BREAKING
September 19, 2024

လောင်းလုံး၊ ဇလွတ်ရွာ ဒေသခံများ နေရပ်မပြန်နိုင်သေးချိန် စစ်ကောင်စီက အိမ်ဖောက်ပစ္စည်းယူ

September 15, 2024

ပုံစာ - စစ်ကောင်စီတပ်ကပစ်သည့်လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် ဇလွတ်ရွာကနေအိမ်တစ်ဆောင်။

စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် လောင်းလုံးမြို့နယ်၊ ဇလွတ်ရွာ ဒေသခံများ နေရပ်မပြန်နိုင်သေးချိန်တွင် စစ်ကောင်စီတပ်က နေအိမ်များကို ဖောက်ဖျက် ဝင်ရောက်ရှာဖွေပြီး ပစ္စည်းများ ယူဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှစပြီး ဇလွတ်ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းကြောင့် ဒေသခံများ သုံးရက် ဆက်တိုက်အိမ် မပြန်နိုင်ကြသေးပဲဖြစ်နေကြောင်း ၎င်းတို့ကပြောသည်။

“လူမရှိတဲ့ ဆိုင်တွေ အိမ်တွေကို တံခါးတွေဖျက်ပြီး စားရိက္ခာတွေယူတယ်။ ခုလောလောဆယ်တော့ ဆိုင်ကယ် ၃ စင်း၊ ထော်လာဂျီတစ်စင်း သူတို့ယူထားတယ်”ဟု ဒေသခံတစ်ဦးက ၎င်းရရှိထားသည့် သတင်းအချက်အလက်ကို ပြန်လည်ပြောဆိုသည်။

စက်တင်ဘာ ၉ ရက်နေ့တွင် ကျောက်နီမော်ကျေးရွာပျူစောထီး(ခေါ်) ပြည်သူစစ် စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့သည်။

ထို့နောက် ဩဂုတ်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ‌ရေကြောင်းဖြင့် ကျောက်နီမော်ရွာသို့ အင်းအားဖြည့် ရောက်လာခဲ့ကြောင်း ဒေသခံများကပြောသည်။

ထိုစစ်ကြောင်းသည် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ‌ပိုင်းတွင် ကျောက်နီမော် ရွာမှ ဇလွတ်ရွာသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ဒေသခံများ နေအိမ်စွန်ခွာ ထွက်ပြေးနေကြရခြင်းဖြစ်သည်။

“ကျွန်မတို့ ထွက်ပြေး နေရတယ် အိမ်မပြန်ရသေးဘူး အိမ်တွေ ဖြိုဖျက်သံတွေလည်း ကြားနေရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက စက်တင်ဘာ ၁၄ ရက်နေ့တွင် Dawei Watch သို့ပြောသည်။

ကျောက်နီမော်ရွာတွင် အင်းအားဖြည့်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မည်သည့်အချိန်မဆို ရွာအနီးအနားကို စစ်ကြောင်းထိုးနိင်သည့် အတွက်ကြောင့် ကျောက်ဝပ်ပြင်၊အောက်ကျောက်ဝပ်၊ဇလွတ်၊ဇလွတ်ပြင်ကြီး ရွာများမှ ဒေသခံများ စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး နေရပ်စွန့်ခွာထွက်ပြေး နေကြရကြေင်း ဒေသခံများကပြောသည်။