BREAKING
October 16, 2024

မြိတ်ပကဖထံ တစ်ရက်အတွင်း လေးဦး ဘက်ပြောင်းခိုလှုံဟုဆို

October 15, 2024

ပုံစာ - မြိတ် ပကဖထံ ဘက်ပြောင်းခိုလှုံလာသူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့။

စစ်ကောင်စီတပ်ဘက်မှ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ အောက်တိုဘာလ ၁၃ရက်နေ့တွင် ဘက်ပြောင်းခိုလှုံလာသူ လေးဦးရှိကြောင်း ပကဖအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်သားသုံးဦးနှင့် စစ်မှုထမ်းအတွက် အဓမ္မစုဆောင်းခံရသူတစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ပထမ တစ်ယောက်က အရင်ဆက်သွယ်ပြီး ထွက်ပြေးလာတာ။ နောက်သုံးယောက်ကတော့ ထွက်ပြေးပြီးမှ ဆက်သွယ် လာတာ။ အရင်ဆက်သွယ်လာတဲ့ တစ်ယောက်ကိုတော့ ရဲဘော်တွေက စောင့်ကြိုပြီးခေါ်လာတာ။ မြို့တွင်းကနေဆိုတော့ လက်နက်တော့ မပါကြဘူး” ဟု ၎င်းက ပြောသည်။

ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား သုံးဦးမှာ ကော့သောင်းမြို့နယ်အခြေစိုက် ခလရ ၄၃၁ တပ်ရင်းက ဖြစ်ကြောင်း မြိတ်မြို့နယ် ပကဖ ထံမှ သိရသည်။

၎င်းတို့ သုံးဦးသည် မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ တပ်ရင်းကတစ်ဆင့် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာဘက်သို့ ပို့ဆောင် တာဝန်ပေးခံရမည့်သူများဖြစ်ပြီး ခလရ ၁၀၃ တွင် ရှိနေစဉ် ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း အထက်ပါပကဖအဖွဲ့ထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တို့တွင် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နေသူတစ်ဦးနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့နေသူ နှစ်ဦးဖြစ်ကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

တပ်သားသစ် စုဆောင်းခံရသူမှာ မြိတ်မြို့ ရွှေဒူးကျေးရွာတွင်ရှိသည့် တိုက်ခိုက်ရေးနှင့် စည်းရုံးရေးသင်တန်းကျောင်း (ဒေသအခေါ် ရွှေဒူးတပ်) တွင် တပ်သားသစ် အဓမ္မစုဆောင်းခံရသူဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဘက်ပြောင်းခိုလှုံလာသူ လေးဦးကို လွတ်မြောက်နယ်မြေတွင်ထားရှိပြီး အစားအသောက်နှင့် နေရာထိုင်ခင်း ဆောင်ရွက်ပေးထားကြောင်း မြိတ်ပကဖထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက်နေ့ကလည်း မြိတ်မြို့အခြေစိုက် ခလရ ၁၀၃တပ်ရင်း၏ တုံးဗျောကြီးစခန်းမှ စစ်မှုထမ်း အပတ်စဉ် (၁) တွင် သင်တန်းတက်ထားသည့် တပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံခဲ့သည်။

အဆိုတပ်သားက MA 2 သေနတ်တစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည် ၁၈၄ တောင့်နှင့်အတူ မြိတ်ပကဖထံ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြိတ်ပကဖအနေဖြင့် ဘက်ပြောင်းခိုလှုံလာသူ အားလုံးကို ပြည်သူ့ရင်ခွင်ဆီအဖွဲ့ထံ စာရင်းတင်ပေးထားပြီး ယင်းအဖွဲ့မှ အကြောင်းပြန်ကြားလာချိန်တွင် ထောက်ပံ့ချီးမြှင့်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။