BREAKING
January 22, 2025

ထားဝယ်တန်ဆောင်တိုင် ဝိရောဓိ

November 15, 2024

ယခုနှစ် ထားဝယ်တန်ဆောင်တိုင်မှာ စစ်အာဏာသိမ်းကာလအတွင်း အစည်ကားဆုံး ပွဲတော်ဖြစ်ခဲ့သည်။

နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဒေသဓလေ့တစ်ခုကို မပျောက်သွားစေရေးအတွက် ဘုရားလှည့်ပွဲကို ကျင်းပရသည်ဟု ပြောဆိုမှုများရှိသလို လူတိုင်းပါဝင်နိုင်ခြင်း မရှိသည့် အခြေအနေမျိုးတွင် ယခုလို မကျင်းပသင့်ဟု ထောက်ပြသူများလည်း ရှိကြသည်။

ယင်းအပြင် ဖျော်ဖြေရေးယာဉ်များဖြင့် လှည့်လည်ခဲ့ကြပြီး သီချင်းသံများ ကျယ်လောင်စွာ ဖွင့်၍ ကခုန်ခဲ့မှုအပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။

ယခင်က လူငယ်များဖြင့် အဓိကထားကျင်းပခဲ့သည့် ဘုရားလှည့်ပွဲမှာ ယခုနှစ်တွင် လူငယ်များ မပါနိုင်တော့ဘဲ ဆယ်ကျော်သက်များနှင့် လူကြီးများကသာ ပါဝင်လုပ်ဆောင်ခဲ့သည်မှာလည်း ထူးခြားချက်တစ်ခုဖြစ်ခဲ့သည်။

ဘုရားလှည့်ပွဲတွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်စွာ ချထားမှုကလည်း ဘုရားပွဲကို အကျည်းတန်စေသည်ဟု ဆိုသူများကလည်း ဆိုကြသည်။

မြို့ပေါ်တွင် ဘုရားလှည့်ပွဲ ပျော်ပျော်ပါးပါးနွှဲနေချိန်မှာ မြို့အနီးဝန်းကျင် ကျေးရွာများကတော့ စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးနေကြရသလို မီးရှို့ခံလိုက်ရ၍ ပြာပုံများအကြား တဲထိုးနေသူများလည်း ရှိနေကြသည်။

ယင်းကြောင့် မတတ်သာ၍ ပျော်ကြမည်ဆိုလျှင်ပင် ‘တိတ်တိတ်လေး ငိုနေရသူတွေအတွက် တိုးတိုးလေးပျော်ပေးပါ’ ဟု မေတ္တာရပ်ခံသူများကလည်း ရှိကြသည်။

ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ထားဝယ်တန်ဆောင်တိုင်ပွဲတော်နှင့် ပတ်သက်၍ ရှုမြင်ကြပုံများကို သိရှိနိုင်စေရန် မေးမြန်းတင်ဆက်လိုက်ပါသည်။

“အားလုံးမြင်နေသလိုပဲ အသက် ၁၀ နှစ်ဝန်းကျင် ကလေးတွေ နဲ့ အသက်လေးဆယ်ကျော် လူကြီးတွေပဲ ပါနေရတာတွေ့ရလိမ့်မယ်”

ထားဝယ်မြို့ပေါ် ရပ်ကွက်တစ်ခုက ဘုရားဂေါပကတစ်ဦး

DW ။ အခုနှစ် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ အခင်းအကျင်း ဘယ်လိုရှိလဲ ပြောပြပေးပါ ။

ဖြေ ။ အခု ထားဝယ်မြို့မှာ နှစ်စဥ်နှစ်တိုင်း ကျင်းပလာခဲ့တယ်ဆိုပေမယ့် ကိုဗစ်နဲ့ကြားထဲမှာမကျင်းပ ဖြစ်တာ ၄ နှစ်လောက်ရှိခဲ့တယ်။ အခု နေ့ဘက်ပြန်လှည့်တာက ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ် နှစ်ကြိမ်ရှိပြီ။ ပြီးခဲ့တဲ့နှစ်ကဆို ရွာတိုင်းလိုလိုက ဘုရားအပူဇော်ခံ လှည့်လည်တာလောက်ပဲ ရှိခဲ့တယ်။ အခုနှစ် မှာတော့ ကိုဗစ်မတိုင်ခင်ကလို ပွဲစံ(အကဖောင်၊ ဖျော်ဖြေရေးယာဥ်) တွေ ရွာတိုင်းနီးပါးမပါပေမဲ့ စက်(ဆောင်းဘောက်)လေးဖွင့်ပြီး ရွာသူရွာသားတွေက အရင်ကလို စည်းစည်းလုံးလုံး ဘုရားပြန်ပို့ဆောင်ခဲ့တာတွေ့ရတယ်။ လူတွေမှာလည်း စိတ်တွေမွန်းကျပ်ပြီး ထွက်ပေါက်တစ်ခုဖြစ်ခဲ့တယ်။ အရင်က တန်ဆောင်တိုင် အရသာ တစ်ဝက်နီးပါးလောက်ပြန် အသက်ဝင်လာတယ် ။

DW ။ အခုနှစ်ဘုရားပွဲမှာ လူငယ်တွေပါဝင်ဆင်နွှဲနိုင်ရဲ့လား ။

ဖြေ ။ လူငယ်ပိုင်းက တော်တော်များများကို ပျောက်နေတာ။ အခုနှစ် ဘုရားပွဲမှာ အားလုံးမြင်နေသလိုပဲ အသက် ၁၀ နှစ်ဝန်းကျင် ကလေးတွေ နဲ့ အသက်လေးဆယ်ကျော် လူကြီးတွေပဲ ပါနေရတာ တွေ့ရလိမ့်မယ်။ ကြားထဲမှာ အရွယ်တစ်ရွယ် ပျောက်နေတာပေါ့ ။

DW ။ လူငယ်တွေ မပါဝင်နိုင်တော့ ပွဲတော်မှာ ဘာသက်ရောက်မှုရှိမလဲ ။

ဖြေ ။ အရင်တုန်းကဆို ထားဝယ်တန်ဆောင်တိုင်က ထားဝယ်မြို့ခံ လူကြီး၊ လူငယ် ၊ လူရွယ် ၊ လူလတ်၊ ကလေး အားလုံး စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းရှိခဲ့တဲ့ပွဲ။ အခုက လူငယ် ၊ အလုပ်လုပ်နိုင်တဲ့ လူအုပ်စုတစ်စုပေါ့ ပျောက်နေတယ်။ အခုလက်ရှိက စစ်မှုထမ်းဥပဒေကြေညာပြီးနောက်ပိုင်း ပြည်ပကို အလုံးအရင်းနဲ့ ထွက်သွားတော့ လူငယ်တွေ မရှိတော့ဘူး။ ဘုရားပွဲမှာ အဓိက အလုပ်လုပ်ရတာက လူငယ်ပိုင်းတွေဖြစ်တယ်။ လူကြီးတွေက စီမံခန့်ခွဲလုပ်ကြတယ်။ ကလေးတွေဆိုတာကလည်း ဘုရားလှည့်လိုက်ဖို့လောက်ပဲလေ။ အခုနှစ် အခင်းအကျင်းမှာ လူငယ်တွေ မရှိတော့ လုပ်ငန်းမတွင်ကျယ် ကြန့်ကြာတဲ့ အခက်အခဲတွေရှိတယ်။ အခုက ရပ်ရွာထဲက လူကြီးတွေကပဲ စီမံခန့်ခွဲ၊ လူကြီးတွေကပဲ အစခပ်သိမ်း လုပ်နေရတယ်။

DW ။ နှစ်ကျိပ်ရှစ်ဆူ ဘုရားအပါအဝင် ၊ ကိုယ်စားတော်တွေရော စုစုပေါင်း အဆူရေ ၃၀ ကျော် ပင့်ဆောင်တဲ့ ရပ်ကွက်အားလုံး စိတ်လိုလက်ရရှိကြတယ်လို့ မြင်လား ။

ဖြေ ။ အများစုကတော့ အခုနှစ်မှာ အင်တိုက်အားတိုက်လုပ်ကြတယ်။ နေ့ဘက်လှည့်မှာဖြစ်တဲ့အတွက် လျှပ်စစ်မီး အလှဆင်တဲ့အပိုင်း အားလျှော့ထားကြတာကတော့ ဘုရားတိုင်းလိုလိုပဲ။ ပြီးတော့ အရင်နှစ်ရော အခုနှစ်ပါ အစဥ်အလာအတိုင်း ဘုရားလှည်းမပြင်ဆင်ဘဲ ပါဝင်တဲ့သဘောအဖြစ်နဲ့ ကားပေါ်မှာဘုရားတင်ပြီး လှည့်တဲ့ ရပ်ကွက်တွေလည်းရှိတယ်။ ငွေရေးကြေးရေးအရလား ၊ စိတ်မပါလို့လား ပြောမတတ်ဘူး။ အဲဒီရပ်ကွက်တွေကပဲ သိလိမ့်မယ် ။

DW ။ ပြီးခဲ့နှစ်က ဘုရားလှည့်တဲ့နေ့ မြို့အဝင်ပေါက်တိုင်းတံတားမှာ ပစ်ခတ်မှု ဖြစ်ပြီး လမ်းပိတ်လို့ ဘုရားထွက်တဲ့အချိန်အထိ အချို့ ရွာက ဂေါပကတွေမလာနိုင်ဘူးပေါ့။ အခုနှစ်အတွက်ရော ဘယ်လိုစိုးရိမ်မှုကြားက ပြင်ဆင်ထားလဲ ။

ဖြေ ။ စိုးရိမ်မှုကတော့ လူတိုင်းရှိကြတာပေါ့။ အဓိကတော့ ဦးဆောင်တဲ့လူကြီးပိုင်းတွေက ဘုရားလှည့်နေ့မှာပါဝင်မှာ ကလေး ၊ လူကြီး အားလုံးအတွက် စိတ်ပူရတယ်။ တစ်စုံတစ်ခုဖြစ်ခဲ့သည်ရှိသော် လျော်ပေးရအောင်လည်း အသက်တွေဖြစ်တယ် လျော်ရတဲ့ပစ္စည်းမဟုတ်ဘူး။ အဲဒီလိုဆိုတော့ စိုးရိမ်မှုကြားထဲကပဲ ဘေးအကင်းဆုံးဖြစ်အောင် လုပ်ကြဖို့ လုပ်ထားတယ်။ စိုးရိမ်မှုက နည်းနည်း မဟုတ်ဘူး များများရှိတယ် ။

DW ။ အခုလို ကျပ်တည်းတဲ့ကာလမှာ ဘုရားပွဲအသုံးစရိတ်ကရော လုံလောက်ရဲ့လား။ ဘယ်လိုစီမံကြလဲ ။

ဖြေ ။ အသုံးစရိတ် ၊ ကုန်ကျစရိတ်ကတော့ ရပ်ကွက်က လှူဒါန်းထည့်ဝင်ငွေတွေ ၊ အကြိုရန်ပုံငွေတွေနဲ့ သူ့ဟာသူ ကာမိပါတယ်။ ဘာအထောက်အပံ့မှ ယူစရာမလိုဘူးပေါ့။ ရပ်ကွက်သူရပ်ကွက်သားတွေ ထည့်ဝင်ငွေနဲ့ပဲ စီမံသွားကြတယ် ။

DW ။ အရင်ကနှစ်ကစပြီး ဘုရားပွဲပြန်လည်တဲ့ ရည်ရွယ်ချက်ကို ဂေါပကတစ်ယောက်အနေနဲ့ ဘယ်လိုပြောပြချင်လဲ ။

ဖြေ ။ အခုနှစ်ဆို ၁၁၂ ကြိမ်မြောက်ပေါ့။ သက်တမ်းရာကျော် အစဥ်အလာတစ်ခု မပျောက်ပျက်သွားအောင်အတွက် ပြန်လုပ်တယ်လို့ပဲ ဘုရားကြီးဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ရဲ့ အာဘော်ကို ယူပြီးပြောရမယ်။ ကျန်တာတော့ ဘာရည်ရွယ်ချက်မှ ထပ်မရှိပါဘူး ။

DW ။ နှစ်တစ်ရာကျော် ပွဲတော်သက်တမ်းကို အခု ဦး(ဂေါပက) ကိုယ်တိုင် မီသလောက်အရွယ်မှာ နေ့ဘက်လှည့်တာကြုံဖူးလား ။

ဖြေ ။ ၈၈ အရေးအခင်းကာလတုန်းက တစ်နှစ် အခုလို ညမထွက်ရအမိန့်တွေနဲ့ မနက်အာရုဏ်တက် မိုးသောက်ထ လှည့်တာ တစ်နှစ်ရှိဖူးတယ်။ ကျန်တာတော့ ကိုယ်တိုင်မီခဲ့သလောက် ညဘက်ပဲ လှည့်တယ်။

DW ။ အခုလည်း ထားဝယ်မှာ သီတင်းကျွတ်ကာလနောက်ပိုင်း ညမထွက်ရ၊ လူငါးဦးထက်ပိုမစုရ အမိန့်တွေထုတ်ထားတော့ ဘုရားလှည့်မယ့်ဂေါပကတွေ ဘယ်လိုစီမံကြလဲ ။

ဖြေ ။ အခုဘုရားလှည့်တဲ့ ကိစ္စမှာတော့ လူငါးဦးထက်ပိုမစုရ အမိန့်နဲ့ပတ်သက်ပြီး ပြောဆိုတာမတွေ့ရဘူး။ အခြားနေရာတွေမှာတော့ စုရမရ မပြောတတ်ဘူး။ ဘုရားလှည့်တာက ငါးဦးတည်းနဲ့လည်း လှည့်မရဘူး။ သူတို့(စစ်ကောင်စီ) ကလည်း ဘုရားလှည့်တာနဲ့ ပတ်သက်ပြီး ဘာမှလာမပြောဘူး ။

DW ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်သေးလဲ ။

ဖြေ ။ ဖြည့်စွက်ပြောချင်တာကတော့ အားလုံးအဆင်ပြေချောချောမွေ့မွေ့နဲ့ အန္တရာယ်ကင်းဘေးရှင်းပြီး ဘုရားပွဲ တစ်နှစ်တာ ပြီးဆုံးစေချင်တယ်။ တစ်စုံတစ်ခုဖြစ်လာရင် ဦးဆောင်သူတွေရဲ့ နောက်ဆက်တွဲ ဖြေရှင်းရမယ့် ပြဿနာတွေက ကြီးမားတယ်။ အောင်အောင်မြင်မြင်ပြီးဖို့ပဲ ဆုတောင်းတယ် ။

DW ။ အချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

“ဘုရားဘေးမှာသေနတ်တကားကားနဲ့ မြင်ရတာကတော့ တော်တော်ကိုအဆင်မပြေဘူးစိတ်ထဲမှာလေ”

ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦး မြောက်ရွာရပ်ကွက်

DW ။ ဒီနှစ်ထားဝယ်ဘုရားပွဲအကြောင်းပြောပြပါလား။

ဖြေ ။ အရင်သုံးလေးနှစ်ထက် ဒီနှစ်ကပိုစည်တယ်။ ဘုရားကြီးထဲမှာရော ရပ်ကွက်တွေထဲမှာရော လူတွေအပြည့်ပဲ။ ဘုရားကြီးထဲကိုဆို ဆိုင်ကယ်နဲ့တောင် သွားလို့မရဘူး။ ဆိုင်ကယ်ထားမယ့် နေရာကလည်း မရှိဘူး။ ထားဖို့ကလည်း စိတ်မချဘူး။ သုံးဘီးငှားတာပဲ နားအေးတယ်ဆိုပြီး သုံးဘီးနဲ့ မိသားစုလိုက်သွားဖူးတာပေါ့။

DW ။ နေ့ဘက် ဘုရားလှည့်တဲ့အချိန်မှာရော လူတွေစည်တာပဲလား။

ဖြေ ။ သူများတွေတော့မသိဘူး။ အဒေါ်တို့ကတော့ ငယ်ငယ်ကတည်းက ညဘက်လှည့်တာပဲ အမြဲကြည့်နေကြဆိုတော့ နေ့ဘက်လှည့်တာ လူတွေစိတ်ဝင်စားမှု နည်းလိမ့်မယ်ထင်တယ်။ ဘုရားလှည်းတွေက ရောင်စုံမီးတွေနဲ့မှ ကြည်ညိုဖို့ကောင်းတာကိုး။ နေ့ဘက်လှည့်တော့ ကိုယ့်အိမ်ရှေ့ကိုလာရင် ထွက်ကြည့်လိုက်တယ်။ တချို့ကိုယ့်အိမ်နားကို မရောက်တဲ့အိမ်ဆိုလည်း လမ်းထိပ်ထွက်ကြည့်ကြတယ်။ အဲဒီလောက်ပဲ။ သာမန်သဘောလောက်ပဲ။ ဒါပေမဲ့ ဆန်းချီဖက်ကို ဘုရားရောက်တော့ ည ၇ နာရီလောက်ဖြစ်နေပြီ။ အဲဒီမှာကျ မီးတွေဘုရားတွေက ကြည်ညိုဖို့ ကောင်းတော့ လူတွေက တကူးတကကိုထွက်ကြည့်ကြ၊ ဓာတ်ပုံတွေရိုက်ကြ အဲဒီလိုတွေတော့ကွာတယ်။

DW ။ လုံခြုံရေးအခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ ။ လုံခြုံရေးကတော့ချထားတာပေါ့။ နေရာတိုင်းမှာတော့ ရှိနေတာမဟုတ်ဘူး။ အဓိကကတော့ လမ်းဆုံလမ်းခွတွေတော့ သုံးလေးယောက် နေရာတိုင်းမှာရှိနေကြတယ်။ ကားတွေပါအဆင်သင့်ရပ်ထားတာတွေ့ရတယ်။ ဘုရားဘေးမှာကပ်လိုက်ပြီး လုံခြုံရေးလိုက်နေတာမျိုးတော့ မတွေ့ရဘူး။

DW ။ ဘုရားပွဲကို ဒီလိုလုံခြုံရေးနဲ့ ကျင်းပနေရတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ ။ ပိတ်ဖြူအင်္ကျီနဲ့ စစ်တပ်ယူနီဖောင်းနဲ့ကတော့ မလိုက်ဖက်ဘူး‌ပေါ့။ အခုဘုရားပွဲကိုမြင်တော့ ဘာကို သွားပြီးသတိရလဲဆိုတော့ ခိုလော့ (ထိုင်း-မလေးရှားနယ်စပ်မြို့) ကိုသွားသတိရတယ်။ အဲဒီမှာဆို ဘုန်းကြီးတွေ ဆွမ်းခံထွက်တာကအစ စစ်သားတွေက အနောက်ကနေ သေနတ်တွေနဲ့ လုံခြုံရေးလိုက်ပေးနေရတာ။ အခုထားဝယ်မှာလည်း အဲဒီအတိုင်းပဲ။ ဘုရားဘေးမှာ သေနတ်တကားကားနဲ့ မြင်ရတာကတော့ တော်တော်ကိုအဆင်မပြေဘူးစိတ်ထဲမှာလေ။

DW ။ ဘုရားနောက်လိုက်နေတဲ့အထဲ ကလေးတွေနဲ့ မိန်းမတွေပဲတွေ့ရတယ်။ အဲဒီအခြေအနေလေးလည်းပြောပြပါဦး။

ဖြေ ။ အခုချိန်ကတော့လူငယ်တွေက ခပ်ရှားရှားပဲကိုး။ လူငယ်တွေမရှိတော့ ရှိတဲ့ကလေးတွေက ဝင်လုပ်ကြရတာပေါ့။ အဒေါ်တို့အိမ်မှာတောင်မှ သမီးတွေပဲရှိလို့ တော်သေးတယ်။ ဘုရားနောက်ကို လိုက်နေတဲ့အထဲမှာဆို ၁၃ နှစ် ၁၄ နှစ်ကလေးတွေကိုမြင်ရတော့ စိတ်မ‌ကောင်းဘူးသိလား။ အရင်လိုပဲ မြန်မြန်ပြန်ဖြစ်ပါစေပဲ ဘုရားတိုင်းကို ဆုတောင်းပေးနေရသေးတယ်။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“ချုပ်တည်းထားရတာတွေ များလာတော့ အခုတော့ ဘာဖြစ်ဖြစ်ဆိုသလို ပွင့်ထွက်လာကြတယ်လို့ ထင်တယ်”

ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦး

DW ။ ထားဝယ်မှာ ဒီနှစ်တန်ဆောင်တိုင်ဘယ်လိုအခြေနေတွေရှိလဲ။

ဖြေ ။ နှစ်တိုင်းနဲ့စာရင် ဒီနှစ်ပိုစည်လာတယ်။ ရှေ့နှစ်ကဘုရားပို့တဲ့ရက်ဆိုရင် မနက်ပိုင်းပို့တယ်။ ညဘက်အပြင်သိပ်မထွက်ကြဘူး မဟုတ်လား။ အခုက ညဘက်ပြန်ထွက်ပြီး အရင်ကလို အခြေအနေ စည်စည်ကားကားပြန်ဖြစ်ပြီလေ။ ဒီနှစ်ဆိုဘုရားအားလုံး ညနေ ၃ နာရီ ပြိုင်တူထွက်ကြတာ။ အရင်နှစ်ကဆို ဝတ်အဖွဲ့ရယ် ရောဂီရယ် ဘုရားကားရယ်ပဲ။ ဒီနှစ်ကတော့ သီချင်းတွေဖွင့်ပြီး စည်စည်ကားကား ပြန်ဖြစ်လာတာပေါ့။ ရွာတိုင်းလိုလို အတီးအမှုတ်အကတွေနဲ့ဖြစ်လာတယ်။ ဒီနှစ်ဘုရားမပို့ခင် တစ်ရက် ယောဂီ ဝတ်ရွတ်အဖွဲ့တွေ မဲဆွယ်တာမျိုးတွေ နိဗ္ဗာန်ဈေးလိုဟာမျိုးတွေ အရင်ကအတိုင်းနီးပါး ပြန်ဖြစ်လာတာပေါ့။ ဘုရားလှည့်တာလည်း နောက်နှစ်တွေမှာ ညဘက်ဖြစ်လာနိုင်တယ်။ ဒီနှစ်တောင် ဆွေးနွေးခဲ့သေးတယ်လို့ကြားရတယ်။ သီတင်းကျွတ်ပွဲတော် လုပ်သွားသလိုမျိုး လုပ်ကြမယ်ဆိုပြီးပေါ့။ ဘုရားကြီးထဲမှာလည်း တော်ဝောာ်စည်တယ်။

DW ။ ကိုယ်တိုင်ထူးထူးခြားခြား ဘာတွေ မြင်ရတာရှိလဲ

ဖြေ ။ ဘုရားလှည့်လိုက်တဲ့သူတွေထဲ ကလေးအရွယ်တွေ နဲ့သုံးဆယ်နီးပါးအရွယ် တွေများတယ် ။ လူလတ်ပိုင်းတွေ သိပ်မတွေ့ရဘူး။ နောက်ပြီးထူးထူးခြားခြားဆိုလို့ အကဖောင် (ဖျော်ဖြေရေးယာဉ်) ရှေ့မှာ အမျိုးသမီးကြီးတွေ ဝင်ကနေတာကိုတွေ့ရတယ်။ ဆန်းချီဘုရားအဖွဲ့မှာဆိုရင် အောက်ကနေပြီး အမျိုးသမီးကြီးတွေက လိုက်ကနေကြတာကို တွေ့ရတယ်။ လူတွေရဲ့ မျက်နှာကိုကြည့်ရတယ် ဒီနှစ်တန်ဆောင်တိုင်မှာ ပျော်ရွှင်နေကြတာကိုမြင်ရတယ်။ ထားဝယ်မှာဆို အာဏာမသိမ်းခင်က ပုံစံလောက်နီးနီး ဒီနှစ်မြင်တွေ့ရတာပဲ။

DW ။ မြို့သူမြို့သားတွေက အရင်လိုမျိုး တန်ဆောင်တိုင်မှာ ပျော်ပျော်ရွင်ရွင် ဘာကြောင့်ပြန်ဖြစ်လာကြတယ်လို့ ထင်လဲ။

ဖြေ ။ ပြောရမယ်ဆိုရင် စိတ်ပင်ပန်း ဆင်းရဲတာတွေ ထိန်းချုပ်ထားရတာတွေ များသွားလို့ အခုလို ပွင့်ထွက်လာတယ်လို့ ထင်တယ်။ အာဏာသိမ်းပြီးကတည်းကပဲ လူတွေက စိတ်မွန်းကျပ် နေကြရတယ်လေ။ ပျော်စရာရှိလည်း မပျော်ရ၊ လွတ်လပ်မှုလည်း မရှိခဲ့တာကြာတော့ ဒီနှစ်က ထားဝယ်တန်ဆောင်တိုင်လည်းဖြစ်တယ်။ ထားဝယ်ဒေသရဲ့ ပွဲတော်တွေထဲက ဒီပွဲတော် ဆင်နွှဲရတာ ဒေသခံတွေလည်း ပျော်ကြတယ်။ အပျော်ရွှင်ဆုံး ဆင်နွှဲကြရတဲ့ ပွဲတော်လို့လည်း ပြောလို့ရတာပေါ်နော်။ ကျွန်မဆို သီတင်းကျွတ်ပွဲတော်ထက် တန်ဆောင်တိုင်မှာ ပိုပြီးပျော်တယ်။ လူတွေကို စိတ်ကြည်နူးမှုပေးတဲ့ ပွဲတော်လိုလည်းပြောလို့ရတယ်။ အရင်က ချုပ်တည်းထားရတာတွေ များလာတော့ အခုတော့ ပွင့်ထွက်လာကြတယ်လို့ ထင်တယ်၊ ပြီးတော့ တီးသံမှုတ်သံတွေလည်း ပြန်ကြားလာရတယ်ဆိုတော့ အရင်လို ကချင်ခုန်ချင်စိတ်တွေလည်း ပြန်ဖြစ်လာကြတယ်လိုပဲ မြင်ပါတယ်။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါသည်ခင်ဗျား။

“အခုဘုရားပွဲပြီးတော့ ဘာတွေရလိုက်လဲ။ ကျွန်တော်မြင်တာကတော့ စိတ်ဝမ်းကွဲတာတွေ ရလိုက်တယ်”

သရက်ချောင်းမြို့နယ်က အမျိုးသားတစ်ဦး

DW ။ ထားဝယ်တန်ဆောင်တိုင်ပွဲကို လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ တချို့တွေကတော့ ပြည်သူတွေမွန်းကျပ်နေလို့ စိတ်ထွက်ပေါက်အနေနဲ့ ခဏတာပျော်ရွှင်နေကြတာကို အပြစ်မတင်သင့်ဘူးဆိုပြီးတော့။ ကျွန်တော်လည်း ပျော်နေတာကို အပြစ်တော့မတင်ဘူး။ ဒါပေမဲ့ တကယ့်ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုတာတော့ သိစေချင်တယ်။ တကယ့်ပျော်ရွှင်မှုဆိုတာက ခဏလေးပျော်ပြီးရင် ပြီးသွားတာမျိုးမဟုတ်ဘူး။ တစိမ့်စိမ့်တွေးရင်းတောင် စိတ်ကြည်နူးနေရတာမျိုး။ နောက်တစ်ခုက ဒီဘုရားပွဲက မြို့ပေါ်က လူတစ်စုအတွက်‌တော့ ပျော်စရာ၊ စိတ်ထွက်ပေါက်တစ်ခု ဖြစ်ချင်ဖြစ်မယ် အကြောင်းအမျိုးမျိုးကြောင့် ဒီဘုရားပွဲကို ဝင်ပါချင်ပေမယ့် ပါခွင့်မရတဲ့သူတွေအတွက်တော့ စိတ်ဒဏ်ရာဖြစ်စေတယ်။ လူတချို့အတွက်ပျော်စရာဖြစ်ပြီး တချို့တွေအတွက် ဒဏ်ရာဖြစ်စေတယ်ဆိုရင် အဲဒါက ပျော်ရွှင်မှုအစစ်အမှန် မဟုတ်ဘူး။ ကိုယ်က ဘယ်လိုပျော်ရွှင်မှုမျိုးကို လက်ခံမလဲဆိုတာ ကိုယ်ကိုယ့်ကိုယ်ပြန်မေးကြဖို့လိုတယ်။

DW ။ ဒီအချိန်မှာ ဘုရားပွဲကို ကြီးကြီးကျယ်ကျယ် မကျင်းပသင့်သေးဘူးလို့ ဆိုလိုတာလား။

ဖြေ ။ ဘုရားပွဲကျင်းပတာက ကျင်းပလို့ရတယ်။ အရင်နှစ်တွေက ဘုရားကြီးထဲမှာပဲ ပတ်ပြီး ပူဇော်ခံတာရနေတာပဲ။ အခုကော အဲဒီလိုလုပ်လို့မရဘူးလား။ မြို့ထဲထွက်မှကို ရမှာလား။ ဒီဘုရားပွဲက မြို့ပေါ်ကလူတွေလောက်ပဲလား။ အခုဘုရားပွဲပြီးတော့ ဘာတွေရလိုက်လဲ။ ကျွန်တော်မြင်တာကတော့ စိတ်ဝမ်းကွဲတာတွေ ရလိုက်တယ်။ ဆိုတော့ပြောချင်တာက ဘုရားပွဲမကျင်းပနဲ့ မဟုတ်ဘူး၊ ကျင်းပပါ။ အရင်သုံးလေးနှစ်ကလိုပဲ ငြိမ်းငြိမ်းချမ်းချမ်းလေး ဘုရားကြီးဝင်းထဲမှာပဲ ကျင်းပတာကို ပိုသဘောကျတယ်။ စစ်ကောင်စီဝန်ကြီး၊ ဝန်လေးတွေကို ဖားယားနေရတဲ့သူတွေကတော့ ဒီထက်စည်လေပိုကောင်းလေပေါ့။

DW ။ ထားဝယ်ဘုရားပွဲမှာ လူငယ်တွေကို မတွေ့ရတော့ဘဲ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေပဲ တွေ့ရတော့တယ်။ အဲဒီအပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ ။ ကျွန်တော်ပြောချင်တာကလည်းအဲတာပဲ။ ကိုယ်ချင်းစာတရားသာရှိမယ်ဆိုရင် မြို့ထဲမှာမ‌နေရဲလို့ ထွက်ပြေးလာတဲ့ လူငယ်တွေကိုယ်ထဲ ဝင်ခံစားပေးကြည့်ကြည့်။ စစ်ဘေးရှောင်တွေဘဝကို တွေးကြည့်ကြည့်။ သူတို့လည်းလူပဲ။ သူတို့လည်းပျော်ချင်တာကြတာပဲ။ သူတို့လည်း ဘုရားပွဲ လာချင်ကြမှာပါပဲ။ ဒါပေမဲ့ သူတို့တကယ်မလာနိုင်ဘူး။ အသက်လုပြေးနေရတယ်ဟိုမှာ။ အဝေးကြီးမကြည့်နဲ့ မြို့နဲ့ကပ်နေတဲ့ မောင်မယ်ရှောင်ရွာကိုပဲ အရင်ကြည့်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ထားဝယ်မြို့ရဲ့ပတ်ပတ်လည်မှာ စစ်ဘေးရှောင်တွေအများကြီး။ ဘုရားကိုလှူသလို အဲဒီစစ်ဘေးရှောင်တွေကို လှူတာလည်း ကုသိုလ်ရတယ်လို့ပြောချင်ပါတယ်။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။