BREAKING
December 22, 2024

မြိတ် ဓနိရည်ချို ယခင်နှစ်ထက် ရောင်းအားကျ

December 15, 2024

မြိတ်မြို့တွင် ဆောင်းရာသီ၏ ရာသီစာတစ်ခုဖြစ်သည့် ဓနိရည်ချိုမှာ ယမန်နှစ်ထက် ရောင်းအားကျဆင်းသွားကြောင်း ဓနိရည်ချိုလုပ်နေသူများနှင့် ရောင်းသူများထံမှသိရသည်။

ဆောင်းဝင်ချိန်နောက်ကျခြင်းနှင့် အအေးဓာတ်နည်းပါးခြင်းကြောင့် ဓနိရည်ချို ရောင်းအားကျသွားခြင်း ဖြစ်နိုင်ကြောင်း ၎င်းတို့က ခန့်မှန်းသည်။

မြိတ်မြို့၏ ဓနိရည်ချိုတန်း(ရောင်းချသည့်နေရာ)မှာ ဒေသတွင်းနာမည်ကြီးပြီး ဆောင်းရာသီတွင် စည်ကားနေလေ့ရှိသည်။

ပြီးခဲ့သည့်နှစ်များက ဓနိရည်ချိုကို မိုးရာသီကုန်သည့် အောက်တိုဘာလနှောင်းပိုင်းတွင် စတင်ရောင်းချလေ့ရှိသော်လည်း ယခုနှစ်တွင်မူ နိုဝင်ဘာလနှောင်းပိုင်းရောက်မှ စတင်ရောင်းချနိုင်ခဲ့ကြောင်း မြိတ်မြို့တွင် ၁၅နှစ်ကျော် ဓနိရည်ချိုရောင်းချခဲ့သူ တစ်ဦးက ဆိုသည်။

“ဓနိရည်ချိုက အေးမှပဲရောင်းရတာ။ သောက်တဲ့သူတွေကလည်း အေးမှ ပိုသောက်ကြတာ။ အခုက ရာသီဥတုကမမှန်တော့ ကျွန်တော်တို့ဆို နိုဝင်ဘာလကုန်ပြီးလောက်မှပဲ ရောင်းဖြစ်ခဲ့တာ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က တစ်ရက်လျှင် ဓနိရည်ချို တစ်လီတာဝင်ဘူး ၆၀ ဝန်းကျင်ရောင်းခဲ့ရသော်လည်း ယခုနှစ်တွင်မူ ပျမ်းမျှအားဖြင့် ဗူး ၂၀ ဝန်းကျင်သာ ရောင်းရတော့ကြောင်း အထက်ပါ ဓနိရည်ချိုရောင်းသူက ဆိုသည်။

ယခုနှစ်တွင် တစ်လီတာဝင် ဓနိရည်ချိုတစ်ဘူးလျှင် ၂၅၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထို့အပြင် မြိတ်မြို့တွင်ဖြစ်ပွားခဲ့သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် နိုဝင်ဘာလ ပထမအပတ်တွင် ဓနိရည်ချို အရောင်းဆိုင်များ ပိတ်ထားခဲ့ရကြောင်း အမည်မဖော်လိုသည့် ဓနိရည်ချိုရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဝမ်းပျက်ဝမ်းလျှောကြောင့် လူတွေက အစားအသောက်တွေ ရှောင်လိုက်ကြတာဆိုတော့ ဆိုင်အတော်တော်များများလည်း အရောင်းပါးတော့ နားလိုက်ကြသေးတယ်။ ပြီးတော့ ရာသီဥတုကလည်း မနှစ်ကနဲ့ယှဉ်ရင် သိပ်မအေးဘူးလေ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ဓနိရည်ချိုရရန် ဓနိသီးအခိုင်ကို တစ်လနီးပါးကြာ ထုရိုက်ထားပြီး အခိုင်ကိုဖြတ်တောက်ကာ ကျန်ခဲ့သည့် အညှာတံကို ဓါးဖြင့်လှီးရကြောင်း၊ ယင်းအညှာမှကျလာသည့် အရည်ကို ရေသန့်ဗူး သို့မဟုတ် ဝါးကျည်တောက်ဖြင့် ခံယူထားရကြောင်း ဓနိရည်ရောင်းသူများထံမှသိရသည်။

ဓနိရည်ချိုမှာ ကောက်ညင်းပေါင်းနှင့် တွဲဖက်စားသောက်လေ့ရှိသည့် မြိတ်မြို့၏ ရာသီစာတစ်ခုဖြစ်သည်။

ဆောင်းရာသီရောက်တိုင်း မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်ရှိ ဓနိရည်ချိုလမ်းတွင် ဓနိရည်ချိုဆိုင်များကို ညနေ ၃ နာရီခွဲဝန်းကျင်တွင် စတင်ဖွင့်လှစ်ရောင်းချလေ့ရှိသည်။

အာဏာမသိမ်းမီက နံနက် ၃ နာရီခန့်အထိ ဖွင့်လှစ်ရောင်းချကြသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် ည ၉ နာရီအထိသာ ဖွင့်လှစ်ကြတော့သည်။