BREAKING
January 16, 2025

ပုလောတွင် စစ်ကောင်စီတပ်မီးရှို့မှု ဥယျာဉ်ခြံဧက တစ်ရာကျော်မီးလောင်၊ ငါးရက်ဆက် မီးဆက်လောင်နေဆဲ

January 16, 2025

ဓာတ်ပုံ - မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

ပုလောမြို့နယ်၊ တပိုကျေးရွာတွင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သဖြင့် ဥယျာဉ်ခြံ ဧက တစ်ရာကျော် မီးလောင်ပျက်စီးသွားပြီး ဇန်နဝါရီလ ၁၅ ရက်အထိ မီးလောင်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၁ရက်က တပိုကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ တပိုရွာနှင့် အနီးတဝိုက်ရှိ ဥယျာဉ်ခြံများနှင့် နေအိမ်အချို့မီးလောင်နေခြင်းဖြစ်သည်။

ရော်ဘာခြံများ မီးလောင်ကျွမ်းနေသည်မှာ ငါးရက်မြောက်ရှိလာပြီဖြစ်သော်လည်း ငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ တပိုနှင့် စက်‌တော်ရာကျေးရွာမှတစ်ဆင့် ဆယ်အိမ်စု ရေချောင်းတစ်ဖက်ကမ်းရှိ တောင်ကြောတစ်လျှောက် (တောရိုင်းများ) ဆက်လက်လောင်ကျွမ်းနေကြောင်း တပိုကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တပိုရွာတောင်ကြောတစ်လျှောက်ခြံတွေက နည်းမှမနည်းတာ။ ရွာရဲ့ (ခြံ) သုံးပုံနှစ်ပုံလောက် မီးထဲပါသွားတာပါ။ ဧကတစ်ရာ ဝန်းကျင်လောက်ရှိတယ်။ ကျွန်တော်တို့မှာတောင် ရော်ဘာခြံရော ကွမ်းခြံပါ ဆယ့်ခြောက်ဧက နီးပါး လောက် ပါသွားတယ်” ဟု အဆိုပါအမျိုးသားက ပြောဆိုသည်။

၎င်းပိုင်ဆိုင်သည့် ဥယျာဉ်ခြံ ၁၆ဧကအပြင် တပိုကျေးရွာရှိ အစ်မဖြစ်သူ၏ နေအိမ်တစ်လုံးနှင့် အဒေါ်ဖြစ်သူ၏ နေအိမ် တစ်လုံးပါ မီးလောင်ပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။

တပိုရွာအတွင်းရှိ ဒေသခံများ စစ်ဘေးရှောင်နေရခြင်း၊ တိုက်ပွဲများ‌ကြောင့် ဥယျာဉ်ခြံများ ခုတ်ထွင်ရှင်းလင်း (တောခုတ်) ရန် ခက်ခဲခြင်း၊ လေပြင်းတိုက်ခတ်ခြင်းကြောင့် မီးကူးစက်မှု ပိုမိုလျင်မြန်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဒေသခံအများစုသည် ဇန်နဝါရီလ ၉ရက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည်။

ယခင်ကလည်း အဆိုပါဒေသခံများမှာ နှစ်ဖက်တိုက်ပွဲများကြောင့် နီးစပ်ရာ တောတောင်များနှင့် ဓနိတောများတွင် စစ်ဘေး ရှောင်ခဲ့ကြရာမှာ လက်ရှိတွင် ပိုင်ဆိုင်မှုများပါ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း တပိုရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ကျွန်မတို့မှာ ခြံက ငါးဧကမီး‌လောင်သွားတာပါ။ ဒါပဲရှိတာ ရှိသလောက်အကုန်ပါသွားတယ်။ အစ်ကို တစ်ယောက် အဖမ်းခံရတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၁ရက်‌တွင် ဖမ်းဆီးခေါ်ဆောင်သွားသည့် တပိုရွာသားသုံးဦးတွင် ၎င်း၏ အစ်ကို ဖြစ်သူလည်း ပါဝင်ကာ လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးကြောင်း ၎င်းက ပြောဆိုသည်။

တပိုကျေးရွာနှင့် စက်တော်ရာကျေးရွာရှိ ဥယျာဉ်ခြံအများစုမှာ ဒေသခံများပိုင်ဆိုင်ကြပြီး မြို့ပေါ်နေသူများ ပိုင်ဆိုင်သည့် ဥယျာဥ်ခြံအချို့လည်းရှိသည်။