ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး ချင်းမိုင်မြို့မှ ဘန်ကောက်သို့ ရထားဖြင့် သွားရန်စောင့်နေကြသော မြန်မာနိုင်ငံသား ၁၃ ဦးသည် ဇန်နဝါရီလ ၁၅ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ဘန်ကောက်သို့ ရထားဖြင့် သွားရန် အုပ်စုလိုက်စောင့်နေကြသည်ဟု သတင်းပေး တိုင်ကြားချက်ရရှိသဖြင့် ချင်းမိုင်လဝကအဖွဲ့များက စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခုနစ်ဦးတို့သည် တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းမှတစ်ဆင့် တောလမ်းအတိုင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး ပစ်ကပ်ကားဖြင့် ချင်းမိုင်မြို့သို့ ရောက်ရှိလာကြကြောင်း ဖော်ပြသည်။
ချင်းမိုင်မြို့က အိမ်တစ်ဆောင်တွင် တစ်ညအိပ်ခဲ့ရပြီး ယင်းညတွင် အိပ်သောနေရာကို Location မရှယ်မိစေရန် ပွဲစားက ဖုန်းများကို သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

နောက်တစ်ရက်တွင် ပွဲစားက ဖုန်းများပြန်ပေး၍ ကားဖြင့် ချင်းမိုင်ဘူတာသို့ ပို့ဆောင်ပေးခဲ့ပြီး စစ်ဆေးရေးဂိတ်များကို ရှောင်နိုင်ရန် ရထားလမ်းကြောင်းဖြင့် ပို့ဆောင်ပေးမည်ဟု ပွဲစားက ဆိုခဲ့ကြောင်း မြန်မာနိုင်ငံသားများ လဝကထံ ထွက်ဆိုချက်ကို ကိုးကားကာ သတင်းတွင် ဖော်ပြသည်။
၎င်းတို့သည် ဘန်ကောက်သို့သွားရန် ပွဲစားကို တစ်ဦးစီလျှင် ဘတ် ၆၅၀၀ မှ ၉၀၀၀ အထိ ပေးချေထားပြီးဖြစ်ကြောင်း ဆိုသည်။
၎င်းတို့ကို မယ်ပင်းရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သော ဒီဇင်ဘာလက ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသား ၅၃၀ထက်မနည်း ဖမ်းဆီးခံရကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။
Ref: Khaosod English, ChiangMai News, Top News