BREAKING
January 14, 2025

ရေဖြူ ဝက်ချောင်းရွာအနီး အမျိုးသမီးငယ်အလောင်းတွေ့

October 15, 2023

ရေဖြူမြို့နယ် ဝက်ချောင်းရွာတံတားအနီးတွင် အောက်တိုဘာလ ၁၄ ရက် ညနေ ၅ နာရီဝန်းကျင်က အမျိုးသမီးငယ် တစ်ဦးကို သွေးအိုင်ထဲတွင် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးနေသူမှာ ခမောင်းချောင်းရွာသူ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ မစန္ဒာခိုင်ဆိုသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

စက်တင်ဘာလ ၂၂ ရက်က ခမောင်းချောင်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်ချိန်တွင် မစန္ဒာခိုင် အပါအဝင် ဒေသခံရှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် ခြောက်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး မစန္ဒာခိုင်နှင့် ကိုသားဂန်း ဆိုသူတို့နှစ်ဦးကို စစ်ကောင်စီတပ်က ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။

၎င်းတို့နှစ်ဦးကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်ပြီး ကျေးရွာအချို့တွင် နေအိမ်များကို လိုက်ပြခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

ယင်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ၂၂ ရက်အကြာ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်း တွေ့ရှိသည့်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ခြင်းလည်းမရှိကြောင်း ဒေသခံအချို့က ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က သတ်ဖြတ်ခြင်းလော၊ ဖမ်းဆီးခံနေရရာမှ လွတ်မြောက်လာပြီးနောက်တွင် သတ်ဖြတ် ခံရခြင်းလော ဆိုသည်ကိုမူ တိတိကျကျ မသိကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဘယ်သူတွေ သတ်တာလဲဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

အောက်တိုဘာလ ၁၄ရက် ညနေပိုင်းက အလောင်းတွေ့သည့်နေရာအနီးက သေနတ်ပစ်ခတ်သံ သုံးချက် ကြားရပြီး အလောင်းနံဘေးတွင် ကျည်ခွံအချို့ တွေ့ရကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

သေဆုံးသူအမျိုးသမီးငယ်၏ ရုပ်အလောင်းမှာ ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းအထိ သင်္ဂြိုဟ်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။