BREAKING
February 19, 2025

ကစ်သလစ်ဘုန်းတော်ကြီးသတ်ဖြတ်ခံရမှု ကျူးလွန်သူများကိုအရေးယူပေးရန် ကစ်သလစ်ဆရာတော်များအဖွဲ့ချုပ် ထုတ်ပြန်

February 16, 2025

ဓာတ်ပုံ - CBCM OSC

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကစ်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာရ်ဒေါနယ်မာတင် ရဲနိုင်ဝင်း သတ်ဖြတ်ခံရမှု တွင် ကျူးလွန်သူများကို ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ပြီး တရားမျှတမှုကို ဖော်ဆောင်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM) က တောင်းဆိုသည်။

မန္တလေး ကစ်သလစ်ဂိုဏ်းချုပ်သာသနာက ဘုန်းတော်ကြီး ဖာသာရ်ဒေါနယ်မာတင် (Father Donald Martin) သည် ရွှေဘိုမြို့နယ်အရှေ့ဘက်ခြမ်း ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းတွင် သာသနာ့တာဝန် ထမ်းဆောင်နေစဉ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် လက်နက်ကိုင်လူတစ်စုက ကျောင်းဝင်းထဲသို့ ဝင်ရောက်ပြီး ဓားဖြင့် သတ်ဖြတ်သွားခြင်းဖြစ်သည်။

လက်နက်ကိုင်လူတစ်စုက ယင်းသို့သတ်ဖြတ်မှုအပေါ် လွန်စွာ အံ့ဩတုန်လှုပ်ပြီး ဝမ်းနည်းရကြောင်း CBCM ၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ ၁၅ ရက် ရက်စွဲဖြင့် ယနေ့ ထုတ်ပြန်သည်။

အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် တာဝန်ရှိသူများအနေဖြင့် တာဝန်ယူမှု ပြည့်ဝစွာဖြင့် ပြစ်မှုကျူးလွန်သူတို့ကို အရေးယူးပေးရန် အထက်ပါအသင်းချုပ်က တောင်းဆိုထားသည်။

ဖာသာရ်ဒေါနယ်မာတင်ကို တအုံရွာ တော်လှန်ရေးတပ်ဖွဲ့က ခေါင်းဆောင် တိုက်ကောနှင့် အဖွဲ့ဝင် ကိုးဦးတို့က သတ်ဖြတ် ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ရွှေဘိုခရိုင် တပ်ရင်း (၅) က ဖမ်းဆီးပြီး မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံ လွှဲပြောင်းထားကြောင်း ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြသည်။

သတ်ဖြတ်သည့်အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။

သက်တော် ၄၄နှစ် ဝါတော် ၇နှစ် ရှိပြီဖြစ်တဲ့ ဖာသာရ်ဒေါနယ်မာတင် သည် ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော် သခင်မဘုရားကျောင်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၂နှစ်ခန့်ရှိပြီဖြစ်ကြောင်း သတင်းအချို့တွင် ဖော်ပြသည်။

နိုင်ငံရေးအရှုပ်အရှင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ရဟန်းသံဃာတော်များကို ရက်ရက်စက်စက် သတ်ဖြတ်နေသည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကို မဆိုကန့်ကွက်ရှုတ်ချကြောင်း ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် အခြေစိုက် မြေပြင်သတင်းစုံစမ်းထောက်လှန်းရေးနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဖာသာရ်ဒေါနယ်မာတင် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ရွှေဘိုနယ် သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့အစည်းများအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေးလုပ်ဆောင်ပေးရန်၊ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် အဆိုပါဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။