BREAKING
December 18, 2024

ပုလောတွင် စစ်ကောင်စီတပ်က အထက်တန်းကျောင်းသားများကိုပါ ပေါ်တာဆွဲနေ

December 15, 2024

ပုံစာ - ပုလောတံတားစစ်ဆေးရေးဂိတ်အား တွေ့ရစဉ်(ပုံဟောင်း)

စစ်ကောင်စီတပ်က ပုလောမြို့ရှိ အရပ်သားလူငယ်အများအပြား ဖမ်းဆီးခေါ်ဆောင်သွားရာ အခြေခံပညာ ကျောင်းသားများလည်းပါသွားကြောင်း မြို့ခံများနှင်ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်‌ကောင်စီတပ်က ပုလောမြို့ပေါ်ရပ်ကွက်များနှင့် ရှပ်ပုံကျေးရွာနေ လူငယ်အများအပြားကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့ကပြောသည်။

ယင်းနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပုလောတံတားထိပ်၌ လူငယ်များကိုဖမ်းဆီးခဲ့ပြီး ပုလောမြို့ပေါ် ရပ်ကွက်များတွင်လည်း ထပ်မံဖမ်းဆီးခဲ့ကြောင်း ပုလောမြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့နောက် ညပိုင်းတွင်လည်း ထပ်မံဖမ်းဆီးခဲ့ရာ Grade 12 အတန်းတက်‌ရောက်နေသည့် အထက်တန်းကျောင်းသားနှစ်ဦးလည်း ပါသွားကြောင်း ၎င်းက ပြောသည်။

“တစ်နေ့တည်းဖမ်းတာ အယောက်ခြောက်ဆယ်လောက်ရှိတယ်။ ကျောင်းသားနှစ်‌ယောက်လည်းပါသွားတယ်။ ကလေးတွေက အရပ်ဝတ်နဲ့ကျူရှင်သွားတာပါ။ ကျောင်းသားတွေတောင် အလွတ်မပေးဘူး”ဟု အထက်ပါ မြို့ခံအမျိုးသမီးက ဆိုသည်။

အဖမ်းခံရသည်အရပ်သားလူငယ်များတွင် အသက်၁၃ နှစ်အရွယ်မှ ၃၅ နှစ်အရွယ်အထိ ပါဝင်နေကြောင်း မြို့ခံများက ဆိုသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အရပ်သားများကို ရှပ်ပုံကျေးရွာလှေဆိပ်မှ မြိတ်မြို့ဖက်သို့ လှေဖြင့် ညတွင်းချင်းပို့ဆောင်လိုက်သည်ဟု သိရကြောင်း အခြားမြို့ခံတစ်ဦးက ပြောသည်။

“လှေသုံးစင်းနဲ့ ဘိတ်(မြိတ်)ကိုပို့လိုက်တယ်။ သင်တန်းအတွက် ဖမ်းတာလို့ကြားရတယ်”ဟု အဆိုပါမြို့ခံက ဆိုသည်။

အရပ်သားလူငယ်များက ည ၈ နာရီကျော်သည်အထိ သွားလာနေ၍ ဖမ်းဆီးခံရသည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူများက ပြောကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ Dawei Watch က တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူကို ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းကိုင်ခြင်း မရှိသဖြင့် မေးမြန်းနိုင်ခြင်းမရှိသေးပေ။