BREAKING
February 21, 2025

ပုလော ရှပ်ပုံတိုက်ပွဲတွင် စစ်ကောင်စီက ကြည်း၊ရေ၊လေသုံးပြီးတိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

February 16, 2025

ပုံစာ - မြိတ်ခရိုင် တပ်ရင်း ၁ မှ ရဲဘော်များ။ ဓာတ်ပုံ - မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း။

ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှသိရသည် ။

ယင်းတိုက်ပွဲများတွင် စစ်ကောင်စီ က ခြေလျင်စစ်ကြောင်းအပြင် ရေကြောင်းနှင့် လေကြောင်းတို့ကို သုံးပြီးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးအင်အားစုများက ပြောသည် ။

ဖေဖော်ဝါရီလ ၁၃ ရက်တွင် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း က တော်လှန်ရေးအင်အားစုများရှိရာသို့ ရောက်ရှိလာ၍ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း၌ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့သည်ဟု မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည် ။

“ထိတွေ့မှု စဖြစ်တာနဲ့ စစ်တပ်ဘက်က ၂ ယောက်ကျတာ မျက်မြင်အတည်ပြုနိုင်တယ်။ သူတို့ကျတာနဲ့ ခဏ ပြန်ဆုတ်သွားတယ်” ဟု ၎င်းကပြောဆိုသည် ။

ဖေဖော်ဝါရီလ ၁၄ ရက်တွင်မူ စစ်ကောင်စီစစ်ကြောင်း က ရှပ်ပုံအုပ်စု ၊ ဆီတောင်ရွာဘက်မှ ရေချိုရွာဘက်သို့ တောလမ်းအတိုင်း စစ်ကြောင်းပြန်ဝင်လာစဥ် တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ထံကသိရသည် ။

ရေချိုရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရေတပ်သင်္ဘောက ပစ်ကူသော်လည်း စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက နှစ်ဖက်ညှပ်တိုက်သဖြင့် ရှေ့တိုးမပေါက်၍ ဖေဖော်ဝါရီလ ၁၄ ရက် ညနေ ၃ နာရီ ဝန်းကျင်တွင် Mi 2 ရဟတ်ယာဥ်ဖြင့် တိုက်ပွဲဧရိယာသို့ ဗုံးသီး အလုံး ၂၀ ကျော်ကြဲချခဲ့ကြောင်း တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံ ကဆိုသည် ။

ရေချိုရွာတိုက်ပွဲတွင် မြိတ်ခရိုင် တပ်ရင်း ၁ မှ ရဲဘော်တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရကာ စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း ထိခိုက် သေဆုံးမှုရှိကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ ကထုတ်ပြန်သည်။

” လေကြောင်းကြဲတဲ့အချိန်မှာ ရဲဘော်တစ်ယောက်ကျသွားပါတယ် ။ နှစ်ယောက်က ဒဏ်ရာရတယ် ။ မနက်ပိုင်း မှာက အရပ်သား လင်မယားနှစ်ယောက် စစ်တပ်ဘက်က လက်နက်ကြီးမှန်ပြီး တစ်ယောက်သေတယ် ။ တစ်ယောက်ဒဏ်ရာရတယ်” ဟု မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ခံ ကပြောသည် ။

ဖေဖော်ဝါရီလ ၁၄ ရက်တိုက်ပွဲပြီးနောက် စစ်ကောင်စီဘက်က ပြန်လည်ဆုတ်ခွာသွားသော်လည်း အချိန်မရွေးတိုက်ပွဲ ပြန်ဖြစ်နိုင်သည့် အခြေအနေတွင်ရှိပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာစဥ် သေနတ်အပို ငါးလက်ခန့်ကို ပြန်သယ်သွားသည်ကို မျက်မြင်တွေ့ရသည်ဟု ဒေသခံများက ပြောသည်ဟု တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်တစ်ဦးကပြောပြသည် ။

စစ်ကောင်စီ တပ်များပြန်လည်ဆုတ်ခွာစဥ် ဆီတောင်ရွာရှိ ဥယျာဉ်ခြံတစ်ခုအတွင်း၌ နေအိမ်တစ်လုံး ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု ၎င်းကဆက်ပြောသည်။

ပုလောမြို့နယ် ၊ ရှပ်ပုံအုပ်စု တွင် ဖြစ်ခဲ့သည့် တိုက်ပွဲတွင် မြိတ်ခရိုင် တပ်ရင်း ၁ ၊ ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်( KNDO ) တို့ ပူးပေါင်း ပါဝင်ခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးအင်အားစုများထံမှသိရသည် ။