BREAKING
October 16, 2024

ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

October 15, 2024

ပုံစာ - လက်နက်ကြီးထိထားသည့် ကလေးငယ်တစ်ဦး။ ဓာတ်ပုံ - KNU

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ (၂၈၄) က ပစ်ခတ်သည့် လက်နက်ကြီး ကျည်စထိမှန်ပြီး ကလေးတစ်ဦးနှင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အခြေစိုက်စစ်ဗျူဟာ ခလရ ၂၈၄ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းက အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီခန့်တွင် လက်နက်ကြီးဖြင့် လူနေကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။

လက်နက်ကြီးသည် ဝက်ဆီကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀ နှစ်နှင့် ၁၃ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၆၄ နှစ်အရွယ် ဦးပန်းမြိုင်တို့ ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိသူများကို ကြာအင်းဆိပ်ကြီးဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် အသက် ၁၀ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၆၄ နှစ်အရွယ် ဦးပန်းမြိုင်တို့ သေဆုံးသွားကြောင်း ၎င်းတို့က ဆိုသည်။

ဒဏ်ရာပြင်းထန်သည့် အသက် ၁၃ နှစ်အရွယ် ကလေးကို ကြာအင်းဆိပ်ကြီးဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ကတော့ ဆုံးသွားတယ်။ ကျန်တဲ့နှစ်ယောက်ထဲမှာ ဒဏ်ရာပြင်းတဲ့ တစ်ယောက်ကို မော်လမြိုင်ပို့ထားတယ်။ လက်နက်ကြီးက ရွာထဲကို ကျသွားတာလေ။ သူတို့က ရွာထဲကိုပဲ ပစ်တာ လားတော့ မသိဘူးလေ။ ဒါပေမဲ့ ရွာထဲမှာ ကျသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က နေ့တိုင်းလိုလို ပစ်ခတ်တိုက်ခိုက်နေသည်။

ထိုသို့ တပ်စခန်းများ တိုက်ခိုက်ခံနေရခြင်းကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် လူနေကျေးရွာများဘက်ကို ပစ်ခတ်နေကြောင်းဒေသခံတို့က ဆိုသည်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာနေရာဒေသကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေကြောင်း အသုံးပြုပြီးလည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း KNU က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေရသည့်အပြင် အရပ်သားပြည်သူပိုင် နေအိမ်အဆောက်အအုံများ၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီး ဆုံးရှုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။