BREAKING
January 16, 2025

တနင်္သာရီတိုင်းတွင် ဖုန်းလိုင်းရက်ရှည်ပြတ်တောက်သဖြင့် နစ်နာမှု အက်တမ်ကုမ္ပဏီ တာဝန်မခံဟု ဝေဖန်ခံရ

January 16, 2025

တနင်္သာရီတိုင်းရှိ နေရာအများစုတွင် အက်တမ်ဖုန်းလိုင်း ရက်ရှည်ပြတ်တောက်ခဲ့သည့်အတွက် သုံးစွဲသူများ၏ ဆုံးရှုံးမှုများကို ကုမ္ပဏီဘက်က တာဝန်ယူဖြေရှင်းပေးခြင်း မရှိကြောင်း သုံးစွဲသူများက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဥဿရံကျေးရွာအနီးတွင် အက်တမ်ဖုန်းလိုင်း၏ ဖိုင်ဘာကြိုးများ ဖြတ်တောက်ခံရပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်ကစပြီး တိုင်းအတွင်း နေရာအများစုတွင် ဝန်ဆောင်မှု ရပ်တန့်သွားခဲ့သည်။

ယင်းနောက် ၃၄ ရက်အကြာတွင် ထားဝယ်မြို့အပါအဝင် နေရာအချို့၌ အက်တမ်ဖုန်းလိုင်းများ ပြန်ရခဲ့သော်လည်း အက်တာနက်သုံးစွဲ၍ မရကြသေးပေ။ ယခု ဇန်နဝါရီလထဲတွင်မူ အင်တာနက်ပြန်လည်သုံးစွဲရလာကြသည်။

အက်တမ်ဖုန်းလိုင်း၊ အင်တာနက်လိုင်းအပါအဝင် အက်တမ်နှင့် ချိတ်ဆက်ထားသည့် အခြား ဝိုင်ဖိုင်ဝန်ဆောင်မှုလုပ်ငန်းများ၊ KBZ Pay၊ Wave Money ကဲ့သို့သော အွန်လိုင်းငွေကြေးလွှဲပြောင်းမှုလုပ်ငန်း လုပ်ကိုင်သူများစွာ ထိခိုက်နစ်နာမှုရှိခဲ့သည်။

“ဝိုင်ဖိုင်သုံးလစာ ငွေသွင်းထားတာဆို နှစ်သိန်းခြောက်သောင်း (ကျပ်) ဖိုး။ ဆက်ရက်လောက်ပဲ သုံးရသေးတယ်” လောင်းလုံးမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့နစ်နာမှုတို့အတွက် ထားဝယ်မြို့ရှိ အက်တမ်အရောင်းဆိုင်အား သွားရောက်မေးမြန်းရာတွင်လည်း တိကျသည့် အဖြေမရခဲ့ကြောင်း မြို့ခံတို့ကပြောသည်။

“(အက်တမ်အ‌ရောင်းဆိုင်က) ရုံးချုပ်ကို အကြောင်းကြားပေးထားတယ်ပဲ ပြန်ပြောလိုက်တယ်” ဟု အထက်ပါ လောင်းလုံးဒေသခံက ဆိုသည်။

အက်တမ် Call Centre သို့ ဖုန်းခေါ်ဆိုမေးမြန်းရာတွင်လည်း မြို့နယ်နှင့်ချီပြီး ဖုန်း၊ အင်တာနက် ပြတ်တောက်မှုတို့အတွက် ကုမ္ပဏီဘက်က တာဝန်ယူလုပ်ဆောင်ပေးခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

သုံးစွဲသူများ၏ နစ်နာဆုံးရှုံးမှုအတွက် ကုမ္ပဏီဘက်က တာဝန်ယူရန် လိုအပ်ကြောင်း သုံးစွဲသူအချို့က ဆိုသည်။

“အခုဖြစ်တာက သူတို့ကြောင့်ဖြစ်တာ သူတို့တာဝန်ယူရမှာပေါ့။ သုံးလစာသွင်းထားရင် တစ်လစာဖြစ်ဖြစ် အစားပြန်ပေးတာမျိုး လုပ်သင့်တယ်” ဟု ထားဝယ်မြို့ မြို့တွင်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အက်တမ်ဖုန်းလိုင်းပြတ်တောက်သွားသဖြင့် အင်တာနက်သုံးစွဲရန် အခြားအင်တာနက်ဝန်ဆောင်မှုများကို ဝယ်ယူခဲ့ရသဖြင့်လည်း ငွေကုန်ကျမှုများရှိကြောင်း မြို့ခံတို့က ပြောသည်။

“အက်တမ် မရတော့ 5BB ဆိုတဲ့ဟာ ဝယ်သုံးရတယ်။ အဲဒါလည်း မြို့ထံမှာတော်တော်ရောင်းကောင်းသွားသေးတာ။ သူတို့မှာတော့ ရောင်းကောင်းပေမယ့် သုံးစွဲသူတွေကတော့ နာပြီးရင်းနာပဲ” ဟု ထားဝယ်မြို့ခံ ဓာတ်ပုံစတူဒီယို လုပ်ငန်းပိုင်ရှင်တစ်ဦးက ‌ပြောသည်။

Dawei Watch အနေဖြင့် တနင်္သာရီတိုင်းရှိ အက်တမ်တာဝန်ခံထံသို့ ယနေ့ ဇန်နဝါရီလ ၁၆ ရက်တွင် ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။