BREAKING
February 22, 2025

အမျိုးသမီးလစဉ်သုံးပစ္စည်း ဈေးနှစ်ဆကျော်တက်

February 16, 2025

ဓာတ်ပုံ - Dawei Watch

အာဏာသိမ်းပြီး သုံးနှစ်တာကာလအတွင်း အမျိုးသမီးလစဉ်သုံးပစ္စည်းဈေး နှစ်ဆကျော် တက်လာကြောင်း တနင်္သာရီတိုင်း စျေးကွက်အတွင်းမှ သိရသည်။

‌၂၀၂၂ ခုနှစ်က ဒေသအတွင်း အသုံးများသည့် Pinky(ပင်ကီ) အမှတ်တံဆိပ်လစဉ်သုံးတစ်ထုပ်လျှင် ၁၅၀၀ ကျပ်ဝန်းကျင်၊ Shuya(ရူယ)တံဆိပ် လစဉ်သုံးတစ်ထုပ်လျှင် ၃၀၀၀ကျပ်နှင့် ပျိုမေတစ်ထုပ်လျှင် ကျပ် ၁၀၀၀ သာ ဈေးရှိခဲ့ သည်။

လက်ရှိအချိန်တွင် Pinky တစ်ထုပ်လျှင် ၄၀၀၀ကျပ်၊ Shuya တစ်ထုပ်လျှင် ၇၀၀၀ကျပ် ၊ ပျိုမေ တံဆိပ်တစ်ထုပ်လျှင် ၃၅၀၀ ကျပ် အထိဈေးမြောက်နေကြောင်း ဘုတ်ပြင်းမြို့နယ်နှင့် မြိတ်မြို့နယ်နေ ဒေသခံအမျိုးသမီးအချို့က ဆိုသည်။

“တစ်လတစ်လ အီဗာ(လစဉ်သုံး)ဖိုး သီးသန့် နှစ်သောင်းနီးပါးလောက်ရှိတယ်။ဒါ‌တောင် ညဘက်တွေ မသုံးဘဲ အိပ်တယ်”ဟု မြိတ်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် ပြည်တွင်းထုတ် အမျိုးသမီးလစဉ်သုံးပစ္စည်း အမှတ်တံဆိပ်အချို့မှာ အရည်အသွေးညံ့လာပြီး သုံးစွဲရအဆင်မပြေဖြစ်လာကြောင်း အမျိုးသမီးအချို့က ဆိုသည်။

“တစ်ချို့ pad တွေဆို ဈေးနှုန်းတွေပဲ မြင့်တက်လာတယ်။ အရည်အသွေးပိုင်းကျတော့ တော်တော်နိမ့်ကျလာတယ်။ ကပ်အားလည်း နည်းလာတယ်။ ပါးလာတဲ့အတွက် သုံးရတာအဆင်မပြေဘူး”ဟု ဘုတ်ပြင်းမြို့နယ်နေ အမျိုးသမီးတစ်ဦးကပြောသည်။

ပြည်တွင်းထုတ် အမျိုးသမီးလစဉ်သုံးပစ္စည်းအများစုက ဈေးကြီးပြီးအရည်အသွေးပိုင်း မကောင်းတော့သည့်အတွက် ပြည်ပထုတ်လစဉ်သုံးပစ္စည်းများကို အဓိကထားသုံးစွဲနေရကြောင်း ၎င်းတို့က ပြောသည်။

“ဈေးများတာချင်းတူပေမယ့် ဈေးပိုပေးပြီး ထိုင်းတို့ ၊ဂျပန်တို့က ထုတ်တာတွေကိုပဲ ဝယ်သုံးဖြစ်တာများတယ်။ ယိုစိမ့်မှု ဘာညာကြောက်ရတဲ့အတွက် အမျိုးသမီးအများစုကလည်း အရည်အသွေးကောင်းတာကို သုံးချင်ကြမှာပဲ”ဟု အမျိုးသမီးတစ်ဦးကပြောသည်။

တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံ နှင့် ဂျပန်နိုင်ငံက ထုတ်သည့် အမျိုးသမီးလစဉ်သုံး အမှတ်တံဆိပ် အများစုသည် ဈေးနူန်းအားဖြင့် ကျပ်တစ်သောင်းဝန်းကျင်ဈေးရှိကြောင်း အမျိုးသမီးအချို့ထံမှ သိရသည်။