ဟိန္ဒူဘာသာဝင်တွေရဲ့ ‘ကုမ့်မေလာပွဲတော်’ကို အိန္ဒိယနိုင်ငံမြောက်ပိုင်း ပရာယာဂရာ့ချ်မြို့မှာ အခုတစ်ပတ် တနင်္လာနေ့ကစပြီး ကျင်းပနေပါတယ်။
၁၂ နှစ်ကြာမှ တစ်ခါကျင်းပလေ့ရှိတဲ့ ဒီပွဲတော်ကို အနယ်နယ်အရပ်ရပ်က ဟိန္ဒူဘာသာဝင်တွေ ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဆာဒူးကြီးတွေ သန်း ၄၀၀ ခန့် ပါဝင်ဆင်နွှဲသွားဖို့ရှိတယ်လို့ တွက်ဆထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေထက်ပိုများတဲ့လူအရေအတွက်က ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲသွားကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲတော်ကို ကမ္ဘာ့အကြီးဆုံးလူစုလူဝေးကြီးလို့လည်း ဆိုနိုင်ပါတယ်။
ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်နှစ်စင်းဟာ ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်အထားရဆုံး မြစ်ကြီးနှစ်စင်း ဖြစ်ပါတယ်။ ဒီမြစ်ကြီးနှစ်စင်းထဲမှာ ရေချိုးသန့်စင်ရတာက မိမိရဲ့ အတိတ်က မကောင်းမှုတွေကို ဆေးကြောသန့်စင်ပေးနိုင်ပြီး ဘဝသံသရာက လွတ်မြောက်စေနိုင်တယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။
အထူးသဖြင့် မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်တွေမှာ ရေချိုးသန့်စင်ရင် ပိုမိုအကျိုးထူးတယ်လို့ ယုံကြည်ကြပါတယ်။ ကုမ့်မေလာပွဲတော်နေ့ရက်တွေမှာ ရေချိုးသန့်စင်ရင် အကျိုးအထူးဆုံးရတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။
ဒါဟာ အလယ်ခေတ်ကာလကတည်းကနေ ဒီကနေ့အချိန်အထိ ရှင်သန်နေဆဲဖြစ်တဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ယုံကြည်မှုတစ်ခု ဖြစ်ပါတယ်။
ဒီပွဲတော်ကို လာရောက်တဲ့ ဟိန္ဒူဘာသာဝင်တွေဟာ ဂင်္ဂါမြစ် ၊ ယမုံနာမြစ်နဲ့ ဒဏ္ဍာရီထဲက ဆွာရာဝတီမြစ်ဆိုတဲ့ မြစ်သုံးစင်း ပေါင်းဆုံတဲ့ ဆန်ဂမ်မြစ်ဆုံမှာ ရေချိုးသန့်စင်ကြမှာ ဖြစ်ပါတယ်။














ဆွာရဝတီမြစ်ဟာ ဟိမဝန္တာတောင်တန်းတွေကစီးဆင်းလာခဲ့ရာမှာ ပရာယာဂရာ့ချ်မြို့မှာ ဂင်္ဂါမြစ် ၊ ယမုံနာမြစ်တို့နဲ့ ပေါင်းဆုံသွားတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။ မျက်မှောက်ခေတ်မှာတော့ ဆွာရဝတီမြစ် တကယ်တည်ရှိခဲ့ မရှိခဲ့ဆိုတာက အငြင်းပွားစရာအကြောင်းအရာတစ်ရပ်အဖြစ် ရှိနေဆဲပါပဲ။
ဟိန္ဒူဒဏ္ဍာရီထဲမှာ ဗိဿနိုးနတ်မင်းကြီးက ထာဝရအသက်ကို ပေးနိုင်တဲ့ ဝတ်ရည်ကို ထည့်ထားတဲ့ ရွှေကရားတစ်လုံးကို နတ်ဆိုးတွေလက်ကနေ လုယူလာခဲ့ပါတယ်။ အဲဒီရွှေကရားထဲက ဝတ်ရည်စက်အချို့ဟာ ပရာယာဂရာ့ချ်မြို့ ၊ နာဆစ်ခ်မြို့ ၊ ဥူဂျိန်းမြို့ ၊ ဟာရိဒ်ဝါမြို့ လေးမြို့မှာ ဖိတ်ကျခဲ့တယ်လို့ ဟိန္ဒူဒဏ္ဍာရီမှာ အဆိုရှိပါတယ်။
အဲဒီမြို့လေးမြို့မှာ ကုမ့်မေလာပွဲတော်ကို ရာစုနှစ်ပေါင်းများစွာတိုင်အောင် နက္ခတ္တဗေဒအရ အလှည့်ကျ ကျင်းပလာခဲ့ပါတယ်။ “ကုမ့်မေလာ”ဆိုတာက “ရေကရားပွဲတော်”လို့ အဓိပ္ပါယ်ရပါတယ်။
ဒီနှစ် ပရာယာဂရာ့ချ်မြို့မှာ ကျင်းပမယ့် ကုမ့်မေလာပွဲတော်ကတော့ အကြီးကျယ်ဆုံးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်အဖြစ် သတ်မှတ်ထားကြပါတယ်။
အိန္ဒိယအာဏာပိုင်အတွက်တော့ ဒီပွဲတော်ဟာ ဟိန္ဒူဘာသာရေး ၊ ခရီးသွားလုပ်ငန်းနဲ့ လူစုလူဝေးစီမံခန့်ခွဲနိုင်စွမ်းကို ထုတ်ဖော်ပြသခွင့်ရစရာတစ်ခု ဖြစ်တယ်လို့ ဆိုကြပါတယ်။
အိန္ဒိယရဲ့ ယခင်က အစိုးရခေါင်းဆောင်အဆက်ဆက်ကလည်း ဒီပွဲတော်ကို အသုံးချပြီး ဟိန္ဒူမဲဆန္ဒရှင်ပြည်သူတွေနဲ့ ဆက်ဆံရေးပိုကောင်းအောင် ကြိုးစားခဲ့ကြပါတယ်။
လက်ရှိဝန်ကြီးချုပ် နာရန်ဒရာမိုဒီ လက်အောက်မှာတော့ ဟိန္ဒူအမျိုးသားရေးဝါဒကို မြှင့်တင်ဖို့အတွက် ကုမ့်မေလာပွဲတော်က အကောင်းဆုံးလက်နက်တွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။