BREAKING
October 16, 2024

မြန်မာရွှေ့ပြောင်းကလေးတွေကို ကျောင်းအပ်လက်ခံနေတဲ့ ထိုင်းပုဂ္ဂလိကကျောင်း

October 15, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီရှိ ထိုင်းပုဂ္ဂလိကကျောင်းတွင် မြန်မာကလေးများကို ယခုလကုန်အထိ ကျောင်းအပ်လက်ခံပေးနေသည်။

ထိုင်းမွေးစာရင်းရှိသည့် မြန်မာကလေးများအပြင် မွေးစာရင်းမရှိသည့် ကလေးများကိုလည်း လက်ခံနေသည်။

ပုဂ္ဂလိကထိုင်းကျောင်းဖြစ်သည့် Tuongwit Pattana ကျောင်းနှင့် ဝပ်ဖိုဝိုင်ကျောင်း(မြန်မာကျောင်း)တို့ ယခုနှစ် ဇွန်လ ၄ ရက်နေ့မှစကာ လက်တွဲလိုက်ပြီး မြန်မာကျောင်းသားများကို လက်ခံပေးနေခြင်းဖြစ်သည်။

Tuongwit Pattanaကျောင်းက ယခုပညာသင်နှစ် ဒုတိယနှစ်ဝက်စာသင်နှစ်အတွက် ကျောင်းသားအသစ် လက်ခံခြင်းကို အောက်တိုဘာလ ၃၀ ရက်နေ့အထိ လက်ခံသွားမည်ဟု ထုတ်ပြန်ထားသည်။

စူရတ်ဌာနီခရိုင်ရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်း အများအပြားကို ထိုင်းအာဏာပိုင်ကများက ပိတ်သိမ်းခိုင်းလိုက်ပြီးနောက် မြန်မာကလေးထောင်ပေါင်းများစွာမှာ ပညာသင်ယူခွင့်ဆုံးရှုံးနေသည်။

ထိုင်းကျောင်းများတွင် မြန်မာကလေးများကို လက်ခံမည်ဖြစ်ကြောင်း ထိုင်းပညာရေးအာဏာပိုင်များက အကြိမ်ကြိမ်ထုတ်ပြန်ထားသော်လည်း ထိုင်းဘာသာစကား အခက်အခဲ အပါအဝင် အခြားအခက်အခဲများကြောင့် ထိုင်းကျောင်းများတွင် သွားရောက်အပ်နှံသူနည်းပါးနေသည်။

ယင်းအခြေအနေတွင် ထိုင်းလူမျိုးဆရာများအပြင် မြန်မာဆရာ ဆရာမများက သင်ကြားပေးနေသည့် Tuongwit Pattana ထိုင်းပုဂ္ဂလိကကျောင်းတွင် ကျောင်းသားအသစ် လက်ခံနေခြင်းဖြစ်သည်။

ထိုအခြေအနေကို အသေးစိတ်ကို သိရှိနိုင်ရန် Tuongwit Pattana ပုဂ္ဂလိကထိုင်းကျောင်း၏ မြန်မာကျောင်းသားများတာဝန်ခံ ဆရာမကို မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

DW ။ ဘယ်အတန်းတွေကို လက်ခံမှာလဲခင်ဗျား။

ဖြေ ။ ကျွန်မတို့ကျောင်းမှာက ၉ တန်းအထိရှိတာဖြစ်တဲ့အတွက် KG ကနေ ၉ တန်းအထိ လက်ခံမယ်။ အသက် ၁၅ နှစ်မကျော်တဲ့ကလေးဆိုလို့ရှိရင်တော့ ပိုအဆင်ပြေတာပေါ့။

DW ။ ပြီးခဲ့တဲ့လကတော့ ထိုင်းမွေးစာရင်းမရှိတဲ့ကလေးတွေကို နောက်ဆုံးထားပြီး လက်ခံတယ်ဆိုတော့။ အခုတော့ထပ်ပြီးတော့ လက်ခံတာက ဘာကြောင့်လဲမသိဘူးနော်ခင်ဗျား။

ဖြေ ။ ထိုင်းပညာရေးမှူးရုံးကနေပြီးတော့ ဒီ ၁၀ လပိုင်းကုန်အထိ လက်ခံပေးလို့ရတယ်။ မွေးစာရင်း ရှိရှိ မရှိရှိ အကုန်လက်ခံပေးရမယ် ၁၁ လပိုင်းဆိုရင်တော့ မရတော့ဘူးလို့ ပြောတဲ့အတွက် ကျွန်မတို့ လက်ခံဖြစ်သွားတာ။

DW ။ ဆိုတော့ အခုဆိုရင် ပညာသင်နှစ် နှစ်လယ်ရောက်နေပြီပေါ့နော်ခင်ဗျား။ ဒီ ၁၀လပိုင်းထဲမှာ လာအပ်မယ်ဆိုရင် စာမေးပွဲကြီးဖြေတဲ့အချိန်ဆိုရင် ဒီတစ်နှစ်အတွက် အတန်းတစ်တန်း တက်ရမယ့် အနေအထားရှိလားခင်ဗျား။

ဖြေ ။ ရှိတယ်ရှင့်။ ဘာလို့လဲဆိုတော့ အခုဟာက ကျွန်မတို့ ငယ်ငယ်တုန်းကလေသံနဲ့ပြောရင် ပထမအစမ်းရယ် ဒုတိယအစမ်းရယ် ရှိတယ်လေနော်။ ဒီဘက် အင်တာနေရှင်နယ်စကားနဲ့ပြောရင် ပထမနှစ်ဝက် (First Sem)နဲ့ ဒုတိယနှစ်ဝက်ပေါ့။ အခုက ကျွန်မတို့ကျောင်းမှာ လက်ရှိစာမေးပွဲဖြေနေတာက ပထမနှစ်ဝက်ကို ဖြေနေတာ။ အဲတော့ ၁၀ လပိုင်းကုန်ပြီးတော့ ၁၁ လပိုင်းမှာ ပြန်စမယ့်ဟာက ဒုတိယနှစ်ဝက်ဖြစ်တယ်။ အဲတော့ ၁၀ လပိုင်းကုန်အထိ လက်ခံမယ်ဆိုတာက ဒုတိယနှစ်ဝက်ပြန်စတဲ့အချိန်မှာ တပြေးညီပြန်သင်မှာလေ အကုန်လုံးကို။

DW ။ အတန်းတင်စာမေးပွဲလို့ပြောလို့ရတဲ့ စာမေးပွဲကြီးက ဘယ်လမှာဖြေဖို့ရှိလဲခင်ဗျား။

ဖြေ ။ မတ်လမှာ ဖြေမယ်ရှင့်။

DW ။ ဒါက တစ်ပိုင်းပေါ့လေခင်ဗျား။ ကျောင်းမှာလာအပ်တယ်ဆိုရင် ထိုင်းမွေးစာရင်းမရှိလည်း ရတယ်ဆိုတဲ့ ကလေးတွေက အခြားဘယ်လိုအချက်တွေ လိုအပ်မလဲခင်ဗျား။

ဖြေ ။ ကျွန်မတို့က ဒီနိုင်ငံရဲ့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်တဲ့အတွက် ရွှေ့ပြောင်းလုပ်သားတိုင်းမှာ ဒီနိုင်ငံမှာနေဖို့အတွက်ကို သူဌေးရှိရတယ်။ သူဌေးရှိရတာဖြစ်တဲ့အတွက် သူဌေးရဲ့ အိမ်ထောင်စုစာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူလိုတယ်ရှင်။ ဘာကြောင့်လိုတာလဲဆိုတော့ ကျွန်မတို့က တရားမဝင်သေးတဲ့ကလေးတွေကို တရားဝင်နံပါတ် ၁၃ လုံး(G-)ရအောင် လျှောက်တဲ့အခါမှာ မြို့နယ်ရုံးဖြစ်တဲ့ အယ်ဖေရုံး (လဝက)မှာ အဲဒီဟာတွေ တောင်းတယ်ရှင့်။

အဲဒီဟာတွေ တောင်းပြီးတော့ ဘာရလာမလဲဆိုတော့ ကလေးတွေရဲ့ ကိုယ်ပိုင်နံပါတ် ၁၃ လုံးရမယ်ရှင့်။ အဲလိုဖြစ်တဲ့အတွက် ဒုတိယနှစ်ဝက်မှာ ပထမနှစ်ဝက်တုန်းကလိုပဲ ထိုင်းအစိုးရကို ထောက်ပံ့ကြေးလျှောက်မယ်။ ဒီကလေးတွေက G-၁၃ လုံးနံပါတ်ရရင် ထိုင်းနိုင်ငံမှာ ထိုင်းမွေးစာရင်းမရှိဘဲနဲ့ အစိုးရထောက်ပံ့ကြေးရမယ်။ အဲဒါက ခိုင်လုံတဲ့သက်သေတစ်ခုဖြစ်မယ်။ ထိုင်းမွေးစာရင်းမရှိတဲ့ ကလေးတွေက G-၁၃ လုံးနံပါတ်ရတာနဲ့ အစိုးရကထောက်ပံ့မှာဆိုတော့ ဒီကလေးတွေက တရားဝင်သွားပြီလေ။

ကလေးတွေရဲ့ မိဘက အထောက်အထားပြည့်စုံရမယ်။ အဲဒီမိဘရဲ့သူဌေးပေါ့။ သူဌေးရဲ့ အိမ်ထောင်စုစာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူပေးရမယ်။ ကျွန်မတို့က တရားဝင်ကျောင်းဖြစ်တဲ့အတွက် တရားမဝင်တဲ့ဟာကို လက်ခံလို့မရဘူး။

အောက်တိုဘာလ ၁၂ ရက်နေ့တုန်းက ကျွန်မတို့ကျောင်းသား ၄ ဦးကို တောမော(လဝကရဲ)က (နေအိမ်တွေမှာ) ဝင်ဖမ်းတယ်။ဝင်ဖမ်းတော့ ကျောင်းကပြန်လိုက်ထုတ်တယ်။ အဲဒီအပေါ်မှာ မိဘတွေကို ဘာမက်ဆေ့ပေးချင်လဲဆိုတော့ ဒီ(ကျောင်းက)ကျောင်းသား ဆိုလို့ရှိရင် ကျောင်းက အကုန်တာဝန်ယူတယ်။ဖမ်းလို့မရဘူး။စူရတ်ဌာနီမှာရှိတဲ့ ပညာရေးမှူးက အခုခေါ်တွေ့တာ။ ဒီကလေးတွေကို ဒီလိုဖမ်းလို့မရဘူးဆိုတာကို ပြောတာ။သူတို့က တရားဝင်ကျောင်းမှာတက်နေတဲ့ ကလေးတွေဖြစ်တဲ့အတွက် အဲလိုဖမ်းလို့မရဘူးဆိုတာ။တစ်ကယ်လို့ ဖမ်းတယ်ဆီးတယ်ဆိုရင် လက်ထောက်ပညာရေးမှူးကိုယ်တိုင်က သူလိုက်ရှင်းမယ်လို့ပြောတာ။

DW ။ ဆိုတော့ ကလေးမိဘနှစ်ပါးမှာ တစ်ယောက် ယောက်က အထောက်အထားမရှိဘူးဆိုရင်ရော လက်ခံလားခင်ဗျား။

ဖြေ ။ အဲဒါကတော့ ကျွန်မတို့က မြန်မာ့နည်း မြန်မာ့ဟန်သုံးပြီးတော့ လုပ်ရမှာပေါ့။

DW ။ ထိုင်းမွေးစာရင်းရှိတဲ့ကလေးတွေ ကျောင်းအပ်ရင်ရော ဘယ်အချက်တွေ လိုအပ်လဲခင်ဗျား။

ဖြေ ။ ထိုင်းမွေးစာရင်းရှိတဲ့ ကျောင်းသားတွေဆိုလို့ရှိရင် အပ်လိုက်လေ။ ရသွားပြီ ဘာမှမဖြစ်တော့ဘူး။ အခုဒုတိယနှစ်ဝက်ထောက်ပံ့ကြေးတောင်းရင် သူ့အတွက်ပါ တောင်းလိုက်ရုံပဲ။ မွေးစာရင်းရှိတယ်ဆိုလို့ရှိရင် မိဘတစ်ဦးဦးရဲ့ အထောက်အထားပါရင်ရပြီ။(သူဌေး၏ အထောက်အထားမိတ္တူများမလိုအပ်)

DW ။ ကျောင်းလာအပ်မယ်ဆိုရင် ကုန်ကျစရိတ်က ဘယ်လောက်ရှိနိုင်မလဲခင်ဗျား။

ဖြေ ။ ကျွန်မတို့ အခုနှစ်ဝက်ဖြစ်တဲ့အတွက် ဒုတိယနှစ်ဝက်ပေါ့နော်။ ကျောင်းဝင်ကြေး ဘတ် ၅၀၀ ကောက်တယ်ရှင့်။ အခန်းတိုင်းက အဲယားကွန်းအပြည့်နဲ့ စာသင်ခန်းတွေဖြစ်တယ်။ ဒီသီတင်းကျွတ် ကျောင်းပိတ်ရက်မှာ တပ်မှာပေါ့နော်။ ဒုတိယနှစ်ဝက်စာအတွက် အဲယားကွန်းအတွက် မီတာခက ကလေးတစ်ယောက်ကို (ဒုတိယနှစ်ဝက်တစ်ခုလုံးအတွက်) ဘတ် ၁၀၀၀ကောက်တယ်။အဲဒီ(ကျောင်းဝင်ကြေး) ဘတ် ၅၀၀ မှာ ဘာတွေပါလဲဆိုလို့ရှိရင် ဒီကလေးရဲ့ စာအုပ်တွေ၊ ခဲတံတွေ၊ဘောပင်တွေ၊ ရေးတဲ့စာအုပ် အဲဒါတွေကို ကျောင်းက အလကားပေးတာ။

ကျွန်မတို့ရဲ့ ကျောင်းလခက ဘတ် ၈၅၀ ရှိတယ်။ ဘာကြောင့် ဘတ် ၈၅၀ ဖြစ်ရလဲဆိုတဲ့ဟာမှာ ကျွန်မတို့က ထိုင်းကျောင်းကို ပိုက်ဆံပြန်သွင်းရတယ်။ ကလေးတစ်ဦးကို ဘတ် ၃၅၀ နှုန်းသွင်းရတယ်။ အဲဒါမှလည်း ကျွန်မတို့ကို သူတို့လက်ခံမှာလေ။ ကျောင်းကို ဘတ် ၃၅၀ သွင်းရတယ်ဆိုတာက ထိုင်းအစိုးရကျောင်းဆိုရင် သွင်းစရာမလိုဘူးရှင့်။ ကျွန်မတို့ရဲ့ Tuongwit Pattana ကျောင်းက ပုဂ္ဂလိကကျောင်းဖြစ်လို့ ပိုက်ဆံသွင်းရတာ။

ကျန်တဲ့ပိုက်ဆံ ဘတ် ၅၀၀ ကမှ ကျောင်းဆရာ ဆရာမတွေရဲ့ လခ ဖြစ်တယ်။ ကျောင်းစစအပ်ချင်း ကလေးတစ်ယောက်က ကျောင်းဝင်ကြေး ၅၀၀ ရယ်၊ ကျောင်းလခ ၈၅၀ ရယ်၊ (အဲယားကွန်းအတွက် မီတာခ) ၁၀၀၀ ရယ်အဲဒါပဲ။နောက်လတွေဆိုရင် ဘတ် ၈၅၀ ပဲ ပုံမှန်ပေးသွား။ပကန် (ကျန်းမာရေးအာမခံ)ကတော့ ဝယ်ချင်လည်းရတယ်။ မဝယ်ချင်လည်း ရတယ်။

(ကျောင်းဝင်ကြေး ဘတ် ၅၀၀ နှင့် မီတာခ ဘတ် ၁၀၀၀ က တစ်ကြိမ်သာသွင်းရန်လိုအပ်ပြီး ကျောင်းလခ ၈၅၀ ဘတ်က လတိုင်းပေးရမည်)

DW ။ ဆိုတော့ ဒါကတစ်ပိုင်းပေါ့လေ။လက်ရှိဆိုရင် ကျောင်းမှာ မြန်မာကျောင်းသား အရေအတွက် ဘယ်လောက်ရှိလဲမသိဘူးနော်ခင်ဗျား။

ဖြေ ။ ကျောင်းသား ၂၅၀ ရှိတယ်။ KG ကနေပြီးတော့ ၉ တန်းအထိ ရှိတယ်။ မြန်မာသင်ရိုးကိုမှ ထိုင်းစာကို ထပ်ပေါင်းတာ။ မြန်မာသင်ရိုးထဲက မြန်မာစာကို အဓိကထားပြီးတော့သင်တယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊သင်္ချာ၊သိပ္ပံ၊ထိုင်းဘာသာစကား ကို တပြေးညီသွားတယ်။ ထိုင်းစာဆို ထိုင်းဆရာမက တစ်ခါတည်းစစ်တယ်။ကျွန်မတို့က ဘယ်မှာသွားလျော့လဲဆိုတော့ ပထဝီ၊ သမိုင်းကို ၅၀ ဖိုးပဲမေးတဲ့အခါကျရင် ပထဝီ၊သမိုင်းကို အမှတ်က အစိတ်ဖိုး(၂၅မှတ်)ပဲ ပေးတယ်။သူများတွေ(အခြားဘာသာတွေ) တစ်ရာဖိုးမေးရင် ပထဝီ၊သမိုင်းကို အစိတ်ဖိုးပဲဖြေရတယ်။

DW ။ အခုလိုဖြေပေးတဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျား။