ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဒီဇင်ဘာလနောက်ဆုံးအပတ်ကစ၍ လိုင်းဆွဲ အားကျခြင်း၊ လိုင်းပြတ်တောက်ခြင်းတို့ ဖြစ်နေသည့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဇန်နဝါရီလ ၁၄ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်ရရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလနောက်ဆုံးပတ်ကစပြီး ကံပေါက်တိုက်နယ်က နေရာအများစုတွင် တစ်ရက်လျှင် ငါးနာရီခန့် လိုင်းပြတ်တောက် လေ့ရှိပြီး အနိမ့်ပိုင်းကျေးရွာများနှင့် ရပ်ကွက်များတွင်မူ လိုင်းလုံးဝ ပြတ်တောက်ခဲ့ကြောင်း ဒေသခံတို့ခံမှ သိရသည်။ ယင်းအပြင် ဖိုင်ဘာအင်တာနက် ဝိုင်ဖိုင်လိုင်းများမှာလည်း လိုင်းဆွဲအားကျကာ အသုံးပြုရအဆင်မပြေဖြစ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ဇန်နဝါရီလ ၁၄ရက်တွင် အမ်ပီတီနှင့် အက်တမ် အော်ပရောတာများ၏ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဦးစွာပြန်လည် ရရှိပြီး ယင်းနောက် မိုင်တဲ ဖိုင်ဘာ အင်တာနက် ဝိုင်ဖိုင်လိုင်းများလည်း ပြန်လည်ရကြောင်း ဒေသခံများက ဆိုသည်။
“ဖုန်းလိုင်းတွေ အားလုံးအဆင်ပြေပြီးမှ ဝိုင်ဖိုင်ပြန်ရတယ်။ ဝိုင်ဖိုင်က ထားဝယ်ကနေ ဆင်းလာပြီး ပြင်ပေးသွားတယ်။ ဖိုင်ဘာလိုင်းတွေမှာ လိုင်းအပြစ်ရှိနေတာတွေ ပြင်ပေးသွားတယ်” ဟု ဒေသခံ မိုင်တဲဖိုင်ဘာဝိုင်ဖိုင် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ယင်းအပြင် စစ်ကြောင်းထိုးခံရပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်ကတည်းက အင်တာနက်နှင့် ဖုန်းလိုင်းပြတ်တောက် နေသည့် ဇာဒီအုပ်စုတွင်လည်း အမ်ပီတီဖုန်းလိုင်း ပြန်လည်ရရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“လျှပ်စစ်မီး ပြတ်နေတာကတော့ မရသေးဘူး။ အခုက မီးစက်နဲ့မောင်းပြီး တာဝါတိုင် ပြန်လည်နေတယ်။ ဘယ်လောက် ကြာကြာ ခံမလဲတော့မသိဘူး။ လောလောဆယ်ကတော့ အမ်ပီတီလိုင်းရနေတယ်” ဟု ဇာဒီရွာသား စစ်ဘေးရှောင် တစ်ဦးက ပြောသည်။
အခြားအော်ပရောများမှာမူ ဇာဒီအုပ်စုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမိရန် တောင်ကုန်းများအထိ သွားရောက်ကာ အဆက်အသွယ်ပြုလုပ်ရကြောင်း ၎င်းက ပြောဆိုသည်။
ကံပေါက်တိုက်နယ်တွင် ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးအတွက် အမ်ပီတီ၊ အက်တမ်နှင့် မိုင်တဲအော်ပရေတာသုံးခုရှိပြီး ဖိုင်ဘာဝိုင်ဖိုင်အင်တာနက်မှာ မိုင်တဲအော်ပရေတာတစ်ခုသာရှိကြောင်း ဒေသခံတို့ကပြောသည်။