BREAKING
February 19, 2025

ထားဝယ်မြစ်အတွင်း အမျိုးသားအလောင်းတွေ့

February 16, 2025

ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့

ထားဝယ်မြစ်အတွင်း အမျိုးသားအလောင်းတစ်လောင်း ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် တွေ့ရှိကြောင်း ဒေသခံများနှင့် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့၊ ဆင်ဆိပ်ရပ် (၇) လမ်း၊ ဆင်ဆိပ်ဈေးအနီးရှိ ထားဝယ်မြစ်အတွင်း၌ ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“အလောင်းကတော့ ပက်လက်အနေထားနဲ့ပဲ။ ဦးခေါင်းမှာကတော့ ပေါက်ပြဲဒဏ်ရာတစ်ချက်တော့ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကိုဝင်းပိုင် (ခေါ်) ကိုသီဟဆိုသူဖြစ်ပြီး ဝဲကျွန်းမြို့သစ်တွင် နေထိုင်သူ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“သူက အရက်တော်တော်သောက်တယ်။ အလောင်းကို စတွေ့ချိန်မှာလည်း မြစ်ကမ်းနားမှာ သစ်လုံးကို ဖက်လျက် သေဆုံးနေတာကို တွေ့ရတယ်” ဟု ‌၎င်းဒေသခံက ပြောသည်။

ကိုဝင်းပိုင်(ခေါ်)ကိုသီဟ သေဆုံးသည့်အကြောင်းအရင်းကိုမူ အသေးစိတ်မသိရသေးပေ။

သေဆုံးသူ၏ ရုပ်အလောင်းကို ဇမ္ဗူသီရိအရေးပေါလူနာကူညီသယ်ဆောင်ရေးအဖွဲ့က ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလစ၍ ယနေ့အထိ ထားဝယ်မြစ်အတွင်း၌ အမျိုးသားအလောင်း သုံးလောင်းအထိ တွေ့ရှိခဲ့ကြောင်း Dawei Watch ၏ အချက်အလက်စုစည်းမှုအရ သိရသည်။