BREAKING
January 16, 2025

မြန်မာလုပ်သားများ၏ ဘဏ်အကောင့်များ အလွဲသုံးစားလုပ်နေသည့် အဖွဲ့ခေါင်းဆောင်တစ်ဦးကို ဖမ်းမိ

January 16, 2025

မြန်မာအလုပ်သမားများကို လိမ်လည်၍ ဘဏ်အကောင့်များ ဖွင့်စေခဲ့ပြီး အွန်လိုင်းရာဇဝတ်မှုများတွင် အလွဲသုံးစားပြုလုပ်နေသော အဓိကသံသယရှိသူ ထိုင်းနိုင်ငံသား အဖွဲ့ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံသား ချစ်တီးစန်အမည်ရှိသူကို ရဲတပ်ဖွဲ့က လအတော်ကြာ ရှာဖွေစုံစမ်းခဲ့ပြီးနောက် နခွန်ပထုံခရိုင် ကမ်ဖေးစဲဒေသတွင် ဇန်နဝါရီလ ၉ ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

၎င်းသည် မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များ၊ ATM ကတ်များနှင့် အခြားငွေကြေးအကောင့်များကို အလွဲသုံးစားပြုလုပ်ပြီး အွန်လိုင်းရာဇဝတ်မှုပြုလုပ်နေသူများထံ လွှဲပြောင်းရောင်းချနေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မြန်မာအလုပ်သမား ၅၄ ဦးက ၎င်းတို့၏ ဘဏ်အကောင့်များ အလွဲသုံးစားပြုလုပ်ခံနေရသဖြင့် အကောင့်များကို ပိတ်ပေးရန် မြန်မာသံရုံးမှတစ်ဆင့် အကူအညီတောင်းခံခဲ့ပြီးနောက် ထိုင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာမှ စုံစမ်းစစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနှင့် မြန်မာပွဲစားအုပ်စုများက အလုပ်လုပ်သောအခါ လစာငွေပေးချေရန်အတွက်ဟုဆိုပြီး မြန်မာအလုပ်သမားများကို ဖုန်းနံပါတ်အသစ်များ ပေး၍ ဘဏ်အကောင့်များ လိမ်လည်ဖွင့်စေခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ယင်းဘဏ်အကောင့်များကို ဖွင့်ပြီးသည်နှင့် မြန်မာအလုပ်သမားများက ကိုင်ဆောင်ရခြင်းမရှိဘဲ ပွဲစားများက ဖုန်းဆင်းကတ်နှင့် အကောင့်များကို သိမ်းဆည်းသွားကြောင်း‌ မြန်မာလုပ်သားများက ဆိုသည်။

ပွဲစားများကတစ်ဆင့် ဘဏ်အကောင့်နှင့် ဖုန်းကတ်များကို အွန်းလိုင်းရှောပင်းနှင့် အွန်လိုင်းလောင်းကစားကဲ့သို့ အွန်လိုင်းရာဇဝတ်မှု လုပ်နေသူများထံသို့ ပြန်ရောင်းချခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယင်းဘဏ်အကောင့်များကို စစ်ဆေးလိုက်ရာ မြန်မာအလုပ်သမားများ ကိုယ်တိုင်ပင် မသိလိုက်ဘဲ အကောင့်များအတွင်း ဘတ်ငွေ သန်း ၂၀၀၀ ကျော်အထိ ဝင်ထွက်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ဆိုသည်။

ယင်းငွေကြေးဝင်ထွက်စီးဆင်းမှုများအတွက် အချို့ မြန်မာအလုပ်သမားများလည်း တရားစွဲခံထားရသည့်ဖြစ်စဉ်မျိုး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုချက်ကို ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသားကို နွန်ထဘူရီခရိုင်ရှိ အွန်လိုင်းရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနတွင် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ်ကလည်း ဘဏ်အကောင့်များ အလွဲသုံးစားအလုပ်ခံရသော မြန်မာအလုပ်သမားရာချီရှိခဲ့ပြီး ဘဏ်အကောင့်များမှတစ်ဆင့် ငွေကြေးခဝါချမှုများ၊ အွန်လိုင်းလောင်းကစားပြုလုပ်မှုများ လုပ်ထားသည်ဆိုကာ စွပ်စွဲချက်ဖြင့် မြန်မာအလုပ်သမား ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

မြန်မာအလုပ်သမားများအနေဖြင့် မိမိ၏ ဘဏ်အကောင့်များကို အခြားသူများအား လွှဲပြောင်းခြင်းမပြုလုပ်ကြရန်နှင့် အကယ်၍ ဘဏ်အကောင့်များ သိမ်းဆည်းခံထားရပါက နီးစပ်ရာ မြန်မာအလုပ်သမား အဖွဲ့အစည်းများသို့ဖြစ်စေ ရဲစခန်းသို့ဖြစ်စေ သွားရောက်တိုင်ကြားကြရန် အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Ref: The Nation Thailand, Bangkok Post, Siamrath