BREAKING
October 16, 2024

ထားဝယ် ဆီဘောမီးလောင်မှု သေဆုံးသူရှစ်ဦး၊ ဒဏ်ရာရသူသုံးဦးအထိရှိလာ

October 15, 2024

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ဆီဘော မီးလောင်ပေါက်ကွဲမှုတွင် ယနေ့ အောက်တိုဘာလ ၁၅ရက် နံနက် နောက်ဆုံးအတည်ပြုချက်အရ သေဆုံးသူ ရှစ်ဦးအထိရှိလားပြီး ဒဏ်ရာရသူလည်း သုံးဦးရှိကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ပြောသည်။

အောက်တိုဘာလ ၁၄ ရက် ညနေ ၄ နာရီက စလောင်သည့်မီးသည် အောက်တိုဘာလ ၁၅ ရက် ယနေ့နံက် ၈ နာရီကျော်မှသာ မီးငြိမ်းသွားပြီး ၁၆နာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

သေဆုံးသူရှစ်ဦးတွင် အမျိုးသားခုနစ်ဦး၊ အမျိုးသမီးတစ်ဦးပါဝင်ပြီး ပျောက်ဆုံးနေသူလည်း လေးဦးရှိနေကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၁၀နာရီခွဲကျော်တွင် ထုတ်ပြန်ထားသည်။

“ညက (ရုပ်အလောင်း) ခြောက်လောင်း ထုတ်နိုင်တယ်။ မီးကပြင်းတော့ ကျန်နေတဲ့နှစ်လောင်းကို အခုမနက်မှ ပြန်ထုတ်နိုင်တယ်။ DB (ရုပ်အလောင်း)တွေကတော့ အကုန်မီးကျွမ်းနေပြီ” ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ပါဝင်သူတစ်ဦးက ပြောဆိုသည်။

ဒဏ်ရာရရှိသူလည်း သုံးဦးရှိပြီး တစ်ဦးမှာ အခြေအနေကောင်းမွန်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများက ဆိုသည်။

“ညကသက်သာလာတဲ့သူက ရေမွန်းတာပေါ့နော်။ သူကတော့ အခြေအနေကောင်းနေပြီး နောက်နှစ်ယောက် အခြေအနေ ကိုတော့ မသိရသေးဘူး” ဟု အထက်ပါကူညီကယ်ဆယ်‌ရေးဆောင်ရွက်သူက ပြောသည်။

အဆိုပါမီးလောင်ပေါက်ကွဲမှုတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို လက်ရှိ ထားဝယ်ဆေးရုံ ရင်ခွဲရုံတွင်ထားရှိပြီး ဒဏ်ရာရသူများမှာလည်း ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မီးလောင်ပေါက်ကွဲသည့်အကြောင်းအရင်းကို မြို့ခံများက ဒရုန်းဖြင့် ဗုံးချခြင်းကြောင့်၊ ဂစ်အိုးပေါက်ကွဲခြင်း‌ကြောင့်၊ လက်နက်ကြီး ကျခြင်းကြောင့် စသဖြင့် ပြောဆိုနေကြပြီး Dawei အနေဖြင့်မူ အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။

အဆိုပါဆီဘောသည် ထားဝယ်ခရိုင်အတွင်း စက်သုံးဆီများကို အဓိက ဖြန့်ဖြူးပေးနေသည့် လုပ်ငန်းဖြစ်သည်။