BREAKING
January 16, 2025

ရေးတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက်က အထိနာနေဟုဆို

January 16, 2025

ပုံစာ - ကျုံလောင်းတိုက်ပွဲတွင် ပါဝင်နေသည့် NMSP-AD တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - NMSP-AD

မွန်ပြည်နယ်၊ ရေးမြို့၊ ကျုံလောင်းရွာဟောင်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာနေသည်ဟု ဒေသတွင်းတိုက်ပွဲအခြေအနေကို လေ့လာစောင့်ကြည့်နေသူများနှင့် တော်လှန်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။

အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) နှင့် ၄ မိုင်ခန့်သာ ကွာဝေးသည့် ကျုံလောင်းရွာအနီးတဝိုက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် မွန်၊ ကရင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကျုံလောင်းရွာဟောင်းဘက် စကခ – ၁၉ လက်အောက်ခံ တပ်ရင်းများမှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိသည့်အတွက် တိုက်ပွဲသည် ဇန်နဝါလ ၁၆ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

“တိုက်ပွဲက ဒီနေ့အထိဖြစ်နေတယ်။ အခြေအနေကတော့ စစ်တပ်ကလည်း ဝင်လာနေတယ်။ ဒီဘက် တော်လှန်ရေးဘက်ကလည်း ဆက်ရှိနေမယ်ဆိုရင် တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့ပဲ များပါတယ်။ စစ်ကောင်စီဘက်ကလည်း အထိနားနေတဲ့အခြေအနေရှိနေတယ်။ သူတို့ဘက် အထိနာတော့ ပိုပြီး ဖိတိုက်လာတဲ့အနေအထားတွေ့ရတယ်။ ဒေသခံတွေကတော့ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက ပြေးကြတော့ ရွာမှာ မရှိသလောက်ပါပဲ။ အခုအခြေအနေက ရေးမြို့ပေါ်ကလူတွေတောင် ပြေးရမလိုလိုပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဘက်ကမူ ကျုံလောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် ၇၀ ဦးခန့် သေဆုံးပြီး၊ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေက ထုတ်ပြန်ထားသည်။ သို့သော် ယင်းအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိပေ။

ယင်းအပြင် တော်လှန်ရေးအင်အားစုဘက်ကလည်း တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိထားသော်လည်း မစိုးရိမ်ရဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကျုံလောင်းရွာဘက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေသည့်အပြင် ဇန်နဝါရီလ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သေးသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်နေခြင်းကြောင့် ကျုံလောင်းရွာနှင့် အနီးနားရှိ ကျောက်မိကျောင်း (တောင်/မြောက်) ဝယ်ပေါင် အစရှိသည့်ကျေးရွာတို့မှ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများအနက် ၄၀၀ ကျော်သည် ရေးတောင်ပိုင်း မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသသို့ ရောက်ရှိနေပြီး မွန်ပြည်သစ်ပါတီက ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာနမှ ဆန်၊ ဆီ၊ ငါးသေတ္တာ အစရှိသည့် အသင့်စား ရိက္ခာများကို ကနဦး ထောက်ပံ့ပေးလျက်ရှိသည်။