ထားဝယ်တွင် သွေးရှာရခက်ခဲလာကြောင်း သွေးလှူရှင်ပရဟိတအသင်းအချို့ထံမှ သိရသည်။
ယခုရက်ပိုင်းတွင် လူငယ်၊ လူရွယ်၊ လူလတ်များ ပြည်ပထွက်ခွာမှုများလာတာကြောင့် အသင်းဝင် အင်အားနည်းလာသည့် အတွက် သွေးရရှိရန်ခက်ခဲလာကြောင်း သွေးလှူရှင်အသင်း ဦးဆောင်သူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့အသင်းမှာ သွေးလှူရှင် အဖွဲ့ဆိုတဲ့စာသားတောင် ဖြုတ်ရမလိုဖြစ်နေပြီ။ ခါတိုင်း သွေးငါးလုံးလောက်ရှာပေးနေရတဲ့နေရာမှ အခုက နှစ်လုံးတောင် မနည်းရှာပေးနေရတယ်” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်မြို့တွင် သွေးလှူရှင်အသင်း ခြောက်ခုထက်မနည်းရှိသည်။ အများစုမှာ လူငယ်လူရွယ်များဖြင့် စုပေါင်းဖွဲ့စည်းခြင်းဖြစ်သည်။
“ဒီလကုန်ရင်တော့ ကျွန်တော်တို့ အဖွဲ့ဝင်အသစ်တွေ ရလာအောင် ပြန်ပြီး စည်းရုံးလုပ်ဆောင်မယ့် အစီအစဉ်တော့ ရှိတယ်” ဟု သွေးလှူရှင်အသင်း နောက်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် တိုင်းအတွင်းရှိ နယ်စပ် ထွက်ပေါက်များတွင် ယခုရက်ပိုင်းအတွင်း ပြည်ပသို့ ထွက်ခွာသူ များပြားလာသည်။
ပုံမှန်အားဖြင့် ကော့သောင်းနယ်စပ်မှ ၇ ရက် ယာယီနယ်စပ်ဖြတ်ကျော်ခရီးသွား ခွင့်လက်မှတ် ဖြင့် တစ်ရက်လျှင် လူဦးရေ ၂၀၀ခန့်သွားရာမှ စစ်မှုထမ်းဥပဒေပြဌာန်းပြီး နောက် တစ်ရက် ၅၀၀ကျော်ထွက်ခွာလာကြကြောင်း ကော့သောင်းမြို့ခံများနှင့် ပဲ့ချိတ်လှေသမားတို့ထံမှ သိရသည်။