ပြင်သစ်အသင်းဟာ ခြေစွာနေတဲ့ မော်ရိုကို,ကို နှစ်ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ယူပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က အစပြုခဲ့တဲ့ ၂၁ ရာစုအတွင်း ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲဆီကို နှစ်ကြိမ်ဆက်တိုက် ပထမဆုံး တက်ရောက်နိုင်တဲ့အသင်းဆိုတဲ့ စံချိန်ကိုလည်း ပြင်သစ်က ရရှိသွားခဲ့ပါတယ်။
ခံစစ်မာကျောလှပါတယ်ဆိုတဲ့ မော်ရိုကို ဟာ ပြင်သစ်ကို ပွဲစပြီး ၅ မိနစ်အကြာမှာ ဂိုးပေးလိုက်ရတာကြောင့် ဟန်ချက်ပျက်သလို ဖြစ်သွားခဲ့ပြီး အဲ့ဒီနောက်မှာတော့ ပြင်သစ်ကပဲ ပွဲကို အသာစီးကနေ ထိန်းချုပ်ကစားသွားခဲ့ပါတယ်။








ပြင်သစ်အတွက် အဖွင့်ဂိုးကို နောက်ခံလူ ဟာနန်ဒက်ဇ်က သွင်းယူပေးသွားခဲ့ပြီး အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကိုတော့ တိုက်စစ်မှူး ကိုလို မူအာနီက ပွဲကစားချိန် ၇၉ မိနစ်မှာ သွင်းယူပေးသွားခဲ့ပါတယ်။
ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ နောက်ခံလူ သွင်းပေးတဲ့ဂိုးနဲ့ ပွဲကို အနိုင်ရရင် ဖိုင်နယ်မှာ ပြိုင်ဘက်ကို အနိုင်ရပြီး ပြင်သစ်ချန်ပီယံဖြစ်တယ်ဆိုတဲ့ အစဉ်အလာတစ်ခု ဆက်လက် မှန်ကန်လေမလားဆိုတာကလည်း မော်ရိုကို,ကို အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ဟာနန်ဒက်ဇ်က ပြင်သစ်အတွက် ဂိုးသွင်းယူပေးလိုက်လို့ စောင့်ကြည့်ချင်စရာပါပဲ။
မော်ရိုကိုဟာ ပြင်သစ်ကို အကောင်းဆုံး တုံံ့ပြန်ကစားခဲ့ပေမယ့် အတွေ့အကြုံချင်း၊ ပြိုင်ပွဲကြီး သမ္ဘာချင်း မယှဉ်နိုင်ခဲ့လို့ အရှုံးရလဒ်ကို ရင်ဆိုင်သွားခဲ့ရတာပဲဖြစ်ပါတယ်။ အရေးနိမ့်သွားခဲ့တဲ့ မော်ရိုကိုဟာ တတိယနေရာလုပွဲအဖြစ် ခရိုအေးရှားနဲ့ ကစားရဖို့ ရှိနေပြီး လက်ရှိချန်ပီယံ ပြင်သစ်ကတော့ ဖိုင်နယ်မှာ အာဂျင်တီးနားကို ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။