ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ရှိနေချိန်အတွင်း ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်စေရန် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များအား အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲပေးခွင့် ပြုခဲ့သည်။ ယင်းသို့ ကြိုတင်မဲပေးသူများထဲမှ အချို့ကို တွေ့ဆုံမေးမြန်းထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဒေါ်ထွန်းရီ
အသက် ၆၂ နှစ်၊
သဗျာကျေးရွာ၊ လောင်းလုံးမြို့နယ်။
မဲရုံကိုသွားတာနဲ့ သူတို့(ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်)က မဲတစ်ချပ်ပေးလိုက်တယ်။ သူတို့ ကတော့ ဘယ်မှာထိုး၊ ဘယ်မှာထိုးပါလို့ ဘာမှ မပြောကြဘူး။ ကိုယ်လည်းမမေးဘူးလေ။ ကိုယ်လိုတာက ဒေါင်းလေးလိုချင်တယ်ဆိုတော့ ကိုယ်လိုချင်တဲ့ ဒေါင်းလေးဘယ်မှာရှိလဲလို့ လိုက်ရှာရတယ်။ ပထမစာရွက်မှာအပေါ်မှာ ရှိနေတာ နောက်တစ်ရွက်ကျတော့ ဒေါင်းက အရင်နေရာမှာ မရှိတော့ဘူး။ ငါကပဲမျက်လုံးမကောင်းလို့လားလို့ သေခြာရှာ ကြည့်တာ အောက်နားလေးမှာရှိနေတယ်။ သူတို့ စာရွက်တွေက တစ်ခုနဲ့ တစ်ခုလည်းမတူပါလား။ ဘယ်လိုပါလိမ့်လို့တွေးမိသေးတယ်။ ငါ(မဲ)ပေးနေတာ မှန်မှမှန်ရဲ့လား၊ မှားနေတာလားလို့ တွေး နေသေးတယ်။
မဲထိုးတဲ့အချိန်မှာ မျက်မှန်က အိမ်မှာကျန်ခဲ့တာ။ မဲထိုးခါနီးကျမှ မျက်မှန်တစ်လက်လောက် လိုချင်တယ်လို့ပြောတာကို မဲရုံထဲကတစ်ယောက် က ကျွန်တော်မျက်မှန်ယူပါလားတဲ့။ သူ့မျက်မှန် တပ်လိုက်တာနဲ့ ငါနဲ့က ကွက်တိဖြစ်နေတယ်။ အေး အဲဆိုငါ့ကို ပေးဆိုပြီး မဲထိုးလိုက်တာ။ ချောချော မောမောပဲ ပြီးသွားတယ်။
ကြိုတင်မဲထိုးတာကလည်း အခုက ကြားနေရတာက မဲတွေလိမ်တတ်တယ်လို့။ ငါတို့ထိုးထားတဲ့ မဲတွေများ (ခိုင်လုံမဲထဲ) ပါမှပါပါ့မလားလို့ စိတ်ပူနေတာ။ မဲပုံးဖွင့်မလားပေါ့။ ဖွင့်၊ မဖွင့် ကိုယ်လည်း မသိဘူးလေ။ (ခိုင်လုံမဲထဲ) ပါမယ်လို့တော့ထင်တယ်။
ဘာဖြစ်လို့ ဒီလိုကြိုတင်မဲထည့်ခိုင်းတယ်ဆိုတာတော့ မသိဘူး။ သူများက အသက် ၆၀ ကျော်ရင် ဒီလိုထည့်ရတယ်ပြောလို့ သွားထည့်လိုက်တာပဲ။ (နိုဝင်ဘာလ) ၅ ရက်နေ့နောက်ဆုံးဆိုတော့ နောက်ကျရင် မထည့်ရတော့မှာစိုးလို့ စောစောသွားထည့် လိုက်တာ။
ဒေါ်စန်းလဲ့
အသက် ၆၂ နှစ်၊
ထိန်သစ်ရပ်ကွက်၊ ထားဝယ်မြို့ ။
အရင်တုန်းကတော့ ဒီလိုကြိုတင်မဲတော့ မထည့်ရဘူး။ အသက်က ငယ်သေးတာကိုး။ အခု အသက်က ၆၀ ကျော်သွားပြီဆိုတော့ ကြိုတင်မဲပေး ရတော့တာပေါ့။
ကြိုတင်မဲပေးရာမှာ ဘာအခက်အခဲမှ မရှိဘူး။ နောက်ဆုံးရက်မှ လာပေးတာက အခြားရပ်ကွက်မှာ နေလို့ပါ။ ကြိုတင်မဲလာပေးတော့ အရင်တုန်းကလို လူမတိုးတော့ဘူး။ အေးအေးဆေးဆေးပေးရတာပေါ့။
ဒေါ်ပု
အသက် ၇၈ နှစ်၊ သရက်နှစ်ခွကျေးရွာ၊သရက်ချောင်းမြို့နယ်။
မျက်စိမမြင်တဲ့အတွက်ကြောင့် မြေးတစ်ယောက်ကို အဖော်အဖြစ်လိုက်ခွင့်ပေးပါ၊ မဲစာချပ်မှာ ကြည့်ဖို့ဟာ မထင်ရှားဘူး၊ မျက်မှန်လည်း မပါဘူးဆိုတော့ အဲတော့ ငါ့မြေးတစ်ယောက်ကို နောက်ထောက်အဖြစ်ပေးပါဆိုပြောတာကို မရဘူးတဲ့။ အိမ်ကလူ(ခင်ပွန်းကို ဆိုလိုသည်)ပဲ ရမယ်တဲ့၊ အိမ်ထက်က လူကလည်း ခရီးလွန်သွားတယ်။ အဲတော့ ကိုယ့်ဘာသာကိုယ်ပဲ ရသလိုမျိုးပဲ ပေးပစ်ရတယ်။ အဆင်ပြေသလိုမျိုး။
အဲတော့ ပထမ နှစ်ချပ်ကတော့ မျက်လုံး မကောင်းတော့လေ ဝေခွဲမရဘူး။ နံပါတ် သုံးချပ် မြှောက်မှာတော့ ဝေခွဲရတယ်။ ပထမနှစ်ချပ်က ဘာဘာဆိုလဲ မသိဘူး။ မိတ္တူစာချပ်ဆိုတော့ ပြာနေတာပေါ့။ တို့ကလည်း မျက်စိကလည်း ပြာနေတာ မဟုတ်လား။ အဲဒါနဲ့ မထင်ရှားဘူး၊ နောက်ဆုံး စာချပ်မှာတော့ ထင်ရှားတယ်။
ငါ့အနေနဲ့ကတော့ စိတ်ထဲက ထည့်ချင်တာကတော့ အောင်ဆန်းစုကြည်ပဲ ထည့်ချင်တယ်။ နောက်ပိတ်ဆုံး အချပ်မှာတော့ ကြယ်နီဟာနဲ့ မြင်တယ်။ အဲ့ဒီကြယ်နီမှာပဲ ငါ ဘလောက်နှိပ်လိုက်တယ်။
ရှေ့နှစ်ချပ်မှာတော့ အဖြူအမည်းဆို မသိဘူး။ အဲ့လို မမြင်လို့ ငါ့မြေးတစ်ယောက်ကို နောက် ထောက်ပေးပါဆို ပြောတာကို မဲရုံမှူးက မပေးဘူး။ အိမ်ထက်ကလူမှ အခွင့်အရေးရပါတယ်တဲ့။ အောက်လူအခွင့်အရေးမရဘူးတဲ့။
ငါ့စိတ်ထဲမှာတော့ ငါရှာနေတာက အောင်ဆန်းစုကြည်ကိုလေ။ ဟိုနှစ်ချပ်မှာတော့ အောင်ဆန်း စုကြည်ဆို မသိတော့ဘူး။ ဘာမှ မမြင်ရဘဲကိုး။ အရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းကလား မေ့သွားပြီ။ မပေးဖူးဘူး။ ငါက တရားစခန်းမှာ ဆယ်ရက် စခန်းသွားဝင်နေလို့ ကျန်ရစ်တယ်။