BREAKING
January 12, 2025

လောင်းလုံးက ကျေးရွာများကို စစ်ကောင်စီခြိမ်းခြောက်

December 15, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူပိုင်ဆိုင်ကယ်၊ ရွှေနှင့်ပိုက်ဆံများကို သိမ်းဆည်းယူဆောင်သွားသည့် စစ်ကောင်စီတပ်က PDF အားပေးပါက ကျေးရွာကို ဖျက်ဆီးပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့နှင့်ကပ်လျက် စစ်ပြဲကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

ဝင်ရောက်လာသည့်အချိန်မှစပြီး နေ့လယ်ပိုင်းအချိန်အထိ စစ်ပြဲကျေးရွာအုပ်စုထဲရှိ ရှေ့ဖက္ကား၊ ပိန်းရှောင်၊ အနောက်ပိုင်း၊ အရှေ့ပိုင်း ကျေးရွာတို့မှ ပြည်သူပိုင် ဆိုင်ကယ်နှင့် ရွှေ၊ ပိုက်ဆံများကို သိမ်းဆည်ယူဆောင်သွားခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။

ဆိုင်ကယ်အစီးရေ သုံးဆယ်ခန့် အနည်းဆုံး ပါသွားသည်ဟုဆိုသည်။

“လိုင်စင်ရှိတဲ့ဆိုင်ကယ်ရော၊ မရှိတာရော တွေ့တာအကုန်သိမ်း၊ အကုန်ယူ။ လူမရှိတဲ့အိမ်တွေထဲမှာလည်း ဝင်ရှာသွားတာ ခြေသုပ်ပိုင်းတွေပါ မကျန်ဘူးရှာထားတာ။ ရွှေတွေ့ရွှေယူ၊ ပိုက်ဆံတွေ့ ပိုက်ဆံယူပဲ” ဟု ပိုက်ဆံနှစ်သိန်းကျပ် ပါသွားသည့် ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

PDF အားပေးပါက ရွာကိုဖျက်မည့်အကြောင်း၊ ဆန္ဒပြပါက ရွာကိုမီးရှို့မည့်အကြောင်းကိုလည်း ကျေးရွာလမ်းမများပေါ်နှင့် နေအိမ်တို့တွင် စာရေးသားထားခဲ့သည်ဟုဆိုသည်။

Dawei Watch ကရရှိထားသည့် ဓာတ်ပုံမှတ်တမ်းတစ်ခုတွင်မူ လောင်းလုံးအောင်ပိုင်းကျေးရွာများ PDF အားပေးပါက လမ်းပိတ်ပစ်မည်ဟု ရေးသာထားသည်။

အလာတူးခြိမ်ခြောက်စာများကို သရက်ချောင်းမြို့နယ် ကင်းရှေ့ကျေးရွာ၊ လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာတို့တွင်လည်း စစ်ကောင်စီတပ်က ရေးသာထားခဲ့ဖူးသည်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ပြဲကျေးရွာမှ ထွက်ခွာသွားပြီး နာရီပိုင်းအကြာတွင် လောင်းလုံးမြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ကြားသိရ‌ကြောင်းဆိုသည်။

“ရဲစခန်းထဲကိုချတာလို့ပြောတယ်။ ပေါက်ကွဲသံလည်း တစ်ချက်ကြားလိုက်တယ်။ ၁၀ နာရီ ၄၅ မိနစ်လောက်မှာပေါ့။ အဲဒါပြီးတာနဲ့ (ရဲစခန်းထဲက) သေနတ်ပစ်သံတွေလည်းကြားရတယ်” ဟု လောင်းလုံးမြို့ခံတစ်ဦးကဆိုသည်။

လောင်းလုံးရဲစခန်း ဗုံးချခံရသည်နှင့်ပတ်သက်ပြီး ထိခိုက်မှုအခြေအနေကိုမူ လတ်တလော မေးမြန်းမရသေးပေ။

ယခုရက်ပိုင်းအတွင်း လောင်းလုံးမြို့အနီး ပတ်ပတ်လည် ကျေးရွာများဖြစ်သည့်၊ စစ်ပြဲ၊ အင်းဇောက်၊ သဗျာ၊ ညင်းမော်ကျေးရွာများသို့ စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို သိမ်းဆည်းယူဆောင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဒီဇင်ဘာလ ၁၃ ရက်ညအချိန်ကမူ ညင်းမော်ကျေးရွာတွင် အလားတူ ပြည်သူပိုင်ဆိုင်ကယ်နှင့် ရွှေ၊ ငွေများကိုလည်း စစ်ကောင်စီတပ်က သိမ်းဆည်းယူဆောင်သွားခဲ့သေးသည်။