BREAKING
February 25, 2025

စစ်ကောင်စီစခန်း ၁၄၀ ကျော်ကို သိမ်းယူနိုင်ခဲ့ကြောင်း AA ထုတ်ပြန်

December 15, 2023

ပုံစာ - ၂။ ပလက်ဝမြို့နယ် ထရွန်အိုင်ဗျူဟာကို ဒီဇင်ဘာလ ၄ရက်က သိမ်းယူခဲ့စဉ်။

၁၀၂၇ စစ်ဆင်ရေးကာလ ၄၅ ရက်အတွင်း စစ်ကောင်စီ၏ စစ်ရေးအချက်အခြာကျသော ဗျူဟာကုန်းများ၊ တပ်စခန်းများ၊ ရဲစခန်းများ၊ စစ်ဘက်ရဲဘက် ပူးပေါင်းစခန်းများ၊ နယ်ခြားစောင့်စခန်းများ စုစုပေါင်း ၁၄၂ ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၅ ခုနှင့် ချင်းပြည် နယ် ပလက်ဝမြို့နယ်တို့တွင် သိမ်းယူထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်တွင် စခန်း ၆၂ခုဖြင့် အများဆုံးသိမ်းယူထားပြီး ပလက်ဝမြို့နယ်တွင် ဗျူဟာ နှစ်ခု အပါအဝင် စခန်း ၁၇ ခုဖြင့် ဒုတိယအများဆုံး သိမ်းယူထားကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။

ကျောက်တော်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် စခန်း ခုနစ်ခုစီ သိမ်းယူထားပြီး ဘူးသီးတောင်နှင့် ပေါက်တောမြို့နယ်တို့တွင် စခန်းခြောက်ခုစီ သိမ်းယူထားကြောင်း ဖော်ပြသည်။

မင်းပြားမြို့နယ်တွင် စခန်း ငါးခု၊ ရမ်းဗြဲ၊ မြေပုံ၊ ရသေ့တောင်မြို့နယ်တို့တွင် စခန်းလေးခုစီ၊ သံတွဲ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ တောင်ကုတ်မြို့နယ်တို့တွင် စခန်းနှစ်ခုစီ၊ စစ်တွေတွင် စခန်းတစ်ခု သိမ်းယူရရှိကြောင်း AA က ထုတ်ပြန်သည်။

ပလက်ဝမြို့နယ်က နှုံးဘူးဗျူဟာကို သိမ်းယူရာတွင် ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဗညားပိုင်စိုးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်တို့က ပူးတွဲထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးထားသည့် အရပ်သား ၄၃၀ အထိ ရှိလာပြီဖြစ်ကြောင်းလည်း AA က ထုတ်ပြန်ထားသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအား စတင်အကောင်အထည်ဖော်ခဲ့သည့် စစ်ရေး၊ နိုင်ငံ‌ရေး ရည်မှန်းချက်များကို မျှော်မှန်းထားသည့်အတိုင်း ဆက်လက်အကောင်အထည်ဖော်နေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထား သည်။