ကြက်အရှင်တစ်ကောင်ကို နနွင်းလိမ်းပြီး လွှတ်ပေးရန် ပရောဂဆရာက စေခိုင်းလိုက်သည်။ လူနာဖြစ်သည့် ဦးရဲပိုင်မှာမူ စကားမပြောနိုင်၊ မေးသမျှကို ခေါင်းငြိမ့်၊ ခေါင်းခါသာလုပ်ပြနိုင်သည်။
လူမမာ လာမေးသူအားလုံးကိုလည်း သူကောင်းစွာမမှတ်မိပေ။ ပရောဂဆရာခိုင်းသမျှကို ဇနီးဖြစ်သူက သိမ်းကျုံးလုပ်ကိုင်ပေးနေရသည်။ ခဏကြာသောအခါ ငှက်သိုက်ပုလင်းအခွံနှင့် ကြက်ပေါင်ဆီပုလင်းအခွံ ဆယ်ခုခန့်ကို ရှာလာပေးရန် ပရောဂဆရာက ညွှန်ကြားပြန်သည်။
ဇနီးဖြစ်သူက အိမ်အပြင်သို့ အပြေးကလေးထွက်သွားပြီး ပုလင်းအခွံများယူဆောင်လာကာ အိမ်တွင်းပြန်ဝင်လာခဲ့သည်။ ပရောဂဆရာသည် ထိုပုလင်းအခွံများကို ဖယောင်းတိုင်မီးတွင် အပူပေးပြီး ဦးရဲပိုင်၏ခန္ဓာကိုယ်အနှံ့တွင် ကပ်လိုက်သည်။
လူနာကိုမူ အန္တောအန္တငါးပါးကို အာရုံပြုထားရန် မှာကြားပြီးနောက် တတွတ်တွတ် မန်းမှုတ်နေတော့ သည်။
အသက် ၄၈ နှစ်အရွယ် ဦးရဲပိုင်မှာ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ရှိ ရှမ်းကိုးရွာဒေသတွင် နေထိုင်သူတစ်ဦးဖြစ်သည်။
ဆိပ်ဖူး၊ ဖော့သုတ်၊ ဖလက်ဆိုင်၊ ခိခခွိုင်း၊ ဖလက်ခွ၊ အေးချမ်းသာ၊ မာရမ်း၊ လုံးဖော၊ ထုံပရိ စသည့် ကျေးရွာအုပ်စုကိုးရွာကို ရှမ်းကိုးရွာဟု ခေါ်တွင်ခြင်းဖြစ်သည်။ ထိုရှမ်းကိုးရွာနှင့် ထိုင်းနိုင်ငံ ရနောင်းမြို့တို့မှာ ပါချန်မြစ်တစ်ခုသာခြားသည်။
တနင်္သာရီတိုင်းတွင် ပရောဂဆရာ၊ အမည်ခံတိုင်းရင်းဆေးဆရာ အစရှိသည့် တတ်ယောင်ကား ဒေါက်တာရမ်းကုများကို ဦးရဲမင်းပိုင်ကဲ့သို့ပင် အားကိုးနေကြရသူ အများအပြားရှိလာသည်။
ဗဟုသုတအားနည်း၍ ဒေါက်တာရမ်းကုများလက်ကို အသက်အပ်နှင်းကြခြင်းတော့မဟုတ်။ အလွန်မြင့်မားသည့် ဆေးကုသစရိတ်ကို မတတ်နိုင်သည့်အတွက် မျက်စိစုံမှိတ်ကာ ဒေါက်တာရမ်းကုများကို ပုံအပ်လိုက်ကြရခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးချိန်မှစကာ အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားများ ရပ်တန့်သွားသည်မှာ ယခုဆိုလျှင် ၄ နှစ်ခန့်ရှိလာပြီဖြစ်သော်လည်း အပြည့်အဝပြန်လည်ပတ်နိုင်ခြင်းမရှိ။ ပိုဆိုးသည်က ကျပ်ငွေတန်ဖိုး ကျဆင်းသွားသလို ဆေးဝါးတင်သွင်းရ အခက်အခဲများကြောင့် ဆေးဝါးစျေးများ အလွန်အမင်းမြင့်လာခြင်းပင်။
ဆေးဝါးစျေးမြင့်လာသလို ဆေးကုသစရိတ်ကလည်း ငွေကြေးချို့တဲ့သူများမဆိုထားနှင့် အတော်အတန် ငွေကြေးတတ်နိုင်သူများပင် အနားမကပ်နိုင်တော့သည့် အခြေအနေမျိုးကျရောက်နေသည်။
ဆေးရုံပေါ်က သက်ပြင်းချသံ
ဦးရဲပိုင်က ပါချန်မြစ်ကိုအမှီပြုပြီး ကိုယ်ပိုင် ပဲ့ချိတ်လှေမောင်းသည့်အလုပ်ဖြင့် အသက်မွေးသူဖြစ်ပြီး ဇနီးဖြစ်သူမှာ ဈေးရောင်းသည်။
လင်မယားနှစ်ဦးဝင်ငွေဖြင့် မိသားစုစားဝတ်နေရေးအတွက် မပူပင်မကြောင့်မကြနေနိုင်၊ စားနိုင်သည်။ အတန်သင့် ငွေကြေးစုဆောင်းထားနိုင်သူလည်းဖြစ်သည်။
၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဦးရဲပိုင်၏ ဦးနှောက်တွင် အကျိတ်တစ်ခုတက်လာပြီး များမကြာခင်မှာပင် လေဖြတ်သွားသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားမရ၊ စကားပြောမရ ဖြစ်သွားတော့သည်။
ဖြစ်ဖြစ်ချင်း နီးစပ်ရာ ဆေးခန်း၊ ဆေးရုံများထံ သွားရောက်ကုသမှုခံယူခဲ့သော်လည်း ဆေးဝါးမပြည့်စုံ၊ ကျန်းမာရေးအင်အား မလုံမလောက်ဘဲ လည်ပတ်နေရသည့် ပြည်သူ့ဆေးရုံများက ဦးရဲပိုင်၏ ရောဂါအတွက် အထောက်အကူမဖြစ်ဟုဆိုရမည်။
ထို့ကြောင့် ပြည်သူ့ဆေးရုံအစား ပုဂ္ဂလိကဆေးရုံတွင်ကုသရန် ဆုံးဖြတ်ကာ စုဆောင်းထားသည့် ထိုင်းဘတ်ငွေများကို မြန်မာကျပ်ငွေဖြင့်လဲလှယ်ပြီး ရန်ကုန်မြို့ဆီသို့ မျှော်လင့်ချက်အပြည့်ဖြင့် ချီတက်သွားကြသည်။
ရန်ကုန်မြို့က ပုဂ္ဂလိကဆေးရုံရောက်ချိန်တွင်မူ ဆေးကုသစရိတ်က သူတို့ထင်ထားသလိုမဟုတ်၊ သူတို့တွင်ပါလာသည့်ငွေကြေးက ဆေးကုရန်မဆိုထားနှင့် ဆေးစစ်ခအတွက်ပင် လုံလောက်မှုမရှိဟု သိလိုက်ရသည်။
ထိုအတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ လူနာကို ဆက်မကုတော့ဘဲ ပြန်သယ်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
“ရောဂါရှာဖွေဖို့သီးသန့် (ကျပ်) ၁၂၅ သိန်းတောင်းတယ်။ ရောဂါအဖြေသိလို့ ထပ်ကုရင် ဒီထက်သုံးလေးဆ ထပ်ကုန်ဦးမယ်ပြောလို့ မကုတော့ဘဲ (လူနာကို) ပြန်သယ်လာလိုက်တယ်” ဟု ဦးရဲပိုင်၏ ဇနီးဖြစ်သူကပြောပြသည်။
စကားမပြောနိုင်၊ မလှုပ်ရှားနိုင်သော ခင်ပွန်းလူနာအား နေအိမ်ပြန်သည်လာပြီး ဇနီးဖြစ်သူမှာ စားမဝင်၊ အိပ်မပျော် သောကပွေနေရရှာတော့သည်။ နောက်ပိုင်းတွင် ဆွေမျိုးသားချင်းတို့၏ အကြံပေးချက်အရ ပရောဂဆရာတစ်ယောက်ကို အိမ်ပင့်ပြီး ကုသရန်ဆုံးဖြတ်လိုက်ကြသည်။
ထိုကဲ့သို့ ဆေးရုံပေါ်အထိရောက်ပြီး ဆေးကုသစရိတ်မတတ်နိုင်သဖြင့် တပ်ခေါက်ပြန်လာရသည်မှာ ဦးရဲပိုင်တစ်ယောက်တည်း မဟုတ်ပေ။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှ အသက် ၆၀ ကျော်အရွယ် ဦးတင်ထွန်းသည်လည်း ကင်ဆာရောဂါသံသယဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ သွားရောက်ခဲ့သည်။
ဦးတင်ထွန်း၏ လည်ပင်းတွင် အကြိတ်တစ်ခုတွေ့သဖြင့် ထားဝယ်ဆေးရုံတွင်သွားရောက်ပြသခဲ့ရာ ကင်ဆာရောဂါသံသယရှိသဖြင့် ရန်ကုန်မြို့သို့တက်ပြီး ကုသရန်ကြိုးစားခြင်းဖြစ်သည်။
ကင်ဆာရောဂါ ဟုတ်/မဟုတ်ကို ထားဝယ်မြို့ရှိ ဆေးရုံများအားလုံးတွင် စစ်ဆေးမရနိုင်သဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
သို့သော် စစ်ဆေးခ သီးသန့်ပင် ကျပ်သိန်းတစ်ရာကျော်ကုန်ကျမည်ဟုဆိုသောအခါ ဦးတင်ထွန်း တို့လည်း ဆေးရုံအပေါက်ဝမှပင် ပြန်လှည့်လာခဲ့ရသည်။
အာကာသထဲက ဆေးဝါးခ
စစ်အာဏာသိမ်းမှုနှင့်အတူ ချွတ်ခြုံကျသွားသည့်အထဲ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် အလုပ်အကိုင်မကောင်းတော့သည့်အတွက် ဝင်ငွေနည်းပါးလာခြင်း၊ ကျပ်ငွေတန်ဖိုးထိုးကျသွားခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း စသည့်စသည့် ထိုးနှက်ချက်ပေါင်းစုံကလည်း အဘက်ဘက်က ဝင်ရောက်လာခဲ့ပြန်ရာ ပြည်သူများမှာ တစ်ပူပေါ်နှစ်ပူမက သုံးလေးပူဆင့်ရတော့သည်။
အာဏာမသိမ်းခင်အချိန်က တနင်္သာရီတိုင်းရှိ အလယ်လတ်တန်းစား ပြည်သူများသည် ကျန်းမာရေးအတွက် ဒေသတွင်းဆေးရုံများတွင် ကုသ၍မရနိုင်ပါက ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံများတွင် သွားရောက်ကုသလေ့ရှိသည်။
အာဏာသိမ်းကာလ လေးနှစ်ကျော်လာချိန်တွင်မူ ထိုအလယ်အလတ်တန်းစား ပြည်သူအချို့ပင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံများဖက် ခြေဦးမလှည့်နိုင်ကြတော့ ဆေးရုံအပေါက်ဝက တပ်ခေါက်ပြန်လာရသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာနေသည်။
ဦးတင်ထွန်း၏ သားသမီးသုံးဦးမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူများဖြစ်ပြီး ငွေကြေးချောင်လည်သူများ ဖြစ်ကြသဖြင့် အာဏာမသိမ်းမီကတည်းက ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတို့တွင် မကြာခဏသွားရောက် ကုသနေသူဖြစ်သည်။
“အရင်တုန်းက(အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က) လည်း ရန်ကုန်မှာလာကုနေကြပဲ။ အခုလိုမျိုးတစ်ခါမှ မကြားဖူးဘူး။ အခုက ရောဂါစစ်ဆေးတာလောက်ကို (ကျပ်) သိန်းတစ်ရာကျော်တဲ့ စဉ်စားကြည့်ကြည့်” ဟု ဦးတင်ထွန်းက ပြောသည်။
ကင်ဆာဆိုသည့်အမျိုးက ပျောက်ကင်းနိုင်သည့် ရောဂါမျိုးလည်းမဟုတ်၊ အသက်လည်းကြီးနေပြီ လူ့ဘဝတွင် ကြာကြာနေရတော့မည် မဟုတ်သဖြင့် သားသမီးများကို အပူမပေးချင်တော့ဟုဆိုကာ ဦးတင်ထွန်းလည်း ဆေးဆက်မကုတော့ဘဲ ပြန်လာခဲ့ကြသည်။
ပုဂ္ဂလိကဆေးရုံပိုင်ရှင် ဆရာဝန်တစ်ဦးကမူ ၎င်း၏အတွေ့အကြုံအရ အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိကဆေးရုံလာပြသူ ငါးဦးတွင် တစ်ဦးမှာ ဆေးဝါးစရိတ် မတတ်နိုင်သူများဖြစ်နေသည်ကို တွေ့ရသည်ဟုဆိုသည်။
“ကျွန်တော့်ဆီမှာ လာပြသူဆို (ဆေးရုံမပြဘဲ) ပြန်လှည့်မသွားရအောင်တော့ ချင့်ချိန် စီစဥ်ပေးရတယ်” ဟု ၎င်းကဆိုသည်။
အာဏာမသိမ်းခင်က သာမန်ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ဗိုက်ခွဲ၍ကလေးမွေးဖွားစရိတ်မှာ ကျပ်ခုနစ်သိန်းမှ ကိုးသိန်းအကြားတွင်သာရှိသော်လည်း ယခုကျပ်ဆယ်သိန်းဖြင့်ပင် မရတော့ကြောင်း ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံများထံမှ သိရသည်။
“ဆေးဝါးစရိတ်က အရင်ကထက် အနည်းဆုံး နှစ်ဆ၊ သုံးဆလောက်ကို တက်သွားတယ်” ဟု ပုဂ္ဂလိကဆေးရုံပိုင်ရှင် ဆရာဝန်တစ်ဦးက ပြောသည်။
၂၀၂၂ ခုနှစ်တွင် ဆရာဝန်များသည် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်းနှုန်းကြား ဆေးကုသစရိတ် တိုးကောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း ထပ်ပြီးတိုးမြှင့် ကောက်ခံခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီအရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
၂၀၂၄ ဇန်နဝါရီလက ထုတ်ပြန်သည့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများအား လေ့လာခြင်း သုတေသနအစီရင်ခံစာတွင် ထိုကဲ့သို့ဖော်ပြထားခြင်းဖြစ်သည်။
ယင်းအပြင် ပြည်သူအများစုသည် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်အတွက် ပိုက်ဆံချေးငှားပြီး သို့မဟုတ် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ရောင်းချသုံးစွဲခြင်း ပိုမိုလုပ်ဆောင် နေရကြောင်းလည်း အဆိုပါစစ်တမ်းတွင်ဖော်ပြထားသည်။
စစ်တိုက်ရန် အဓိက
တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးနေရသည့် အာဏာသိမ်း စစ်ကောင်စီမှာ ပြည်သူများ၏ ဆေးဝါးကုသပိုင်ခွင့်ထက် စစ်တိုက်နိုင်ရေးသာ အဓိကထားလာသည်။
NLD အစိုးရ နောက်ဆုံးရေးဆွဲခဲ့သည့် ၂၀၂၀ – ၂၀၂၁ ဘတ်ဂျက်စာရင်းအရ ကာကွယ်ရေး အသုံးစရိတ်မှာ ကျပ်ဘီလီယံသုံးထောင်ကျော် ( ၃၄၁၄ ဘီလီယံ) ရှိပြီး ကျန်းမာရေးအသုံးစရိတ်မှာ ကျပ် ၁၄၂၅ ဘီလီယံရှိခဲ့သည်။
၂၀၂၂-၂၃ တွင်မူ စစ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၃၀၀ နီးပါးထပ်တိုးလာပြီး စုစုပေါင်းအသုံးစရိတ်မှာ ၃၇၀၃ ကျပ်ဘီလီယံဖြစ်လာခဲ့သည်။ ထိုနှစ်အတွက် ကျန်းမာရေးအသုံးစရိတ်မှာမူ ကျပ် ၅၆၄ ဘီလီယံ လျှော့ချခံလိုက်ရသဖြင့် ၈၆၁ ဘီလီယံသာကျန်တော့သည်။
၂၀၂၃-၂၄ ခုနှစ်တွင်လည်း အလားတူပင် စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲပြီး ကျန်းမာရေး အသုံးစရိတ်ကို လျှော့ချပစ်ခဲ့ပြန်သည်။ ယင်းနှစ်တွင် စစ်ရေးအသုံးစရိတ်မှာ ဘီလီယံနှစ်ထောင်နီးပါးအထိ တိုးမြှင့်လိုက်သဖြင့် စုစုပေါင်းသုံးစွဲငွေမှာ ကျပ် ၅၆၃၅ ဘီလီယံ အထိရှိလာခဲ့သည်။ ကျန်းမာရေးအတွက်အမူ ထုံစံအတိုင်းပင် ကျပ်သုံးဘီလီယံ ထပ်အလျော့ခံရပြီး စုစုပေါင်း ၈၁၄ ဘီလီယံသာ ကျန်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ကျန်းမာရေးအသုံးစရိတ် လျှော့ချနေမှုကြောင့် ပြည်သူ့ဆေးရုံများမှာ ဖုတ်လှိုက်ဖုတ်လှိုက် အသက်ဆက်နေကြရသည်။
တနင်္သာရီတိုင်းတွင်မူ မြို့နယ်ဆေးရုံအချို့နှင့် တိုက်နယ်ဆေးရုံအချို့ကို လုံးဝပိတ်ပစ်ထားကြောင်း တွေ့ရသည်။ လောင်းလုံးမြို့နယ်ရှိ မြို့နယ်ဆေးရုံတစ်ရုံ တိုက်နယ်ဆေးရုံနှစ်ရုံအပါအဝင် ကျေးလက် ဆေးပေးခန်းများ အားလုံးနီးပါးမှာ ဆေးဝါးကုသပေးနိုင်ခြင်း လုံးဝမရှိတော့သည်ကို တွေ့ရသည်။
ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့ကြီးသုံးမြို့ရှိ ပြည်သူ့ ဆေးရုံကြီးသုံးရုံသည်ပင် ကျန်းမာရေး ဝန်ဆောင်မှု အပြည်အဝ မပေးနိုင်တော့သည့်အပြင် ဆေးဝါးပြတ်လပ်မှုလည်း ကြုံနေရသည်။
ထို့အတွက်ကြောင့် အချို့ရောဂါများအတွက် လိုအပ်သည့်ဆေးဝါး၊ ဆေးထိုးအပ် အပါအဝင် ဆီးချို၊ သွေးချိုတိုင်းကိရိယာတို့မှအစ အပြင်ဆေးခန်းတွင် လူနာရှင်က ဝယ်ပေးနေရကြောင်း ဆေးရုံတက် ကုသခဲ့သူများကဆိုသည်။
ယင်းအခြေအနေကို မေးမြန်းနိုင်ရန် ထားဝယ်ဆေးရုံအုပ်ဖုန်းနံပါတ်အား အကြိမ်ကြိမ်ဆက်သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်ရာတွင်လည်း နယ်ပြောင်း သွားပြီးဖြစ်သဖြင့် တနင်္သာရီတိုင်းကိစ္စ ဖြေကြားနိုင်တော့မည် မဟုတ်ကြောင်း ပြောဆိုသည်။
ဥုံဖွ ပျောက်စေ
ဦးနှောက်တွင် အကြိတ်တစ်ခုဖြစ်ပြီး မလှုပ်ရှားနိုင်တော့သည့် ဦးရဲပိုင်၏ ရောဂါကို ပရောဂဆရာက စစ်ဆေးပြီးနောက် မကောင်းဆိုးရွား တစ်ကောင်ကောင်က ပြုစားထားသည်ဟု မှတ်ချက်ပြုလိုက်သည်။
ယင်းကြောင့် ကြက်အရှင်ကို ဆနွင်းလိမ်းလွှတ်ခိုင်းပြီး ပုလင်းကို အပူပေး၍ လေစုပ်ခွက်ကဲ့သို့ ခန္ဓာကိုယ်တွင် ကပ်သောနည်းဖြင့် ကုသနေခြင်းဖြစ်သည်။
“ရောဂါသက်သာလာသလားဆိုတော့ အခုထိတော့ မသက်သာသေးဘူး။ (ပရောဂ) ဆရာပြောတာကတော့ ပြုစားထားတာတွေ ရှင်းသွားအောင် လုပ်နိုင်ရင် သက်သာလာမယ်လို့ ပြောတယ်”ဟု ဦးရဲပိုင်၏ဇနီးက ပြောသည်။
ဦးတင်ထွန်းမှာမူ ကင်ဆာရောဂါဖြစ်နိုင်သည်ဟု ဆရာဝန်တို့မှတ်ချက်ပေးထားသော သူ့အကျိတ်ကို ဆေးပညာတတ်သည်ဆိုသော ဆေးထိုးဆရာတစ်ဦးနှင့် ကုသလျက်ရှိလေသည်။
“အကျိတ်ကြီးလာရင် ဆေးသွားထိုးလိုက်တယ်။ ခွဲရစိတ်ရမယ်ဆိုမှ ဆေးရုံတက်တော့မယ်” ဟု ဦးတင်ထွန်းကဆိုသည်။
ဦးရဲပိုင်၊ ဦးတင်ထွန်းတို့လို လူလတ်တန်းစားများပင် ဆရာဝန်နှင့်မကုနိုင်သဖြင့် တတ်ယောင်ကား ဆရာများ အားကိုးနေကြရသည်။
တစ်နေ့လုပ် တစ်နေ့စား အောက်ခြေလူတန်းစားများကမူ ရောဂါအစုံပျောက်သည်ဆိုသော တိုင်းရင်းဆေးလိုလို၊ အနောက်တိုင်းဆေးလိုလို မသဲကွဲသော အမည်အမျိုးမျိုးဖြင့် ဆေးထုတ်များကို စျေးဆိုင်များမှ ဝယ်သောက်နေကြရသည်။
စစ်အာဏာသိမ်းမှုဒဏ် ခါးစည်းခံနေကြရသည့် ပြည်သူများမှာ မှန်ကန်သင့်လျော်သည့် နည်းလမ်းဖြင့် ဆေးဝါးကုသနိုင်စွမ်း မရှိတော့၍ ဒေါက်တာရမ်းကုများထံ အသက်ကို ဝကွက်အပ်ထား ကြရပြီဖြစ်သည်။
စားဖို့ပင် အနိုင်နိုင်ဖြစ်နေသည့် လက်လုပ်လက်စားများကတော့ ဒေါက်တာရမ်းကုပင် မတတ်နိုင်၍ သေမည့်အချိန် အံကြိတ်စောင့်နေကြရဟုဆိုသည်။
ဦးရဲပိုင်၏ဇနီးဖြစ်သူကမူ သူ့ပတ်ဝန်းကျင်တွင်တွေ့နေရသည့် အခြေအနေကို အောက်ပါအတိုင်း ပြောဆိုလိုက်လေသည်။
“ကျွန်မတို့သာ ရန်ကုန်အထိ ကုဖို့သွားသေးတာ။ တချို့ဆို ရွာထဲက ဆရာမတောင် မခေါ်နိုင်လို့ မကုရတဲ့သူတွေ အများကြီး”