BREAKING
October 16, 2024

တရုတ်တိုက်လေယာဉ်ရာချီ ထိုင်ဝမ်ကျွန်းအနီး ပျံသန်း စစ်ရေးလေ့ကျင့်

October 15, 2024

တနင်္လာနေ့က ပြုလုပ်ခဲ့သည့် တရုတ်၏ အကြီးစားစစ်ရေးလေ့ကျင့်မှုအတွင်း စံချိန်တင်များပြားသည့် တိုက်လေယာဉ်များ ထိုင်ဝမ်ကျွန်းအနီး ပျံသန်းခဲ့ကြသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်သည်။

၂၅ နာရီကြာမြင့်သည့် တရုတ်၏ အဆိုပါ စစ်ဆင်ရေးအတွင်း တရုတ်လေယာဉ် ၁၅၃ စီးကို တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ဘေဂျင်း၏ ခြိမ်းခြောက်မှုများကြားကနေ ထိုင်ဝမ်အချုပ်အခြာအာဏာကို ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတသစ် Lai Ching-te က မိန့်ခွန်းပြောခဲ့ပြီး များမကြာမီမှာပင် တရုတ်၏ အဆိုပါ စစ်ရေးလေ့ကျင့်မှုပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရက်တာ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်တိုက်လေယာဉ်များ၊ ဒရုန်းများ၊ စစ်သင်္ဘောများနှင့် ကမ်းခြေစောင့်ရေယာဉ်များ ပါဝင်ပြီး ထိုင်ဝမ်ကျွန်းကို ဝန်းရံပိတ်ဆို့တိုက်ခိုက်မည့် စစ်ဆင်ရေးအသွင် စစ်ရေးလေ့ကျင့်ခဲ့ကြသည်။

တရုတ်၏ အဆိုပါစစ်ရေးလေ့ကျင့်မှုကို ”အဓိပ္ပါယ်မဲ့ ရန်စသည့်လုပ်ရပ်” ဟု ထိုင်ဝမ်အစိုးရက ဝေဖန်ခဲ့သည်။

စစ်ရေးလေ့ကျင့်ခဲ့သည့် တိုက်လေယာဉ်အားလုံးအနက်မှ အစီးရေ ၁၁၁ စီးသည် ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်း ဝင်ရောက်ပျံသန်းခဲ့ကြသည်ဟု သိရသည်။

သို့သော် ထိုင်ဝမ်အချုပ်အခြာအာဏာလေပိုင်နက်အတွင်းသို့မူ ဝင်ရောက်ပျံသန်းခြင်း မရှိခဲ့ချေ။

အဆိုပါ လေပိုင်နက်အတွင်းသို့ ဝင်ရောက်ပျံသန်းခဲ့ပါက တရုတ်၏ လုပ်ရပ်သည် လက်ရှိတင်းမာမှုအခြေအနေကို ကြီးကြီးမားမား ပိုဆိုးရွားသွားစေလိမ့်မည် ဖြစ်သည်။

တနင်္လာနေ့က ပြုလုပ်ခဲ့သည့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်ရန် ထိုင်ဝမ်အစိုးရက ၎င်းတို့၏ တိုက်လေယာဉ်၊ တိုက်ရေယာဉ်များကို စေလွှတ်ခဲ့ပြီး ကမ်းရိုးတန်းဒုံးကျည်စနစ်ကို အသင့်ပြင်ထားခဲ့သည်။

၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်လွတ်လပ်ရေးအင်အားစုများအတွက် ပြင်းထန်သည့် သတိပေးချက်တစ်ရပ်အဖြစ် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်ဟု တရုတ်အစိုးရက ပြောဆိုခဲ့သည်။

Ref: CNN