BREAKING
January 16, 2025

ထားဝယ်တွင် သီဟိုရာသီ အဖွင့်စျေးကောင်း

January 16, 2025

ပုံစာ - ထားဝယ်မြို့ရှိ ပွဲရုံတစ်ရုံတွင် တွေ့ရသည့် သီဟိုဌ်စေ့များ

ထားဝယ်တွင် သီဟို(သီဟိုဠ်)သီး စထွက်ချိန် သီဟိုစေ့အဖွင့်စျေးမှာ မနှစ်ကထက် စျေးကောင်းပိုရနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယမန်နှစ်က သီဟိုစေ့ ရာသီအဖွင့်စျေးမှာ တစ်ပိသာ ကျပ် ၅၅၀၀ ဖြင့်စျေးစဖွင့်ခဲ့သော်လည်း ယခုနှစ်ဇန်နဝါရီလဝက်တွင် တစ်ပိသာ ၆၅၀၀ ကျပ်ဖြင့် ပွဲရုံအချို့ စျေးစဖွင့်၍ ဝယ်ယူနေသည်။

ယခုနှစ်သီဟိုအဖွင့်စျေးမှာ ယမန်နှစ် ထက် သီဟိုစေ့တစ်ပိဿာ ကျပ် ၁၀၀၀ စျေးပိုလာခြင်း ဖြစ်သည်။

“ဒါကတောပွဲ ရုံစျေးပေါ့နော် စက်ရုံရှင်တွေက နောက် နှစ်ပတ်လောက်ကြာမှ စျေးဖွင့်တာများတယ် အသီးအခြေနေဆိုတာကလည်း ၂ လပိုင်းကုန်ခါနီး ၃လပိုင်း လောက်မှ ခန့်မှန်းလို့ရမယ်”ဟု ထားဝယ်မြို့ ရှိ သီဟိုစေ့လုပ်စက်ရုံလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ထားဝယ် ဒေသရှိ သီဟိုရာသီမှာ ရာသီဥတုအလိုက် အစောဆုံး ဒီဇင်ဘာနောက်ဆုံးပတ်မှ နှစ်စဉ်သင်္ကြန် ကာလပြီးချိန်အထိ အရောင်းအဝယ်ပြုလုပ်လေ့ ရှိကြသည်။

“မနက်ကငါးပိဿာ လောက်လာ(ရောင်း)တယ်။ ၆၅၀၀ စျေးပေးတယ်။ သိပ်အများကြီးလည်း မဝင်သေးဘူး”ဟု ပွဲရုပ် လုပ်ငန်းလုပ်သည့် အမျိုးသားတစ်ဦးကပြောသည်။

ယခုနှစ် ထားဝယ်ဒေသတွင် သီဟိုဝတ်ဆံများကို များစွာတွေ့ နေရသော်လည်း လေပြင်းတိုက်ခြင်းကြောင့် အကြွေများနေသည်ဟု သရက်ချောင်းမြို့ နယ်၊ သဲချောင်းကြီး ရွာသား တစ် ဦး ကပြောသည်။

“အသီးမတွေ့ရသေးဘူး ဝတ်ဆံက လေပြင်းတိုက်တော့ ကြွေတာများ နေတယ်”ဟု ၎င်းကပြောသည်။

ယင်းအပြင် လောင်းလုံးမြို့နယ်ရှိ ဒေသအချို့ တွင် ယခုနှစ် ဒီဇင်ဘာနှင့် ဇန်နဝါရီ အစောပိုင်းကာလများ တွင် သီဟိုပန်းပွင့်ချိန် နှင်းကျများသည့်အတွက် အင်းဆက်ပိုးအထွက်များပြီး ဝတ်မှုံကူးကြ ရာ သီဟိုပင်အများစုမှာ ဝတ်ဆံ ခြောက်သွေ့မှုအဖြစ်များနေကြောင်း ယင်းကြောင့် အထွက်နှုန်းကို ခန့်မှန်း၍ မလွယ်ကူသေးကြောင်း ထားဝယ်မြို့ရှိ သီဟို စေ့စက်ရုံလုပ်ငန်းရှင် တစ် ဦးကပြောသည်။