နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းရှိသည့် သာဂရမြို့ဟောင်း မြေသားမြို့ရိုးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖြိုချပြီး မြေအကွက်ရိုက်ရောင်းချရန် လုပ်ဆောင်နေကြောင်း ဒေသခံတို့က ပြောသည်။
သာဂရမြို့ဟောင်းမှာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် တည်ရှိသည်။
ဖေဖော်ဝါရီလ ၁၅ ရက်တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လုံခြုံရေးယူပေးပြီး ဘက်ဟိုးနှစ်စီးဖြင့် သာဂရမြို့ဟောင်း မြို့ရိုးများကို ဖြိုချနေကြောင်း ဒေသခံတို့က ဆိုသည်။
“ဘက်ဟိုးတွေနဲ့ ယန္တရားကြီးတွေနဲ့တကွ မြို့ရိုးအကုန်လုံးကို အပျောက် အကွက်ရိုက်ဖို့အခြေအနေ။ ဘက်ဟိုးနှစ်စီးနဲ့ မြို့ရိုးက မြေတွေကို ဖြိုနေတာက မနေ့က စပြီးလုပ်နေတာ” ဟု မျက်မြင်ကိုယ်တွေ့ တွေ့ရှိသူတစ်ဦးက Dawei Watch ကို ပြောဆိုသည်။
Dawei Watch က ကြည့်ရှုခွင့်ရခဲ့သည့် ဓာတ်ပုံမှတ်တမ်းများနှင့် ရုပ်သံဖိုင်တစ်ခုတွင်လည်း မြေတူးစက် (ဘက်ဟိုး) တစ်စီး၊ မြေသယ်ကားတို့ကို အသုံးပြုပြီး မြေဖို့နေကြသည်ကို တွေ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာနကလည်း ယဉ်ကျေးမှုကာကွယ်ရေးဇုန် အဖြစ် သတ်မှတ်ထားသော သာဂရမြို့ဟောင်း မြို့ရိုးများကို လက်နက်ကိုင်လူတစ်စုက စက်ယန္တရားကြီးများ အသုံးပြုကာ ဖြိုချဖျက်ဆီးနေသည်ကိုတွေ့ရကြောင်း၊ ယင်းသို့ဖျက်ဆီးနေသည်ကို ချက်ချင်းရပ်တန့်ရန်နှင့် ရပ်တန့်မှုမရှိပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သတိပေးထားသည်။
၂၀၂၄ ခုနှစ်ကလည်း သာဂရမြို့ဟောင်းမြို့ရိုးအချို့ကို ဖြိုချပြီး မြေအကွက်ရိုက်ကာ ရောင်းချမှုများရှိခဲ့သည်။
ထိုစဉ်က ဖြိုချခံရသည့်နေရာမှာ သာဂရမြို့ရိုးတောင်ဘက်ရှိ ဒုတိယမြို့ရိုးနေရာဖြစ်သည်ဟုဆိုသည်။
“မြို့ရိုး ဘယ်နေရာကို ဖြိုချသလဲဆိုရင် ပထမမြို့ရိုးနဲ့ ဒုတိယမြို့ရိုးကြားမှာ ကျုံးဆိုတာရှိတယ်။ အဲဒီကျုံးထဲကို မြေဖို့ ထည့်တာ။ အဲဒီလိုမြေဖို့ထည့်ပြီးမှ အကွက်ရိုက်ပြီးပြန်ရောင်းကြတာ။ မြို့ရိုးရဲ့ခြေရင်းက ပေ ၂၀ လောက်ရှိတာ။ မြေဖို့လိုက်တော့ ပေ ၄၀၊ ပေ ၆၀ အကွက်တွေဖြစ်ကုန်တာ” ဟု ယင်းဖြစ်စဉ်အသေးစိတ်ကို လေ့လာနေသည့် အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
သာဂရမြို့ဟောင်း မြို့ရိုးကိုဖြိုချပြီး အကွက်ရိုက်ရောင်းချရန် လုပ်ဆောင်နေသည့်လက်နက်ကိုင်တပ်ဖွဲ့မှာ ဗထူးတပ်မတော်က ဖြစ်ကြောင်း မျက်မြင်တွေ့သူတို့က ပြောသည်။
Dawei Watch ၏ သီးခြားစုံစမ်းမှုအရ ဗထူးတပ်မတော်အနေဖြင့် သာဂရမြို့ဟောင်း မြို့ရိုးအားဖြိုချပြီး မြေအကွက်ရိုက် ရောင်းချရန် ကြံစည်နေသည်ကို အခြားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လာရောက်တားဆီးခဲ့ဖူးသည်ဟု ဆိုသည်။
သို့သော် ရက်ပိုင်းမျှသာ မြေဖို့သည်ကို ရပ်နားခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်တွင်မူ ဘက်ဟိုးမြေတူးစက်၊ မြေသက်ကားတို့ဖြင့် ဝင်ရောက်လာပြီး မြို့ရိုးအား ဖြိုချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သာဂရမြို့ဟောင်းမြို့ရိုးအား ဖြိုချပြီး အကွက်ရိုက်ရောင်းချရန် စီစဉ်နေသည်ဆိုသည့် ပြောဆိုချက်တို့နှင့်ပတ်သက်ပြီး မေးမြန်းရန် ဗထူးတပ်မတော်တာဝန်ရှိသူတစ်ဦးအား Dawei Watch က ယနေ့ နံနက် ၁၁ နာရီကျော်က ဖုန်းဆက်သွယ်ခဲ့သည်။
သို့သော် ထိုတာဝန်ရှိသူမှာ ယင်းကိစ္စကိုသေချာစွာမသိရသေးသဖြင့် ပြန်ကြားရေးတာဝန်ခံထံ ဆက်သွယ်ရန်ပြောဆိုခဲ့သည်။
ထို့ကြောင့် ဗထူးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်ထံ ယနေ့ နံနက် ၁၁ နာရီကျော်မှ မွန်းလွဲ ၁ နာရီအထိ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။
အကြောင်းအမျိုးမျိုးပြပြီး ဖျက်ဆီးခံနေရသည်ကို လျှော့ချနိုင်ရန် ၂၀၁၂ ခုနှစ်တွင် သာဂရမြို့ဟောင်းအား ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ကြေညာခဲ့သည်။
ထိုကဲ့သို့ ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ထားသော မြို့ဟောင်းမြို့ရိုးအား အကွက်ရိုက်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လုပ်ဆောင်လာသည့်အပေါ် အကြီးအကျယ်ဝေဖန်ခံနေရသည်။
“ထားဝယ်ရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ဒီနေရာက ပြန်ပြီးလည်း တည်ဆောက်လို့မရဘူး။ ပြန်ပြီးလည်း လုပ်ယူလို့ မရဘူးပေါ့နော်။ ဖန်တီးလို့လည်းမရတော့ ကျွန်တော်တို့ကတော့ ဒီလုပ်ရပ်တွေကို ကန့်ကွက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
သာဂရမြို့ဟောင်းကို ခရစ်နှစ်၇၅၁ခုနှစ်တွင် သမန္တမင်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ပေါင်း တစ်ထောင်ကျော်သက်တမ်းရှိနေပြီဖြစ်သည်။