BREAKING
October 16, 2024

ထားဝယ်တွင် သပိတ်မျှောပွဲကျင်းပမည့်နေရာအနီး နှစ်ရက်ဆက် ဒရုန်းဗုံးချတိုက်ခိုက်ခံရ

October 15, 2024

ဓာတ်ပုံ - ထားဝယ်လူမျိုး page

ထားဝယ်မြို့ ကမ်းနားလမ်း သဲကွင်းပန်းခြံရှိ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ကျင်းပမည့်နေရာနှင့် ကမ်းနားဈေးကြား နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရကြောင်း မြို့ခံများက ပြောသည်။

အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက် ၈နာရီတွင် တစ်ကြိမ် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဒီနေ့ ပထမ ပေါက်ကွဲသံကြားပြီး ဒရုန်းနှစ်စင်းပျံနေတာတွေ့တယ်။ ပထမပေါက်ကွဲသံကြားပြီး မိနစ်ပိုင်းမှာပဲ နောက်ထပ်ပေါက်ကွဲသံတစ်ချက် ထပ်ပြီးကြားရတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်က ပွဲတော်ကျင်းပမည့် ကွင်းနီးပေါက်ကွဲမှုဖြစ်ပြီးနောက် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁)တပ်ရင်း T1 ၏ လက်ရုံးတပ်ဖွဲ့ဖြစ်သည့် Sky Ghost Drone Force က မြို့တွင်းမစ်ရှင်ကို ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ကောင်စီက ကျင်းပသည့် ပွဲသဘင်များကို မသွားလာကြရန်လည်း တောင်းဆိုထားသည်။

အဆိုပါတိုက်ခိုက်မှုကို ရှရားမှရရှိထားသည့်လေကြောင်းနည်းပညာကို အသုံးပြု၍ ရဲဘော်ဗျောက်အိုးက တာဝန်ယူဆောင်ရွက်ခဲ့ရာ ပြည်သူများထိခိုက်မှုမရှိဘဲ ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် ယမန်‌နေ့ တိုက်ခိုက်မှုတွင် လောင်းလုံးမြို့နယ်ဘက်မှ ဈေးရောင်းပြီးပြန်လာသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နောက်တစ်ဦးတွင် မစိုးရိမ်ရဒဏ်ရာရရှိကာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း နီးစပ်သူများ ပြောဆိုသည်။

“အမျိုးသမီးနှစ်ယောက်ဆိုင်ကယ်နဲ့ ဈေးရောင်းပြီးအပြန်မှာ မနေ့ကထိသွားတာ၊ အမျိုးသမီးတစ်ယောက် ညာဘက် ခြေထောက် ပေါက်ပြဲဒဏ်ရာရယ်၊ ဆီးစပ်ဒဏ်ရာနဲ့ ဒီနေ့ ခွဲခန်းဝင်ရမယ်။ နောက်တစ်ယောက်က ဘယ်ဘက်ခြေဖမိုး အရိုးဒဏ်ရာရထားတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ယနေ့ နံနက် သပိတ်မျှော်ပွဲကျင်းပမည့် သဲကွင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး မည်သူတို့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။

ယနေ့ နံနက် ၈ နာရီမှ ၁၁ နာရီအထိ ထားဝယ်မြို့ပေါ်နှင့် အနီးဝန်းကျင်တွင်လည်း ပေါက်ကွဲ၊ ပစ်ခတ်သံများ ကြားနေရကြောင်း မြို့ခံများက ပြောဆိုကြသည်။ အဆိုပါ ပေါက်ကွဲ၊ ပစ်ခတ်သံများနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

ယမန်နှစ်ကလည်း သပိတ်မျှော်ပွဲကျင်းပရန်စီစဉ်ထားသည့် ထားဝယ်မြို့ ကမ်းနားလမ်း သဲကွင်းအနီး မိုင်းပေါက်ကွဲခဲ့ဖူးသည်။