“အိမ်နောက်ဖေး ဈေးဆိုင်တည်ခြင်း”ဆိုတာ မိသားစုတိုင်းအတွက် အရေးကြီး တဲ့အချက်ထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါ တယ်။ အရင်က မိသားစုတွေရဲ့ ခြံဝင်း ထဲမှာ ဟင်းသီးဟင်းရွက်စိုက်ခင်းလေး တွေ၊ နှစ်တို နှစ်လတ် နှစ်ရှည်အပင် မျိုးစုံ စိုက်ပျိုးကြတယ်။
အခုတော့ အဲဒါတွေက ကြက်ပျောက် ငှက်ပျောက်ပဲ။ ရပ်ရွာတွေ မှာရှိတဲ့ အိမ်ခြံဝင်း အကျယ်ကြီးတွေမှာ အပင်တွေ မစိုက်ဘဲ ဟာလာဟင်းလင်း ဖြစ်နေတဲ့ မြေကွက်တွေသာ ဖြစ်နေပါပြီ။
အမှန်တကယ်တော့ “အိမ်နောက်ဖေး ဈေးဆိုင်တည်ခြင်း”ဆိုတာ ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်ထဲမှာပါတဲ့ စာသား တစ်ကြောင်း ဖြစ်တယ်။ ခက်တာက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အသိ ပညာရပ် တစ်ခုပေးနေတဲ့ အဲဒီစာသားက စာအုပ်ထဲမှာပဲ ထင်ကျန်နေတယ်။
အခုချိန်မှာတော့ အိမ်နောက်ဖေးမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့ မိသားစု တွေ ပိုမိုနည်းပါးလာပါပြီ။ ဒါကြောင့် ဈေးသည်တွေဆီမှာ ဝယ်ယူမှ စားသုံးနိုင် မယ့် အနေထားကို ရောက်နေပြီ။ လက်ရှိ အခြေအနေက ဈေးသည်တွေ ဈေးလာ မရောင်းတဲ့နေ့ဆိုရင် ဟင်းချက်ဖို့ အခက် တွေ့မယ့် အနေအထားမျိုး ဖြစ်နေတယ်။ ဈေးဆိုင်ကယ်တွေက မနက်စောစော ဟွန်းသံ တတီတီနဲ့ ဝယ်ယူမယ့်သူတွေကို အချက်ပေး ခေါ်ကြတယ်။ ဝယ်ယူသူတွေ ကလည်း ဈေးဆိုင်ကယ်ကို မျှော်နေကြရ တယ်။ ဟင်းတစ်မယ်ရဖို့ရေး ဈေးဆိုင်ကယ် ကိုပဲ မှီခိုရတဲ့ အနေအထားကို ရောက်ရှိနေပါ ပြီ။ လွယ်လွယ်ရလေ သူများအပေါ် ပိုမို မှီခိုရလေပါပဲ။
ဈေးသည်တွေမှာ အသီးတွေလည်း လှတယ်။ အရွက်တွေလည်း လှပါတယ်။ ဒါပေမဲ့ အသီးအရွက်တွေက လှပေမဲ့ အာဟာရ ကောင်းကောင်း အရသာကောင်း ကောင်း မရရှိနိင်ပါဘူး။ ကြာရှည်ထားလို့ မရဘူး။ ပုပ်သိုးလွယ်တယ်။ ထိုအသီး အရွက်တွေက ဓာတု အသုံးပြုမှုများတာ ကြောင့် ဖြစ်တယ်။
ဒါကြောင့် လက်ရှိ အနေအထားအရ ဈေးဆိုင်ကယ်တွေက ရောင်းချနေတဲ့ ဟင်းသီးဟင်းရွက်တွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် အာမခံနိုင်တာမျိုး မရှိပါဘူး။ ဒါကြောင့်လည်း လူ့သက်တမ်း က တဖြည်းဖြည်း တိုလာတယ် မဟုတ်လား။
သိပ်မကြာသေးခင်ကာလက ကျွန်တော် တို့ရွာနားက ရွာတစ်ရွာမှာ ပန်းဂေါ်ဖီပွင့် ကြောင့် လူတွေ အစာအဆိပ်သင့်သေး တယ်။ အလှူမှာ စားမိသူမှန်သမျှ အကုန် ဝမ်းလျှောခဲ့တယ်။
ကျွန်တော်တို့ရွာမှာဆိုလည်း ဆီးချို၊ သွေးတိုးရှိတဲ့သူတွေ ပိုပိုများလာတယ်။ အဲဒီရောဂါက လူငယ်ရော လူကြီးတွေရော ဖြစ်နေပါပြီ။ လေဖြတ်တဲ့သူတွေ ပိုမိုများ လာတယ်။
ဒါတွေကို လူတွေက မသိကြဘူးလား ဆိုတော့ အချို့တော့လည်း သိတယ်။ အချို့ကျတော့လည်း အနည်းအကျဉ်း သိတယ်။ အချို့ကျတော့လည်း မသိဘူး ပေါ့လေ။
ဒါပေမဲ့ ရေစီးကနေ မရုန်းထွက်နိုင် ကြဘူး ဖြစ်နေတယ်။ ဈေးဆိုင်ကယ်အပေါ် မှီခိုမှုကနေ ရုန်းမထွက်နိုင်ကြပါဘူး ဖြစ် နေတယ်။ တကယ်တော့ ဒီထက် ကျယ်ပြန့်ပါတယ်။ ဆက်စပ်ပတ်သက် နေတာတွေက။ မြင်သာအောင်လို့သာ ဈေးဆိုင်ကယ်ကို ဥပမာ ပေးတာပါ။
တကယ်တော့ ကျန်းမာရေးဆိုတာ အင်မတန် အရေးကြီးတာမျိုးပါ။ ပိုက်ဆံ ရှာနေရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့် ကျန်းမာရေးအတွက်လည်း စဉ်းစားပြီး စားတာ သောက်တာကို သတိထားဖို့ လိုပါတယ်။ ကျန်းမာရေးမကောင်း တစ်ခုခု ဖြစ်ပြီဆို ရှိသမျှ စုဆောင်းထား သမျှ ကုန်တာပါပဲ။ ရှာထားသမျှ ပိုက်ဆံ တွေက ဆေးခန်း ဆေးကုမ္ပဏီအတွက်ပဲ ဖြစ်သွားတာပါပဲ။
ဝင်ငွေထွက်ငွေဆိုတာ မိသားစု တိုင်းအတွက် အရေးကြီးတဲ့အချက် ဖြစ်တယ်။ ဝင်ငွေ ထွက်ငွေမမျှရင် ဆင်းရဲ တွင်းကနေ မလွတ်မြောက်နိုင်ပါဘူး။ စားလိုက် ကုန်လိုက်နဲ့ လည်ပတ်သွားလိမ့် မယ်။ အိမ်နောက်ဖေးမှာ ဈေးဆိုင် မတည်တဲ့ မိသားစုတွေက နေ့စဉ်နေ့မျှ ဟင်းသီးဟင်းရွက်တွေ ဝယ်ယူနေကြရ တယ်။ ထိုအသီးအရွက်များကို ဝယ်ယူနေ တဲ့ အတွက်ကြောင့် တစ်နေ့ကို အနည်းဆုံး အသီးအရွက်ဖိုး ၁၀၀၀ ဆိုပါစို့။ တစ်လ လျှင် ထွက်ငွေပျမ်းမျှ ၃သောင်း ဖြစ်သွား ပြီ။ တစ်နှစ်ဆိုရင် ၃ သိန်း ၆ သောင်း ဖြစ်သွားပြီ ဖြစ်တယ်။ တစ်ခါတလေ အလှူလုပ်တာတွေ မပါသေးပါဘူး။ ဒါတွေ က နေ့စဉ်နေ့မျှ ထွက်နေတဲ့ ငွေတွေပါ။
ဒါတွေကို ဘယ်လိုလျှော့ချနိုင်မလဲ ဆိုတာ စဉ်းစားစေချင်ပါတယ်။
အိမ်နောက်ဖေး ဈေးဆိုင်တည်ခြင်း ကြောင့် ထွက်ငွေကိုလျှော့ချနိုင်သလို ဝင်ငွေကိုလည်း ရရှိစေတယ်။ အိမ်နောက် ဖေးမှာ ဈေးဆိုင်ပုံစံလိုမျိုး အသီးအရွက် စုံစုံလင်လင် စိုက်ပျိုးကြရမှာ ဖြစ်ပါတယ်။
ကုန်ကျစရိတ် တစ်နှစ်ကို ၃သိန်း ၆သောင်း လျှော့ချနိုင်ပြီး၊ ပိုလျှံတဲ့ အသီး အရွက်များကိုလည်း ရောင်းချလို့ ရပါတယ်။ ဒါကြောင့် အပိုဝင်ငွေတောင် ရဦးမယ်။
ကျန်းမာရေး ရှုထောင့်က ကြည့်ရင် ဆေးရုံ ဆေးခန်း ဆေးကုမ္ပဏီကို ငွေပေး စရာ နည်းသွားမယ်။ အိမ်နောက်ဖေး ဈေးဆိုင်တည်ခြင်းဖြင့် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပြီးသား ဖြစ်တယ်။ ဈေးဆိုင်ကယ်မှာ ဟင်းသီး ဟင်းရွက် များများဝယ်ယူ စားသုံးလေ စောစော အသေမြန်လေပါပဲ။ လူတွေက လတ်ဆတ်တဲ့ အသီးအပွင့်တွေကို မစိုက်ပျိုး၊ မစားသုံးကြတာကြောင့် ဖြစ်တယ်။ ရောဂါဖြစ်မှ ဆေးကုကြတယ်၊ ရောဂါ မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ မစဉ်းစား ကြပါဘူး။
ဒါကြောင့် သဘာ၀ကျကျ အိမ် နောက်ဖေး ဈေးဆိုင်တည်ခြင်းမျိုးတော့ ဖြစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့က လွယ်လွယ်ကူကူ သက်သက်သာနေထိုင် ပြီး သူများအပေါ်မှာ မှီခိုနေကြတယ် မဟုတ်လား။ ဈေးဆိုင်ကယ်မှာ ဟင်းသီး ဟင်းရွက် အလွယ်တကူတယ်။ ဒါပေမယ့် ထွက်ငွေနဲ့ ကျန်းမာရေး ပေးဆပ်ရတယ်။
သူများအပေါ် မှီခိုတဲ့နေသရွေ့ ဆင်းရဲ ခြင်းမှ မလွတ်မြောက်နိုင်ဘူး။
ဒါကြောင့် အိမ်နောက်ဖေး ဈေးဆိုင် တည်ခြင်းဆိုတဲ့ အိမ်နောက်ဖေးမှာ အသီး အရွက်စုံလင်စွာ စိုက်ပျိုးနိုင်ကြပါစေ။ ဒါ့အပြင် စိုက်ပျိုးခြင်းမှာရှိနေတဲ့ ပျော်ရွင်ခြင်း ဆိုတဲ့ လျှို့ဝှက်ချက်ကို တွေ့ကြပါစေ။
နိုင်ဝင်း