BREAKING
February 19, 2025

အဏုမြူလက်နက်ထိန်းချုပ်ရေး တရုတ်၊ ရုရှားတို့နှင့် ထိပ်သီးဆွေးနွေးပွဲစတင်လိုကြောင်း ထရမ့် ပြော

February 16, 2025

အဏုမြူလက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုများ ပြန်လည်စတင်လိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားသည်။

အမေရိကန်၊ ရုရှား၊ တရုတ် သုံးနိုင်ငံစလုံး၏ ကာကွယ်ရေးအသုံးစရိတ်ကို ထက်ဝက်တိတိ လျှော့ချနိုင်ရေး သဘောတူညီချက်ရနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

အမေရိကန်အနေဖြင့် အဏုမြူလက်နက်ထုတ်လုပ်ရေးအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေသည့်အပေါ် ၎င်းက ညည်းညူပြောဆိုခဲ့ပြီး အမေရိကန်၏ ပြိုင်ဘက်နိုင်ငံများအနေဖြင့်လည်း ကာကွယ်ရေးအသုံးစရိတ်များကို လျှော့ချရေး ပြန်လည်သံန္နိဋ္ဌာန်ချကြရန် မျှော်လင့်ကြောင်း ထရမ့်က ပြောဆိုသည်။

“ကျွန်တော်တို့အတွက် အဏုမြူလက်နက်အမျိုးအစားအသစ်တွေ ထုတ်လုပ်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့မှာ အများကြီးရှိနေပြီးသား ဖြစ်နေပြီ။ ဒီလက်နက်တွေနဲ့ ခင်ဗျား ကမ္ဘာကြီးကို အကြိမ်ငါးဆယ်၊ အကြိမ် တစ်ရာလောက် ဖျက်ဆီးပစ်လိုက်လို့ ရတယ်” ဟု ၎င်းက ပြောသည်။

အကျိုးရှိသည့် အခြားနေရာများတွင် အသုံးပြု၍ရသည့် ငွေကြေးများကို နျူကလီးယားလက်နက် တည်ဆောက်ရေးတွင် သုံးစွဲနေကြကြောင်း ထရမ့်က ဆိုသည်။

အမေရိကန်နှင့် ရုရှားသည် စစ်အေးခေတ်ကတည်းက အဏုမြူလက်နက် အများအပြားပိုင်ဆိုင်ထားခဲ့ကြပြီး တရုတ်သည် ‘ငါးနှစ်မှ ခြောက်နှစ်အတွင်း’ အမေရိကန်နှင့် ရုရှား၏ အဏုမြူလက်နက်ပိုင်ဆိုင်မှုပမာဏကို အမီလိုက်လာနိုင်မည်ဟု ထရမ့်က ခန့်မှန်းပြောကြားခဲ့သည်။

အဆိုပါ အဏုမြူလက်နက်များကိုသာ ထုတ်သုံးလိုက်လျှင် ကမ္ဘာကြီးသည် လုံးဝပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု ၎င်းက ပြောသည်။

အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းအရေးကိစ္စများ ဖြေရှင်းပြီးလျှင် ရုရှားနှင့် တရုတ်နှစ်နိုင်ငံနှင့် အဏုမြူလက်နက်လျှော့ချရေး ဆွေးနွေးမှုများ စတင်ပြုလုပ်ဖို့ မျှော်လင့်ကြောင်း ထရမ့်က ပြောဆိုသည်။