လမင်း စန္ဒာသည် ကဗျာဆရာ၊ စာရေးဆရာ၊ တေးရေးဆရာများ၏ အစွမ်းကြောင့်ပင်လော မပြောတတ်။ လွန်စွာပင် ပျော်မွေ့ဖွယ်ရာနေရာ စိတ်ကူးယဉ် စရာကောင်းလှသည့်နေရာအဖြစ် ထင်မှတ်မိတတ်ကြသည်။ ရွှေလတွင် ယုန်ဝပ်သည့် ကဗျာ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်ဟူသော သီချင်းစာသားမျိုး လူတိုင်းနီးပါးကြားဖူးကြသည်။ သာယာနှစ်လို ကြည်နူးဖွယ် ညအခါသမယကို ဖော်ညွှန်းသော အရေးအသားမျိုးတွင် လမင်းကြီး ထိန်ထိန်သာနေသည် သို့မဟုတ် လနှင့် ဆက်စပ်ဖော်ပြကြသည်။
သို့ရာတွင်ကား ကမ္ဘာ၏ အရန်ဂြိုဟ် ဟုဆိုသော လမင်းသည် လူသတ္တဝါ အပေါင်းတို့အဖို့ နေထိုင်ရန် မဖြစ်နိုင်သော နေရာဖြစ်ကြောင်း၊ လူတို့အသက် ရှင်ရေးအတွက် မရှိမဖြစ်လိုအပ်သော ရေ၊ လေတို့ မရှိသည့်အပြင် အပူချိန်အတက်အကျမြန်ဆန်ပြင်းထန်ခြင်း၊ နေရောင်ခြည်တွင်ပါဝင်သော အန္တရာယ် ရှိရောင်ခြည်တို့ကို စစ်ပေးနိုင်သည့် မြေကမ္ဘာ၏အိုဇုန်းလွှာကဲ့သို့သော အရာမျိုးလည်း မရှိ၊ ကမ္ဘာမြေကဲ့သို့ဆွဲအားလည်း မကောင်းလှသောကြောင့် အင်မတန်ပင် အန္တရာယ်ရှိသော နေရာဖြစ်ကြောင်း တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာပြဋ္ဌာန်း စာအုပ်တွင်ပင် ဖော်ပြထားပြီးဖြစ်သည်။ သို့ရာတွင် လ၏ အကြောင်းကို လုံးဝ ဥဿုံ နားလည်သွားကြပြီဟုမဆိုနိုင်ပေ။ အာကာသရေးရာ လေ့လာသည့် အဖွဲ့ များသည် အာကာသအတွင်းရှိ အခြားသောအကြောင်းအရာများကို လေ့လာ နေသည့်နည်းတူ လ၏အကြောင်းကိုလည်း လေ့လာလျက်ပင်ရှိသည်။
ဆိုဖီယာ (SOFIA) အမည်ရ အာကာသ လေ့လာရေးယာဉ်ပျံသည် လပေါ်တွင် ရေရှိကြောင်း ရှာဖွေတွေ့ရှိ သွားပြီဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ အာကာသလေ့လာရေးအဖွဲ့ ကြီးဖြစ်သော နာဆာ (NASA) က လပေါ်တွင် ရေရှိကြောင်း ထောက်လှမ်းမိသည်ဟူ၍ မကြာသေးမီအချိန် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၂၆ ရက်က ကြေညာခဲ့သည်။ ယခင်ကမူ လပေါ်တွင် ရေရှိခဲ့ကြောင်း အထောက်အထားမျိုး၊ နေရောင်မရောက်သည့် လ၏ အမှောင်ဘက်ခြမ်းတွင် ရေရှိ နိုင်သည်ဟူသော မှန်းဆချက်မျိုးရှိခဲ့သည်။ နာဆာ၏ ကြေညာချက်အရမူ လ၏ မျက်နှာပြင်ရှိ Clavius Crater ဟူသော ချိုင့်ဝှမ်းကြီးရှိသော အရပ်တွင် ရေမော်လီကျူးများ (H2O) ကို ထောက်လှမ်းမိကြောင်းဆိုသည်။ ထိုအရပ်သည် နေရောင်ကျသော လ၏မျက်နှာပြင် တစ်နေရာလည်းဖြစ်သည်။
ထောက်လှမ်းရရှိမှုများအရ လ၏မျက်နှာပြင် မြေသားရှိရေမှာ ၁၂ အောင်စ ခန့်ရှိရေတစ်ဘူး၏ ပမာဏသာရှိသည် ဟူဆိုသည်။ ဤပမာဏမှာ ဆာဟာရ သဲကန္တာရရှိ ရေပမာဏနှင့် ယှဉ်လျှင် ယေဘုဘျအားဖြင့် အဆတစ်ရာခန့်ကွာ ပါသည်။ ထိုသို့ရေရှိကြောင်း ထောက် လှမ်းနိုင်ရန် ဆိုဖီယာရှိ အထူးပြုလုပ် ထားသော အဝေးကြည့်မှန်ပြောင်းနှင့် အနီအောက်ရောင်ခြည်သုံးကင်မရာကို အသုံးပြုခဲ့သည်ဟုဆိုသည်။ နာဆာ ဌာနချုပ်ရှိ အာကာသရူပဗေဒဆိုင်ရာ ဌာန၏ ညွှန်ကြားရေးမှူးပေါလ်ကမူ “အခု လပေါ်မှာ ရေရှိနေပြီဆိုတာ သိကြရပါပြီ။ ဒီတွေ့ရှိချက်ကတော့ ကျွန်တော်တို့ နားလည်ထားခဲ့တဲ့ လမျက်နှာပြင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြန်တွေးဖို့ဖြစ်လာစေတယ် ပြီးတော့လည်း အာကာသထဲမှာ အသေအချာ စူးစမ်းလေ့လာမှုလုပ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေနဲ့ ပတ်သက်လို့လည်း အတော်လေးစဉ်းစားဖို့ကောင်းတဲ့ မေးခွန်းမျိုးတွေ ရှိလာတယ်ပေါ့” ဟု ဆိုသည်။
လပေါ်တွင် တွေ့ရှိရသည့် ရေမှာ အနည်း၍ငယ်မျှသောပမာဏပင် ဖြစ်စေကာမူ လပေါ်တွင် ရေများမည်သို့ ဖြစ်လာသနည်း။ ထိုရေများသည် လ၏ မြေထဲတွင် ကြမ်းတမ်းလှသော၊ လေထု မရှိသော အခြေအနေမျိုးကို အန်တုကာ မည်ကဲ့သို့ တည်ရှိနေသနည်းဆိုသည်က လည်း မေးခွန်းကြီးများဖြစ်လာသည်။ ရေသည် အာကာသထဲတွင် အင်မတန် အရေးပါ၍ တန်ဖိုးမဖြတ်နိုင်သည့်အရင်း အမြစ်ဖြစ်ကာ လူသားများ အသက်ရှင်သန်ရေးအတွက် အဓိက အရာတစ်ခု လည်းဖြစ်သည်။
ယခု နာဆာက တွေ့ရှိခဲ့သော ရေကို ထုတ်ယူ သုံးစွဲနိုင်မှု ရှိမရှိကိုမူ ဆက်လက်သုတေသနပြု လေ့လာရန် ကျန်သေးသည်။ နာဆာ၏ အစီအစဉ်အရမူ လပေါ်တွင် ရှိနေသော ရေနှင့် ပတ်သက်သော လေ့လာမှုများနှင့် ဆက်စပ်သုတေသနများ ပြုနိုင်ရန် အမျိုးသမီးတစ်ဦး (လပေါ်သို့ ပထမဆုံး ရောက်ရှိသော အမျိုးသမီးဖြစ်လာမည်) နှင့် နောက်အမျိုးသားတစ်ဦးကို နောင် ၂၀၂၄ ခုနှစ်တွင် ထပ်မံစေလွှတ်သွားမည် ဖြစ်သည်။ လပေါ်တွင် ရေရှည် လူနေ ထိုင်ရန်လည်း ကြံဆလျက်ရှိသည်။
လ၏မျက်နှာပြင် နေရောင်ကျ ရောက်နေသော နေရာတွင် ရေတွေ့ရှိမှုနှင့် ပတ်သက်၍ ပညာရှင်တစ်ဦးကမူ ဤသို့မှတ်ချက်ပြု၏။ “ထူထဲတဲ့ လေထု အလွှာမျိုး မရှိဘဲနဲ့ ဒီ နေရောင်ထိုးနေတဲ့ လရဲ့မျက်နှာပြင်ပေါ်က ရေတွေက တကယ်တော့ အာကာသထဲကို လွင့်ထွက်ပျောက် ဆုံးသွားသင့်တာ။ ဒါပေသိ အခုတော့ ဒီရေရှိတာကို မြင်နေရပြီ။ တစ်ခုခုက ရေတွေကို စုစည်းပေးထားတာပဲ၊ ပြီးတော့ အဲဒီမှာ ရေတွေကို လပေါ်မှာ ရှိနေအောင် ထိန်းထားပေးတဲ့ဟာ ရှိကိုရှိနေရမယ်။”
လပေါ်တွင် ရေရှိနေခြင်းနှင့် သက်ဆိုင်သော မှန်းဆချက်များလည်းရှိနေသည်။ လပေါ်တွင် အလွန့်အလွန်သေးငယ်သော ကျောက်ကဲ့သို့ အရာဝတ္ထု အမှုန်အမွှားများရွာကျခြင်းဖြစ်နိုင်ကြောင်း ထိုရွာကျခြင်းက ရေအနည်းငယ်ကိုသယ်လာကာလ၏ မျက်နှာပြင်တွင် သိုထား သလိုဖြစ်နိုင်ကြောင်း ယူဆကြသည်။
နောက်ဖြစ်နိုင်ချေတစ်ခုမှာ နေ၏ရောင်ခြည်လှိုင်းများက ဟိုက်ဒရိုဂျင်ဓာတ်ကို လပေါ်သို့ သယ်လာနိုင်ကာ လမျက်နှာပြင်ရှိ အောက်စီဂျင်ဓာတ်ပါရှိသော ဓာတ်သတ္တုမျိုးနှင့် ဓာတ်ပြု၍ လ၏မြေလွှာထဲတွင် အာပေါဓာတ်ကို ဖွဲ့နိုင်ကြောင်း၊ အလွန့်အလွန်သေးငယ် သော အာကာသ၏အမှုန်အမွှားများ၏ တရစပ် ဓာတ်ပြုမှုသည် လ၏ မြေလွှာထဲရှိ အာပေါဓာတ်ကို ရေအဖြစ်ပြောင်း လာစေကြောင်း ဟူ၍ မှန်းဆကြပြန်သည်။ နောက်တဖန် ထိုရေသည် လ၏ မျက်နှာပြင် နေမထိသော နေရာများ၏ အရာဝတ္ထုများအကြား ရှိနေနိုင်ကြောင်း ယူဆကြသည်။
“ရေက အတော်လေး အဖိုးတန်တဲ့ အရင်းအမြစ်ပဲ။ သိပ္ပံလေ့လာမှုတွေ အတွက်ကော ဒီစူးစမ်းရှာဖွေသူတွေ သုံးဖို့အတွက်ကောပေါ့လေ။ တကယ်လို့များ ဒီလပေါ်က ရေအရင်းအမြစ်တွေကိုသာ သုံးနိုင်တယ်ဆိုလို့ရှိရင် ကမ္ဘာ ကနေရေသယ်လာရတာသက်သာမယ်။ ဒီမှာ စူးစမ်းလေ့လာဖို့လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေပိုသယ်လို့ရတာပေါ့လေ” ဟု နာဆာ၏ စူးစမ်းရှာဖွေရေးသိပ္ပံ ပညာရှင်များ၏ အကြီးအကဲ ဂျက်ကော့ က ဆိုပါသည်။
လ၏ မျက်နှာပြင်တွင် ရေရှိကြောင်း ထောက်လှမ်းမိသူမှာ ဆိုဖီယာ ဖြစ်သည်။ ဆိုဖီယာ (Stratospheric Observatory for Infrared Astronomy -SOFIA) မှာ ကမ္ဘာ့မြေပြင်မှ အမြင့်ပေပေါင်း ၃၈၀ဝ၀ – ၄၅၀ဝ၀ အကြားပျံသန်းသော ၇၄၇ ဘိုးရင်းဂျက်လေယာဉ်ပျံ ကြီးဖြစ်ကာ ၂ ဒသမ ၇ မီတာရှိသော အဝေးကြည့် မှန်ပြောင်းကို သယ်ဆောင်ကာ အာကာသအတွင်းရှိ အရာများကို လေ့လာမှုလုပ်သော ရွေ့လျားသုတေသန ယာဉ်ဖြစ်သည်။ အဓိပ္ပာယ်ကို တိုက်ရိုက်ပြန်ဆိုသော် အလှမ်းဝေးကွာလွန်းသော အာကာသရှိ အရာများကို လေ့လာရန်အတွက် စထရာတိုစဖီးယားအလွှာ (အိုဇုန်းလွှာရှိသော အလွှာဖြစ်သည်)က လေ့လာမှုပြုခြင်းဟု ဆိုသော် သင့်မည်ထင်သည်။ ဆိုဖီယာ၏ အားသာချက်မှာ လေယာဉ်ဖြစ်ခြင်းကြောင့် ကမ္ဘာမြေပြင်တွင် အခြေစိုက်သော အာကာသလေ့လာရေး စခန်းများ၏ အဝေးကြည့်မှန်ပြောင်းများထက် အလုပ်ပိုတွင်ကာ အာကာသအတွင်း ပို၍ ထောက်လှမ်းနိုင်ခြင်းမျိုး ဖြစ်သည်။
ဆိုဖီယာသည် စကြာဝဠာအတွင်းရှိ ကြယ်များ၊ ဂြိုဟ်များ၊ နဂါးငွေ့တန်း ဂလက်စီ အစရှိသော အရာများကိုလည်း စီစဉ်တကျ လေ့လာနိုင်သေးသည်။ ဆိုဖီယာသည် အမေရိက၏ နာဆာအဖွဲ့ နှင့် ဂျာမန်နက္ခတ္တဗေဒလေ့လာရေး စင်တာတို့ ပူးပေါင်းဆောင်ရွက်သည့် စီမံချက်လည်းဖြစ်သည်။ ဆိုဖီယာသည် နောက်ထပ် ပျံသန်းမှုများ ဆက်လက် ပြုလုပ်ကာ လ၏ အခြားသော မျက်နှာပြင် နေရာအနှံ့တွင် ရေကို ရှာဦးမည်ဖြစ်သည်။ လ အကြောင်းကိုလည်း ဆက်လက်လေ့လာနေဦးမည်ဖြစ်သည်။ လတ်တလောတွင်တော့ စန္ဒာတွင် သီတာ ရှိကြောင်းကို ဆိုဖီယာ ရှာတွေ့ခဲ့ပြီဖြစ်သည်။