ထားဝယ်မြို့ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော် ကျင်းပပြီးနောက် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသည့် သက်တမ်း နှစ် ၈၀ ဝန်းကျင်ရှိကြသည့် ညောင်ဇင် ၊ ကံပေါက် နှင့် ပကာရီ ၊ ကျောက်ကညှာရွာတို့တွင် ဘုရားလှည့်ပွဲများကို ယနေ့ (နိုဝင်ဘာ ၁၅)တွင် နေ့ဘက်နှင့် ညနေပိုင်းတို့၌ ကျင်းပခဲ့ကြသည်။
ညောင်ဇင်ရွာတွင် ဘုန်းကြီးကျောင်း အစီအစဥ်ဖြင့် နှစ်ကျိပ်ရှစ်ဆူဘုရားများကိုယ်စား ရုပ်ပွားတော်လေးဆူ၊ အလောင်းတော်နတ်သား နှင့် ရှင်ဥပဂုတ္တတို့ကို ယနေ့ နေ့လယ် ၂ နာရီ တွင် ညောင်ဇင်ရွာအတွင်း လှည့်လည်ခဲ့သည် ။
ကံပေါက်ရွာတွင်လည်း ရပ်ကွက် ၈ ခုနှင့် ဘုန်းကြီးကျောင်း၏ အစီအစဥ်ဖြင့် ယနေ့ နံနက် ၇ နာရီတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို ကျေးရွာအတွင်း ယခင်လမ်းကြောင်းအတိုင်း လှည့်လည်ခဲ့သည် ။
ရေဖြူမြို့နယ် ၊ ကျောက်ကညှာရွာ နှင့် ထားဝယ်မြို့နယ် ၊ ပကာရီရွာတို့တွင်လည်း ကျင်းပမြဲဘုရားလှည့်ပွဲကို ယနေ့ နံနက်ပိုင်းအစောပိုင်းနှင့် ညနေပိုင်းတို့တွင် ပြုလုပ်ခဲ့ကြသည် ။
တန်ဆောင်မုန်းလပြည့်ညတွင် ကျင်းပလေ့ရှိသည် ကံပေါက်နှင့် ညောင်ဇင် ဘုရားပွဲများ နှင့် တပြိုင်တည်း ကျင်းပလေ့ရှိသည့် နှစ်၆၀နီးပါးသက်တမ်းရှိ ကနက်သီရီရွာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာမူ ရွာသူရွာသားအများစု စစ်ဘေးရှောင်နေရသဖြင့် ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိကြောင်း တွေ့ရသည်။






တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်တွင် ကျင်းပလေ့ရှိသည့် နှစ် ၉၀ ကျော် သက်တမ်းရှိ လောင်းလုံးမြို့က ဘုရားကိုးဆူလှည့်လည်ပွဲကိုလည်း မနက်ဖြန် နိုဝင်ဘာလ ၁၆ ရက်တွင် နေ့ဘက်လှည့်လည်မည်ဟု လောင်းလုံးဒေသခံများထံမှ သိရသည် ။
စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်းနေရသော ထားဝယ်မြို့အနီး မောင်မယ်ရှောင်ရွာတွင် နှစ်စဥ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်တွင် ကျင်းပလေ့ရှိသည့် နှစ် ၇၀ နီးပါးသက်တမ်းရှိ ဘုရားပွဲလည်း ပြန်လည် ကျင်းပနိုင်ခြင်းမရှိသေးကြောင်း တွေ့ရသည်။
” မနှစ်က(၂၀၂၃) မပြေးရသေးဘူး ။ ဘုရားမစုံပေမယ့် လှည့်ဖြစ်အောင်လှည့်သေးတယ်။ အခုနှစ် က ရွာထဲတောင်လူဝင်မရဘူး ” ဟု မောင်မယ်ရှောင် ရွာသားတစ်ဦးက ပြောသည် ။
ထားဝယ်ဒေသအတွင်းရှိ မိမိရပ်ရွာအလိုက်ပြုလုပ်သည့် ကျေးလက်ဘုရားပွဲအချို့လည်း ယခုနှစ်တွင် နေ့ဘက်လှည့်လည် ကျင်းပလျက်ရှိသည်။