတွက် ဘတ် ၄၅၀၀ဝမှ ၅၀၀၀၀ အထိကုန်ကျမည်ဖြစ်ကာ ပထမအကြိမ်အဖြစ် ဘတ် ၂၀၀၀၀ ကို ကြိုတင်ပေးချေထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

အထက်ပါမြန်မာအလုပ်သမားများကို အရေးယူရန် သက်ဆိုင်ရာရဲစခန်းများသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ယခုမတ်လအတွင်း ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၃၀၀ ကျော်အထိ ရှိလာပြီဖြစ်သည်။