BREAKING
November 15, 2024

ထားဝယ်တန်ဆောင်တိုင် စည်သတဲ့လား

November 15, 2024

သပိတ်မျှောပွဲနဲ့ ရှမ္မလည်ဆွဲမမဘုရားပွဲက အစချီတဲ့ ဒီနှစ်ပွင့်လင်းရာသီအစဟာ အရင်‌လေးနှစ်ကနဲ့မတူ ခပ်မြူးမြူးနဲ့ တာထွက်လာပါတယ်။

လေးဖက်လေးတန်သော မြို့ဝင်ပေါက်တွေမှာ ခပ်မြင့်မြင့် ဘန်ကာတွေနဲ့ ပိတ်ဆို့ခြိမ်းခြောက်ခံနေရတဲ့ အကျဉ်းစံတိုင်း မြို့ရွှေဝယ်ရဲ့ တန်ဆောင်တိုင်ကလည်း မြို့ခံတွေရဲ့ လေးနှစ်အကြာ အောင့်လုံးကြားမှာ ပေါက်ကွဲထွက်လာပါတယ်။

ဒါဟာ ၂၀၂၀ ကိုဗစ်နဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ခံထောင်သောင်းချီပါဝင်တဲ့ ပထမဆုံး ထားဝယ်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်လို့ဆိုနိုင်ပါတယ်။

အာဏာမသိမ်းခင်က ကြီးကျယ်ခမ်းနားလှစွာ စည်ကားလှတဲ့ တန်ဆောင်တိုင်ပွဲကို မမီသေးပေမယ့် သူ့အတွက်တော့ အလွမ်းတစ်ဝက်ပြေပျောက်စေခဲ့တယ်လို့ အသက်ကြီးပိုင်း ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြုပါတယ်။

“အရင်က အရသာမျိုးတော့ သုံးပုံတစ်ပုံ ပြန်ခံစားရတယ်။ အလွမ်းပြေတစ်ဝက် မပြေတစ်ဝက်ပဲ” လို့ ရပ်ကွက် ဘုရားဂေါပကတစ်ဦးလည်းဖြစ်တဲ့ အဲဒီမြို့ခံက ဆိုပါတယ်။

ထားဝယ်တန်ဆောင်တိုင်ဆိုတာ နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ နှစ်ပေါင်းတစ်ရာကျော် ကြာလာပြီဖြစ်တဲ့ ဓလေ့တစ်ခုပါ။

ဒါကြောင့်လည်း ၁၁၂ ကြိမ်မြောက်အထိ သက်တမ်းရှိလာပြီဖြစ်တဲ့ ထားဝယ်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ ယူနက်စကို (ကုလသမဂ္ဂ သိပ္ပံနဲ့ယဉ်‌ကျေးမှုအဖွဲ့) အထိ တင်သွင်းဖို့ NLD အစိုးရလက်ထက်က ကြိုးစားခဲ့တာပါ။

ဒေသတွင်းထင်ရှားကျော်ကြားပြီး စည်ကားလှတဲ့ပွဲတော်ဖြစ်လို့ ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ကမ္ဘာသိထိုးဖောက်ပြီး ခရီးသွားလုပ်ငန်းတိုးတက်ဖို့ အဲဒီအချိန်က ရည်ရွယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ထားဝယ်သားတို့နွှဲတဲ့ တန်ဆောင်တိုင်

ထားဝယ်လေးမြို့နယ်က ဒေသခံတွေအတွက်တော့ တန်ဆောင်တိုင်ပွဲတော်ဖြစ်တဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကာလဆိုရင် လုပ်လက်စအလုပ်တွေကိုပစ်ချထားပြီး ဘုရားပွဲတော်ကို လာရောက်ဆင်နွှဲကြလေ့ရှိပါတယ်။

“ကော့သောင်းမှာ လှေလိုက်နေရင်းကနေ ထားဝယ်ဘုရားပွဲကိုလာချင်လွန်းလို့ လှေသားတွေစုပြီး ကားစီးလုံးဖြတ်ငှားပြီး ညချင်းထားဝယ်ကို တက်လာခဲ့ဖူးတယ်” လို့ လောင်းလုံးမြို့နယ်က ရေလုပ်သားတစ်ဦးဖြစ်တဲ့ ကိုမင်းလတ်က ဆိုပါတယ်။

“ဒွယ်ဖျားဘွဲမျိုးဖြစ်နေဟိမား နဲ(ဂို)စည်းစယ်ဟီး”

ပွဲတော်တစ်ခုခု၊ အခမ်းအနားတစ်ခုခု တိုးဝှေ့စည်းကားနေတယ်ဆိုရင် ဒေသခံတွေဟာ ထားဝယ်‌တန်ဆောင်တိုင် ဘုရားပွဲနဲ့ ခိုင်းနှိုင်းပြီးပြောလေ့ရှိတဲ့ စကားပါ။

ထားဝယ်တန်ဆောင်တိုင်က အဲဒီလောက်ကို စည်ကားကျော်ကြားခဲ့ပါတယ်။

ကိုဗစ်မတိုင်မီကဆိုရင် ကားစီးလုံးဖြတ်ငှားလာကြတဲ့သူ‌တွေ၊ ဆိုင်ကယ်ကိုယ်စီနဲ့ ချီတက်လာကြတဲ့ လူငယ်တွေနဲ့ ထားဝယ်ခရိုင်လေးမြို့နယ်က လမ်းတစ်လျှောက်မှာ ဥဒဟိုသွား‌လာနေကြတာ ညလုံးပေါက်ပါပဲ။

ကားဟွန်းသံတညံညံ၊ ဆိုင်ကယ်လီဗာဆွဲသံ တဝူဝူနဲ့ ညမအိပ်တဲ့မြို့လို့ ပြောရမှာပါပဲ။

ဒါ့အပြင်ပွင့်လင်းရာသီမှာ ထားဝယ်ဖက်ကို ရှင်းကိုးရှင်ဘုရားဖူးရင်း၊ ကမ်းခြေတွေဖက်ရေကစားရင်း ခရီးထွက်လာကြတဲ့ အခြားတိုင်းနဲ့ပြည်နယ်တွေက ခရီးသည်တွေဟာ တန်ဆောင်တိုင်ပွဲကို ဝင်နွှဲလေ့ရှိပါတယ်။

အဲဒီအချိန်ဆို ခရီးသည်တင်မှန်လုံကားတွေက မြို့ပေါ်က ဘုန်ကြီးကျောင်းတွေမှာ တည်းခိုလေ့ရှိတော့ တည်းခိုခန်းတွေကတောင် ဘုန်ကြီးကျောင်းတွေကို မနာလိုဖြစ်ကြရတဲ့အထိပါပဲ။

ဘုရားလှည့်ပွဲနေ့ဆိုရင် ရွှေတောင်စားဘုရားရင်ပြင်နားမှာ လူပင်လယ်ကြီးအလား တိုးဝှေ့နေတတ်ကြတာမျိုးလေ။

မြို့ထဲက အဓိကလမ်းမကြီးတွေဆိုရင် လမ်းပိတ်ဆို့မှာစိုးလို့ ကားဆိုင်ကယ်တွေ ဖြတ်ခွင့်တောင် တားမြစ်ထားယူရတဲ့အထိ စည်းကားတာပါ။

ဒီနှစ်ဘုရားပွဲ စည်သတဲ့လား

ဒီနှစ်ဘုရားပွဲက အတော်အတန်စည်ကားတဲ့ ပွဲတစ်ခုလို့ ဆိုကြပါတယ်။ ဒါပေမဲ့ မြို့ပေါ်က လူတစ်စု အတွက်ပါပဲ။

ဘုရားပွဲကျင်းပခါနီး ထားဝယ်လေးမြို့နယ်က နယ်ဒေသခံတွေကတော့ တိုက်ပွဲတွေ၊ စစ်ကောင်စီ စစ်ကြောင်းထိုးတာတွေကြား ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်က အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးလို့ ပြာပုံအတိဖြစ်သွားတဲ့ အိမ်တွေ၊ ကျေးရွာတွေက ဒေသခံတွေက နေစရာမဲ့နေကြပါပြီ။

အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုတွေကြောင့် လူငယ်တွေ ထွက်ပြေးနေကြသလို အဓမ္မစစ်မှုထမ်းခိုင်းလို့ နေရပ်ပြန်မလာရဲတဲ့ လူငယ်တွေကလည်း ဒုနဲ့ဒေးပါပဲ။

ဒါကြောင့်လည်း ဒီနှစ်ဘုရားလှည့်ပွဲမှာ ပိတ်ဖြူဝတ်ဥပါသကာတွေဟာ အသက် ၁၈ နှစ်အောက် လူငယ်‌တွေနဲ့ အသက်ကြီးပိုင်းအမျိုးသားတွေပဲ အများစုဖြစ်နေကြပါတယ်။

ထားဝယ်တန်ဆောင်တိုင်ဟာ နယ်ဒေသခံတွေအတွက်မဟုတ်တော့သလို စစ်မှုထမ်းဘေးကနေ တိမ်းရှောင်နေရတဲ့ လူငယ်တွေအတွက်လည်း မဟုတ်တော့ပြန်ပါဘူး။

“အရင်ကဆို ဘုရားတံကဲ မီးပြင်ရင် လူငယ်တွေ တစ်ယောက်တစ်လက်နဲ့ ဝိုင်းကူကြတယ်။ အခုကတော့ ကျွန်တော်တို့ရပ်ကွက်မှာဆို မီးပြင်မယ့်သူ နှစ်ယောက်ပဲရှိတယ်။ ကျန်တဲ့လူငယ်တွေက စစ်မှုထမ်း ကြေညာပြီးကတည်းက ထိုင်းရောက်ကုန်ကြပြီ” လို့ မြို့ခံဂေါပကတစ်ဦးက ပြောပါတယ်။

အတင်းအဓမ္မလုယူခံလိုက်ရတဲ့ အခွင့်အရေးတွေအတွက် တောတောင်တွေထဲခိုလှုံပြီး ‌တော်လှန်စစ်ကို ဆင်နွှဲနေကြတဲ့ လူငယ်တွေအတွက်ကလည်း တစ်ချိန်က ဆင်နွှဲခဲ့တဲ့ ဘုရားပွဲကို အံကြိတ်ကြည့်ရင်း တော်လှန်ရေးအောင်ပြီးမှ ငါတို့နွှဲကြမယ်လို့ တွေးနေကြမှာပါပဲ။

မအေးချမ်းတဲ့ ခရီးလမ်း

တကယ်တော့ ထားဝယ်တန်ဆောင်တိုင်ပွဲက အရင်လိုအငွေ့အသက်တွေ မပေးနိုင်တော့သလို ပါဝင်သူတွေအတွက်လည်း စိုးတထိတ်ထိတ်နဲ့ ဝင်နွှဲခဲ့ကြရတာပါ။

မြို့နဲ့အလှမ်းမဝေးလှတဲ့ ကျေးလက်နေသူတွေတောင် ဘုရားပွဲအတွက် မြို့ပေါ်တက်ဖို့ မအေးချမ်းလှတဲ့ လမ်းခရီးကို ဖြတ်ပြီးမသွားဝံ့ကြပါဘူး။

ရေလောင်းမှပွင့်တဲ့ ဝါးတားဂိတ်တွေက ထားဝယ်ကိုသွားတဲ့လမ်းတစ်လျှောက်မှာ အစီအရီ မှိုလိုပေါက်လာတာကလည်း အဟန့်အတားတစ်ခု။

“ထားဝယ်တစ်ခေါက်တက်ရင် လမ်းဘေးမှာ ပေးရတဲ့ စရိတ်များလို့ ကိစ္စမရှိဘဲ သွားကို မသွားတော့ဘူး” လို့ သရက်ချောင်းမြို့နယ် ကနက်သီရိရွာခံတစ်ဦးက ပြောဆိုပါတယ်။

ကနက်သီရိကနေ ထားဝယ်မြို့ကိုလာဖို့ ၄၆ မိုင်လောက်ဝေးတဲ့ ပြည်ထောင်စုလမ်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ် သုံးဂိတ်နဲ့ တော်လှန်ရေးတပ်စစ်ဆေးရေးဂိတ် သုံးဂိတ် စုစုပေါင်း ဂိတ် ခြောက်ဂိတ်ကို ဖြတ်ရတာလို့ဆိုပါတယ်။

စစ်ကောင်စီဂိတ် သုံးဂိတ်ကတော့ မဖြစ်မနေပိုက်ဆံပေးရလေ့ရှိပြီး တော်လှန်ရေးတပ်တွေရဲ့ ဂိတ်မှာတော့ အလှူခံဖလားထဲ ဆန္ဒရှိသလောက် ပေးလှူရုံပဲလို့ဆိုပါတယ်။

အရင်က ဘယ်ကိုပဲသွားသွား၊ ဘယ်အချိန်သွားသွား တံခါးမရှိ၊ ဓားမရှိအခြေအနေကနေ အခုကတော့ တဒင်္ဂလေးပျော်ရွှင်ရဖို့ ပြည်သူတွေမှာ နီးရာဓားကို ပြေးကြောက်နေရတဲ့‌အဖြစ်ပါ။

ဒီကြားထဲ တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေနဲ့တိုးရင် အသွားမတော်တစ်လှမ်းဆိုတဲ့အတိုင်း အခန့်မသင့်ရင် အသက်ပါစတေးရနိုင်တာမျိုးဆို ဘယ်သူက တကူးတက ဘုရားပွဲကိုအသက်နဲ့ရင်းပြီး သွားလာကြလေမလဲ။

တစ်နှစ်ထက်တစ်နှစ် စည်ကားလာနေတယ်ဆိုတဲ့ ထားဝယ်ဘုရားပွဲ၊ ဒီနှစ်ပိုစည်ကားလာတယ်ဆိုတဲ့ ထားဝယ်ဘုရားပွဲဟာ ဘာပဲပြောပြော နယ်ဒေသခံတွေအတွက် ရင်ခုန်စရာမရှိတော့ပါဘူး။

“ဘုရားပွဲဆိုရင်ပုံမှန်အတိုင်း အဖိတ်နေ့ည ထားဝယ်မှာ ဘုရားဖူးပြီးရင် ညတွင်းချင်း ရွာပြန်။ တံခါးမရှိ ဓားမရှိဘဲ။ အခုကတော့ နေ့ဘက်တောင် လမ်းခရီးသွားတာက ကားနဲ့သွားနေရတာနဲ့ မတူဘူး။ ဂိတ်တွေများ လမ်းခဏခဏဆင်းလျှောက်ရတော့ လမ်းလျှောက်ခရီးသွားနေသလိုပဲ” လို့ ကံပေါက်ဒေသခံတစ်ဦး ညည်းတွားပါတယ်။

ပဋိပက္ခကြားက ဘုရားပွဲပြန်စ

အစဉ်အလာကြီးမားပြီး စည်ကားတဲ့ ထားဝယ်တန်ဆောင်တိုင်ပွဲတော်ဟာ ၂၀၂၀ ကိုဗစ်ကပ်ဘေးကစလို့ စစ်အာဏာသိမ်းမှုဂယက်တွေကြား ၂ နှစ်‌တိတိ ငုပ်လျှိုးသွားခဲ့သေးတာပါ။

၂၀၂၂ မှာ အစဉ်အလာကို ထိန်းသိမ်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘုရားကြီးဂေါပကအဖွဲ့က ကြီးမှူးလာလို့ ခေါင်းပြန်ထောင်လာပေမယ့် စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်တွေကြား ဗျာများခဲ့ရပါသေးတယ်။

နောက်ဆုံးတော့ နေ့ဘက် ရွှေတောင်စားဝင်းထဲ ဘုရားလှည့်မယ်ဆိုတာနဲ့ ပြန်စခဲ့ကြပါတယ်။

နောက်တစ်နှစ် ၂၀၂၃ မှာတော့ ဘုရားကြီးဝင်းထဲကနေထွက်လာပြီး နေ့ဘက်မြို့ထဲလှည့်လည် ပူဇော်ဖို့ လုပ်ဆောင်လာခဲ့ပါတယ်။

ဒါပေမဲ့ ဘုရားပွဲမတိုင်ခင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ မြို့အဝင်က ပေါက်တိုင်းတံတားဂိတ်ကို လာရောက် တိုက်ခိုက်မှုကြောင့် လမ်းပိတ်သွားပြီး ကျောက်ရပ်ရွာက ဂေါပကတွေ၊ ဥပါသကာတွေ ဘုရားလှည့် မလိုက်ရတော့ဘဲ ဘုရားလှည်းကို အခြားရပ်ကွက်က ဂေါပကတွေက တာဝန်ယူလှည့်လည်ပေးခဲ့ရပါတယ်။

အဲဒီနှစ်က မျက်ခုံးခပ်လှုပ်လှုပ်နဲ့ပဲ ဂေါပကတွေ၊ ဥပါသကာတွေ ဘုရားလှည့်လိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

တိုးတိုးလေးပျော်ပေးပါ

ဒီနှစ်မှာတော့ အရင်နှစ်တွေကထက် ပိုပြီးစည်ကားလာပါပြီ။ ဒါပေမဲ့ လူတိုင်းပါဝင် ပျော်ရွှင်ခွင့်ရှိတဲ့ ဘုရားပွဲတော့ ဖြစ်မလာပါဘူး။ ပျော်တဲ့သူတွေက စိုးတထိတ်ထိတ်နဲ့ ယာယီပျော်နေရသလို မိသားစုတွေ ဆုံးရှုံးလို့၊ နေအိမ်တွေ ဖျက်ဆီးခံလိုက်ရလို့ ငိုကြွေးနေရသူတွေကလည်း ဒုနဲ့ဒေးပါပဲ။

တိတ်တိတ်လေး ငိုနေရသူတွေအတွက် တိုးတိုးလေးပျော်ပေးပါလို့ စာနာမှုနဲ့ တောင်းဆိုနေသူတွေရှိသလို၊ ဒီအချိန်မှာ ဒီလိုမျိုးပျော်ပွဲရွှင်ပွဲတွေ လုပ်ရကောင်းလားလို့ ပြစ်တင်ဝေဖန်သူတွေလည်း ရှိပါတယ်။

ဒေသတွင်းအကြမ်းမဖက်လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကတော့ “လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် ဆိုတဲ့အထဲက ဘာသာရေးပွဲတော်တွေ ကျင်းပတာက အပြစ်မဟုတ်ဘူး။ မြို့ခံလူထုမှာလည်း စစ်ကောင်စီရဲ့ ဖိအားကရှိတယ်။ သုံးနှစ်လောက် မလုပ်ဘဲ သည်းခံလာခဲ့တယ်။ အခုလည်း စိတ်ထွက်ပေါက်တစ်ခုတော့ ဖြစ်တယ်။ ဒါပေမဲ့ တစ်ဘက်မှာ တော်လှန်ရေးကာလ ဖြစ်လို့ စစ်အနိဋ္ဌာရုံတွေ ကြားနေ၊ မြင်နေရလို့ ဘုရားပွဲမှာ ကခုန် ပျော်ရွှင် တာမျိုးတွေကတော့ ကိုယ်ချင်းစာတရားနဲ့ ရှောင်ရှားသင့်တယ်” လို့ သုံးသပ်ပါတယ်။

စစ်အာဏာသိမ်းမှုက အရာရာကို ဖျက်ဆီးလိုက်ပါပြီ။ ထားဝယ်တို့ရဲ့ နှစ်တစ်ရာကျော် ပျော်စရာဓလေ့ တစ်ခုဖြစ်တဲ့ ထားဝယ်တန်ဆောင်တိုင် ဘုရားလှည့်ပွဲကလည်း ဖျက်ဆီးခံထားရပါပြီ။

ဘုရားလှည့်ပွဲက တချို့တွေအတွက် မွန်းကျပ်မှုရဲ့ထွက်ပေါက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စစ်ကောင်စီရဲ့ ဖိနှိပ်မှုအမျိုးမျိုးကို ခံစားထားရသူတွေအတွက်ကတော့ စိတ်ဆိုးချင်စရာ ဘာသာရေးပွဲတော်တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာနေပါတယ်။

ရပ်ဝေးမြေရောက်သူတွေ ရောက်ရာအရပ်က ပြန်လာလေ့နွှဲလေ့ရှိတဲ့ ဒီတန်ဆောင်တိုင် ဘုရားလှည့်ပွဲက အခုတော့ ပြန်လာစရာ အိမ်မရှိတော့သူတွေ၊ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် ပြန်လာမရသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာနိုင်သူတွေ တစ်နှစ်ထက်တစ်နှစ် တိုးလာနေပါပြီ။

ဘယ်နှစ်ကြိမ်မှန်းမသိလောက်အောင် အကြိမ်ကြိမ်အခါခါ နေအိမ်တွေမီးရှို့ခံနေရတဲ့ ထားဝယ်မြို့နားက မောင်မယ်ရှောင်ရွာခံ စစ်ဘေးရှောင်တစ်ဦးကတော့ တန်ဆောင်တိုင်နဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“အမှန်ပြောရရင် တန်ဆောင်တိုင်ဆိုရင် ရပ်ဝေးမြေရောက်နေတဲ့ သူတွေ အိမ်ပြန်နေကျ ရာသီပါ။ အခုတော့ ရွာပျောက် အိမ်ပျောက်ပါပဲ”