BREAKING
January 22, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

November 15, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ

အစ္စရေးဘောလုံးပရိသတ်တွေ နယ်သာလန်မှာ တိုက်ခိုက်ခံရ

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တော်မှာ အစ္စရေးဘောလုံးကလပ်အသင်းကို လာရောက်အားပေးသူတွေ တိုက်ခိုက်ခံရပါတယ်။

တိုက်ခိုက်မှုအပေါ် နယ်သာလန်နဲ့ အစ္စရေးခေါင်းဆောင်တွေ ဝေဖန်ထားတာပါ။

ယူရိုပါလိဒ် ဘောလုံးပွဲစဉ်အတွက် အိမ်ရှင်နယ်သာလန်ကလပ်သင်း Ajax နဲ့ အစ္စရေးကလပ်အသင်း Maccabi Tel Aviv တို့ နိုဝင်ဘာလ ၈ ရက်နေ့က ကစားခဲ့တဲ့အချိန် အစ္စရေးအသင်းကိုအားပေးသူတွေနဲ့ ပါလက်စတိုင်းလိုလားသူတစ်ချို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် လူ ၅ ဦးထက်မနည်း ဒဏ်ရာရပြီး ၆၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ နယ်သာလန် ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဘောလုံးကွင်းနားမှာ ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြပွဲတွေ မလုပ်ရဘူးလို့ မြို့တော်ဝန်ကတားမြစ်ထားတဲ့ကြားက ဖြစ်ခဲ့တာဖြစ်ပါတယ်။

ကစားပွဲမှာတော့ အိမ်ရှင် Ajax အသင်းက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Ref: Aljazeera

………………………………..

ပါကစ္စတန် ဘူတာရုံ တိုက်ခိုက်ခံရမှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်ထဲက မီးရထားဘူတာရုံတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ပြည်နယ်မြို့တော် ကွယ်တာမှာ ရထားအလာ စောင့်နေကြတဲ့ လူပေါင်း ၁၀၀ လောက်ရှိတဲ့ လူအုပ်ထဲမှာ နိုဝင်ဘာ ၉ ရက်နေ့က အပြင်းအထန် ပေါက်ကွဲခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့ပြီး ၁၀ ထက်မနည်း စိုးရိမ်းရတယ်လို့ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။

သေဆုံးဒဏ်ရာရသူတွေရဲ့ တစ်ဝက်လောက်က ပါကစ္စတန်စစ်တပ်က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆေးရုံဘက်က ဆိုပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကို Baloch လွတ်မြောက်ရေးတပ်မတော် BLA က လုပ်တာလို့ ထုတ်ဖော်ထားပြီးတပ်ဖွဲ့ဝင်တွေကို အဓိကထား တိုက်ခိုက်တာလို့ ဆိုပါတယ်။

Ref: BBC

………………………………..

ဘာလင်တံတိုင်းကြီး ဖြိုချခဲ့တာ ၃၅ နှစ်ပြည့်ပြီ

ဂျာမနီနိုင်ငံက ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်ခဲ့သော ၃၅ နှစ်ပြည့်နေ့ကို နိုဝင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

ဘာလင်တံတိုင်းက စစ်အေးကာလ နှစ်ပေါင်း သုံးဆယ်နီးပါး အရှေ့နဲ့ အနောက်ဂျာမနီကိုပိုင်းခြားထားတာပါ။

ကမ္ဘာပေါ်မှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ခြိမ်းခြောက်ခံနေရချိန် လွတ်လပ်ခွင့်ကို ထိန်းသိမ်းကြ ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီနှစ် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်က ဖြစ်ရပ်ကို ပေါ့ပေါ့တန်တန် တန်ဖိုးထားလို့ မရဘူးလို့ ဂျာမဏီဝန်ကြီးချုပ်က ဆိုပါတယ်။

အခမ်းအနားမှာ အရှေ့ဂျာမနီကနေ လွတ်မြောက်ဖို့ အနောက်ဂျာမနီကို ကြိုးစားထွက်ပြေးရင်းသေဆုံးခဲ့ကြသူတွေကို ဂုဏ်ပြုခဲ့ပါတယ်။

၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ဂျာမဏီနိုင်ငံကို နှစ်ပိုင်းပိုင်းထားတဲ့ ဘာလင်အုတ်တံတိုင်းကြီးကို ပြည်သူ့အင်အားနဲ့ ဖြိုချနိုင်ခဲ့တာပါ။

နောက် ၁ နှစ်အကြာမှာ အရှေ့နဲ့ အနောက်ဂျာမနီ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီး အရှေ့ဂျာမနီကပြည်သူတွေ လွတ်လပ်မှု အရသာကို တန်းတူခံစားနိုင်ခဲ့ကြပါတယ်။

Ref: The Guardian

………………………………..

တရုတ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်မှုကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒိုးပြည်နယ် ဇူဟိုင်းမြို့မှာ လမ်းသွားလမ်းလာတွေနဲ့ လေ့ကျင်ခန်းလုပ်နေတဲ့ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၅ ဦးသေဆုံးခဲ့ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က ကားတိုက်မှုကြောင့် နောက်ထပ် လူပေါင်း ၄၃ ဦးဒဏ်ရာရရှိသွားတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောခဲ့တာပါ။

ကားနဲ့တိုက်သူဟာ အသက် ၆၂ နှစ်အရွယ်ရှိပြီး သူ့ရဲ့အမည်ကို Fan လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။

ဘယ်လို ရည်ရွယ်ချက်နဲ့ ကားနဲ့ဝင်တိုက်ခဲ့တယ်ဆိုတာကိုတော့ အာဏာပိုင်တွေက ပြောဆိုထားတာ မရှိသေးပါဘူး။

Ref: BBC

………………………………..

သမ္မတဂျိုးဘိုင်ဒန်က အာဏာလွှဲပြောင်းရေး ထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံ

ရွေးကောက်ခံ အမေရိကန် သမ္မတ ‌ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၁၃ ရက်နေ့က အိမ်ဖြူတော်မှာသမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ခဲ့ပြီး အာဏာကူးပြောင်းရေး အဆင်ပြေစေဖို့ တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို သမ္မတဂျိုးဘိုင်ဒန်က ထရမ့်ကို ဖိတ်ကြားခဲ့တာပါ။

အကူးအပြောင်း ချောမွေ့ဖို့ မျှော်လင့်ထားပြီးဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

အာဏာအကူးအပြောင်း တော်တော် အဆင်ပြေသွားမှာကို ကျေးဇူးတင်ပါတယ်လို့ ထရမ့်ကပြန်ပြောခဲ့ပါတယ်။

သမ္မတ ကတော် ဂျေးဘိုင်ဒန်ကလည်း သမ္မတနဲ့အတူ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကိုကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။

Ref: CNA

………………………………..

အမေရိကန် လွှတ်တော်နှစ်ရပ်စလုံး ရီပတ်ဘလင်ကန်ပါတီ အများစုအနိုင်ရ

အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်နှစ်ရပ်ဖြစ်တဲ့ အထက်လွှတ်တော်ရော အောက်လွှတ်တော်ပါ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဘလင်ကန်ပါတီက အများစု အနိုင်ရရှိခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော် ၄၃၅ နေရာမှာ ရီပတ်ဘလစ်ကန်ပါတီ လွှတ်တော်အမတ် နေရာ၂၁၈ နေရာနဲ့ ကပ်ပြီး အနိုင်ရရှိခဲ့တာပါ။

အထက်လွှတ်တော် ၁၀၀ နေရာမှာလည်း ၅၃ နေရာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်နှစ်ရပ်လုံး အနိုင်ရရှိထားတဲ့ ထရမ့်အစိုးရက သမ္မတအဖြစ်တာဝန်ယူချိန်မှာတိုင်းပြည်ထဲက တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို နေရပ်ပြန်ပို့သွားမယ်လို့ကြေညာထားပါတယ်။

နောက်ထပ် အမေရိကန်စီးပွားရေးကို ပြန်လည်ပုံဖော်ကာ ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။

လွှတ်တော်နှစ်ရပ်စလုံးကို ရီပတ်ဘလင်ကန်ပါတီက ထိန်းချုပ်လိုက်တဲ့အတွက် ဒီမိုကရက်ပါတီလွှတ်တော်အမတ်တွေက ထိထိရောက်ရောက် ကန့်ကွက်နိုင်တော့မှာမဟုတ်တော့ပါဘူး။

Ref: DW

………………………………..

အစ္စရေးက ဆီးရီးယားစစ်သွေးကြွအဖွဲ့ကို လေကြောင်းက တိုက်ခိုက်

ဆီးရီးယား မြို့တော် ဒမတ်စကပ်မြို့မှာ နိုဝင်ဘာလ ၁၄ ရက်နေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

တိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၅ ဦးရှိသလို ဒဏ်ရာရသူက ၁၆ ဦး ရှိတယ်လို့ ဆီးရီးယား အစိုးရက ထုတ်ပြန်ခဲ့တာပါ။

တိုက်ခိုက်မှုက အဆောက်အအုံ ၂ ခုကို ထိမှန်ခဲ့သလို ၅ ထပ်တိုက် လူနေအဆောက်အအုံကိုလည်း ထိခဲ့ပါသေးတယ်။

အစ္စရေး စစ်တပ်က အဆောက်အအုံတွေဟာ ဆီးရီးယား အခြေစိုက် အစ္စလာမ်မစ် ဂျီဟတ်စစ်သွေးကြွ အဖွဲ့ရဲ့ ဗဟိုဌာနချုပ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဂျီဟတ်အဖွဲ့က မနှစ်က အောက်တိုဘာ ၇ ရက် အစ္စရေးအတိုက်ခိုက်ခဲ့မှုမှာ ဟားမတ်စ်တွေနဲ့လက်တွဲလုပ်ဆောင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

Ref: CNN

………………………………..

Facebook ကို ဒေါ်လာ သန်း ၈၀၀ ကျော် အီးယူဒဏ်ခတ်

Facebook က အွန်လိုင်းဈေးကွက် အကျိုးအမြတ် ရစေမယ့် အလွဲသုံးစားမှုတွေ လုပ်ခဲ့တယ်လို့စွပ်စွဲချက်နဲ့ Meta ကုမ္ပဏီကို ဒေါ်လာ သန်း ၈၄၀ ကျော် ဥရောပကော်မရှင်က နိုဝင်ဘာ ၁၄ ရက်နေ့က ဒဏ်ခတ်လိုက်ပါတယ်။

Facebook အွန်လိုင်းဈေးကွက် ကြေညာဝန်ဆောင်မှုက အခြားအွန်လိုင်း အရောင်းဝန်ဆောင်မှုတွေအတွက် မမျှမတ ဖြစ်စေတယ်ဆိုပြီး ဒဏ်ခတ်လိုက်တာပါ။

ဒီအချက်က ဥရောပကော်မရှင်ရဲ့ ယုံကြည်မှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုပါတယ်။

Meta ကုမ္ပဏီကတော့ ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ဆိုပါတယ်။

လိုအပ်တဲ့ ကိုင်တွယ် ဖြေရှင်းမှုတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် လုပ်သွားမယ်လို့ကြေညာထားပါတယ်။

Ref: BBC

………………………………..

ဥရောပ ဂီတဆုပေးပွဲ Taylor Swift ဆုအများဆုံးရ

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ နိုဝင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ MTV ဥရောပဂီတဆုပေးပွဲ(EMAs) မှာ ကမ္ဘာကျော် အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift က ဆုလေးဆုနဲ့ အများဆုံး ရရှိခဲ့ပါတယ်။

သူမက အကောင်းဆုံးအဆိုတော်ဆု၊ Post Malone နဲ့ အတူတူဖန်တီးတဲ့ “Fortnight” သီချင်းအတွက်အကောင်းဆုံးဗီဒီယိုဆု၊ အကောင်းဆုံးစင်မြင့်ဖျော်ဖြေမှုဆု၊ အကောင်းဆုံးအမေရိကန်အဆိုတော်ဆုတွေ ရရှိခဲ့တာပါ။

သူမက ဖျော်ဖြေရေးခရီးစဉ်ထွက်နေတာဖြစ်လို့ ဆုလက်ခံကျေးဇူးတင်စကားကိုတော့ ဗီဒီယိုကတဆင့်ပြောကြားခဲ့ပါတယ်။

သူမနောက်မှာတော့ တောင်အာဖရိကအဆိုတော် တိုင်လာက အကောင်းဆုံး Afrobeats အာဖရိကတေးသံဆု၊ အကောင်းဆုံး R&B နဲ့ အကောင်းဆုံး အာဖရိကအဆိုတော်ဆုတွေ ရရှိသွားပါတယ်။

Ref: The Guardian 

……………………………….