BREAKING
December 22, 2024

မုဒုံတွင် ယာဉ်တိုက်မှုဖြစ်ပြီး ဆယ်ကျော်သက်လူငယ်သုံးဦးသေဆုံး

November 15, 2024

ဓာတ်ပုံ - စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း(သံဖြူဇရပ်)

မွန်ပြည်နယ်၊ မုဒုံမြို့ တွင် ယနေ့ နိုဝင်ဘာလ ၁၅ရက် မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး ဆယ်ကျော်သက်လူငယ်သုံးဦး သေဆုံးကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်‌) ထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့ မွန်းလွဲ ၁နာရီကျော်တွင် မုဒုံမြို့နယ် လက်တက်ကျေးရွာ ထိုင်တော်မူ ဘုရားရှေ့တွင် ခြောက်ဘီးကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိကြောင်း အထက်ပါအသင်းတာဝန်ရှိသူက ပြောသည်။

ဆိုင်ကယ်ကို ဆယ်ကျော်သက်ယောင်္ကျားလေး သုံးဦး သံဖြူဇရပ်မြို့ဘက်မှ စီးလာခြင်းဖြစ်ပြီး ကားမှာ မုဒုံဘက်က မောင်းနှင်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အသက် ၁၀နှစ်မှ ၁၆နှစ်ကြားရှိ ဆယ်ကျော်သက်လူငယ်သုံးဦးစလုံးမှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး သုံးဦးစလုံးသည် မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ခေါင်းကြေမွဒဏ်ရာ၊ အတွင်းကြေဒဏ်ရာ၊ တစ်ကိုယ်လုံးကျိုးကြေဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရသွားတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် အဖြူရောင် ခြောက်ဘီးကားမှာ မောင်းပြေးသွားသည်ဟု သိရကြောင်း လူမှုကယ်ဆယ်ရေး ကူညီဆောင်ရွက်သူများထံမှသိရသည်။

သေဆုံးသူသုံးဦး၏ ရုပ်အလောင်းများကို ‌စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်) ၊ ရွှေရောင်နေ့သစ်လူမှု အထောက်အကူပြုအသင်း(မြိတ်) နှင့် စေတနာအလင်းတန်းလူမှုကူညီရေးအသင်းများ၏ အရေးပေါ်လူနာတင်ယာဉ် များဖြင့် မုဒုံမြို့နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းအထက်ပါလူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။

မွန်ပြည်နယ်ရှိ မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံမြို့နယ်များတွင် ယနေ့ တန်ဆောင်မုန်းလပြည့်နေ့၌ ဘုရားပွဲများ၊ ဘုရားဖူးယာဉ် များဖြင့် အသွားအလာစည်ကားနေသဖြင့် ကား၊ ဆိုင်ကယ်များကို သတိထားမောင်းနှင်ကြရန်လည်း အထက်ပါ လူမှုကူညီရေးအသင်းတာဝန်ရှိသူက တိုက်တွန်းသည်။