BREAKING
September 19, 2024

တနင်္သာရီလမ်းပိုင်းကို ညပိုင်းဖြတ်သန်းမသွားကြရန် ပကဖ သတိပေးထုတ်ပြန်

September 15, 2024

ပုံစာ - ပြည်ထောင်စုလမ်းမတွင် စစ်ဆေးမှုပြုလုပ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - ဏကြီး FB

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု ကျောက်ဖြူတောင်လမ်းဆုံမှစပြီး တနင်္သာရီမြို့နယ် လမ်းမကြီးတစ်လျှောက်ကို ညဘက်ဖြတ်သန်းသွားလာခြင်း မပြုရန် မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ခရီးသည်ကားများ၊ ကုန်ကားများ၊ အိမ်စီးကားများအပါအဝင် မည်သည့်ယာဉ်မဆို ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း အဆိုပါလမ်းပိုင်းမှ ဖြတ်သန်းသွားလာခြင်း မပြုကြရန် စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလမ်းပိုင်းရှိ ကြေးနန်းတိုင်ရွာမှ တုန်း‌ဗျောကျေးရွာအထိကို စစ်ကောင်စီတပ်က အင်အားတိုးချထားပြီး လမ်းပိုင်းစစ်ဆေးမှုလည်း တင်းကြပ်ထားကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဏကြီးကပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်သားများသည် ကုန်ကား၊ အအေးခန်းကားများတွင် အရပ်သားအယောင်ဆောင်ပြီး လိုက်ပါလေ့ရှိကြောင်းလည်း ၎င်းကပြောဆိုသည်။

“ညအချိန်မှာလည်း(စစ်ကောင်စီတပ်သားတွေ) ကားမီးတွေပိတ်ပြီး တက်လာတာတွေရှိတယ်။ ဒါကြောင့်ပြည်သူတွေကို သတိပေးတာဖြစ်ပါတယ်” ဟု၎င်းက ဆိုသည်။

ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နေ့ဘက်တွင်သွားလာပါက ကားမှန်များချထားပေးရန်၊ ကုန်တင်ကားများ တာလပတ်များ ဖွင့်ထားပေးရန်လည်း သတိပေးထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည့်အတိုင်းလိုက်နာဆောင်ရွက်ပါက ခရီးသွားပြည်သူများအန္တရာယ်ကင်းနိုင်ကြောင်း ဏကြီးကပြောဆိုသည်။

“ထုတ်ပြန်ချက်မှာပါတဲ့အချက်တွေကို ပြည်သူတွေအနေနဲ့ ထိထိရောက်ရောက် လိုက်နာပေးပါလို့ ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။

လိုက်နာခြင်းမရှိပါက မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် လုံးဝတာဝန်ယူမည်မဟုတ်ဘဲ ဖြတ်သန်းသွားလာသူ၏တာဝန်သာဖြစ်ကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်။